ပြီးခဲ့တဲ့ ဇူလိုင်လလ ၇ ရက်နေ့က ထောက်ကြံ့နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် ကိုယ်ရကိုယ်ယူ စနစ်ကျင့်သုံးနေတဲ့ YBS ၅၅ ယာဉ်လိုင်းကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA က မနေ့က ဖျက်သိမ်းလိုက်ပြီး YBS ယာဉ်လိုင်းအားလုံးကို အများပိုင် ကုမ္ပဏီစနစ် ပြောင်းလဲကျင့်သုံးမယ်လို့ သိရပါတယ်။
အဲဒီ ယာဉ်လိုင်းနေရာမှာ YBS ၉၀ နဲ့ ၉၁ ယာဉ်လိုင်းတွေကို အစားထိုး ပြေးဆွဲသွားမယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။
"လိုင်းကို ဖျက်သိမ်းလိုက်တာ။ မရှိတော့ဘူး။ ပိတ်သိမ်းလိုက်ပြီ အဲဒီလိုင်းကို နော်။ မြောက်ပိုင်းမှာရှိတဲ့ တိုက်ကြီးတို့ သုံးဆယ်တို့ အဲဒီလူတွေ အတွက် အဆင်ပြေအောင်ဆိုပြီးတော့ မြောက်ပိုင်းတိုက်ကြီးသား က သူတို့ မှတ်ပုံတင်ထားတဲ့ကားရှိတယ်။ ၇၂ စီးပဲ ကျနော်တို့က အဲဒီကနေ ထောက်ကြံ့အထိပဲ ပြေး ခွင့်ပြုထားတယ်။ ကားငယ်လိုင်းမှာ တစ်ခုရှိသေးတယ် မီနီဘတ်စ်ပေါ့။ အဲဒါကတော့ ဝါယာလက် ကနေ ပြန်ကွေ့ပြီးတော့ အမှတ် ၃ လမ်းကနေ ပြန်ထွက်တဲ့လမ်း။ အဲဒီလမ်းက နဂိုအတိုင်းပဲ ရှိတယ်။ ၅၅ မဟုတ်တော့ဘဲနဲ့ ကျနော်တို့က ကားကြီးတွေက ၉၀ လိုင်းဖြစ်တယ်။ ဟိုဟာကတော့ ၉၁ လိုင်း အဖြစ် ပြောင်းလိုက်မှာ"
YBS ၅၅ ယာဉ်လိုင်းဟာ ဥက္ကံကနေ သခင်မြပန်းခြံအထိ ပြေးဆွဲခဲ့တာဖြစ်ပေမယ့် အစားထိုးလိုက်တဲ့ ၉၀ ယာဉ်လိုင်းကတော့ ထောက်ကြံ့ အထိသာ ပြေးဆွဲခွင့်ရမှာဖြစ်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA အစည်း အဝေးမှာ စနစ်ပြောင်းဖို့ စီစဉ်တာကို မလိုက်နာသူတွေ YBS ယာဉ်လိုင်းတွေကနေ ထုတ်ပယ်ခံရမှာ ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းလဲကျင့်သုံးမယ့်ရက်ကို ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
YBS ၅၅ ယာဉ်လိုင်းမှာ ပါဝင်ခဲ့တဲ့ တစ်ဦးချင်း ပိုင်ဆိုင်ပြီး ကိုယ်ရကိုယ်ယူစနစ်နဲ့ ပြေးဆွဲခဲ့တဲ့ ယာဉ်တွေကိုတော့ အစားထိုးထားတဲ့ ယာဉ်လိုင်းတွေ မှာ ပြန်လည် ပြေးဆွဲခွင့် ပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။ YBS ၅၅ ယာဉ်လိုင်းမှာ အရင်က တစ်ဦးချင်းပိုင်ဆိုင်တဲ့ ယာဉ်တွေရှိသလို အများပိုင် ကုမ္ပဏီအောက် မှာရှိတဲ့ ယာဉ်တွေလည်း ရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့နယ်မြေ၊ ရွှေညောင်ပင်ဟောင်းမှတ်တိုင် နားမှာ YBS ၅၅ ယာဉ်လိုင်းက ယာဉ်နှစ်စီး ပြိုင်မောင်းလာ ရာကနေ တစ်စီးက လမ်းပြောင်းပြန် ဝင်သွားပြီး တဖက် ယာဉ်ကြောမှာရှိတဲ့ ၃၇ ယာဉ်လိုင်းက ယာဉ်ကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အချိုးကျ ခွဲဝေယူတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးရင် ဘတ်စ်ကားတွေမှာ ယာဉ်နောက်လိုက်တွေပါမှာ မဟုတ်တဲ့ အပြင် ယာဉ်မောင်းတွေကိုလည်း လစာ အနေနဲ့သာ ပေးမှာဖြစ်တဲ့အတွက် ကားအပြိုင် အဆိုင် မောင်းတာတွေ မရှိနိုင်တော့ဘူးလို့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT ရဲ့ ဒုတိယ ဥက္ကဌ (၂) ဖြစ်တဲ့ ဦးကိုကိုနိုင် ကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ မထသ ယာဉ်လိုင်းတွေကို ဖျက်သိမ်းပြီး YBS စနစ်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။
YBS စနစ် စတင်ချိန်ကတည်းက ယာဉ်လိုင်းတစ်ခုချင်းစီရဲ့ ဝင်ငွေကို အဲဒီယာဉ်လိုင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်တွေ အချိုးကျ ခွဲဝေယူတဲ့စနစ်ကို ကျင့်သုံးဖို့ စီစဉ် ခဲ့ပေမယ့် ယာဉ်လုပ်သားတွေနဲ့ ယာဉ်ပိုင်ရှင် တွေက ပူးပေါင်းပါဝင်မှုမရှိတဲ့အတွက် ယာဉ်လိုင်းအများစုမှာ ကိုယ်ရကိုယ်ယူစနစ်ကို ပြန်လည် ကျင့်သုံးခဲ့တာဖြစ် ပါတယ်။
