ရန်ကုန်-ပြည်လမ်းမပေါ်ပြေးဆွဲနေတဲ့ YBS ၅၅ နဲ့ YBS ၃၇ နှစ်စီး ဒီနေ့ နေလည် ၁ နာရီခွဲခန့်က ရွှေညောင် ပင်ဟောင်းမှတ်တိုင်အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားတာကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုး သမီး ၂ ဦး သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ အမှုဖွင့်နိုင်ရေးအတွက် စိစစ်နေတယ်လို့ ထောက်ကြံ့ ရဲစခန်းက တာဝန်ကျရဲမှူး ဒုရဲအုပ်မျိုးကိုကို ကပြောပါတယ်။
"ယာဉ်ထိန်းက အမှုတော့လာ မဖွင့်သေးဘူး။ ဖွင့်တော့ဖွင့်ရမှာ ဒါပေမဲ့ သူတို့သေသေချာချာ အကျိုး အကြောင်းကို လိုက်ပြီးတော့ ဘယ်ယာဉ်က လားရာဘယ်လို ဘယ်သွားတယ် ညာသွားတယ်ပေါ့ဗျာ။ အမှုဖွင့်ဖို့ဆိုတာ အဲဒီအချက်အလက်တွေ လိုသေးလို့ အဲဒီအချက်အလက်တွေ လိုက်စုနေတုန်းပဲ ရှိသေးတယ်။ လောလောဆယ် ရဲစခန်းကို အမှုလာရောက်ဖွင့်လှစ်ခြင်း မရှိသေးဘူးခင်ဗျ။"
ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ကားနှစ်စီးလုံးပျက်စီးသွားပြီး YBS ၅၅ ယာဉ်အောက်မှာ လူနှစ်ဦးပိနေတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ရတယ်လို့ ဒုရဲအုပ်မျိုးကိုကို ကပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို လှည်းကူး၊ မြောက်ဥက္ကလာနဲ့ အင်းစိန်ဆေးရုံတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။