စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ပညာရေးဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးက ဝန်ထမ်းပေါင်း ၁၀၀ ကျော်တို့ဟာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး ဖေဖော်ဝါရီ ၉ ရက်အထိ သုံးရက်အတွင်း အလုပ်ကနေ နုတ်ထွက်ကြတယ်လို့ ပညာရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
အာဏာဖီဆန်ရေး CDM လုပ်ထားသူတွေ မဟုတ်ကြဘဲ နုတ်ထွက်ကြောင်းစာတင်ပြီးမှ အလုပ်ကနေ ထွက်ကုန်ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
“ဒီနယ်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့က စိုးမိုးနေပြီ၊ ရေဦးကာကွယ်ရေးတပ်ဖွဲ့က စာမထုတ်ပေမယ့် အခုလ ၁၅ ရက်နောက်ဆုံးထားပြီး ဆရာ၊ ဆရာမတွေ အလုပ်ကနေ ထွက်ဖို့ ပြောထားတယ်လို့ အသံထွက်နေတော့ အကုန်ထွက်ကြတဲ့ သဘောပဲ၊ မထွက်ရင် ရှေ့လူတွေနောက်လိုက် အသတ်ခံရမယ်လေ၊ CDM ကလည်း လက်မခံ တော့ဘူးလေ၊ အဲဒီတော့ အကုန်နုတ်ထွက်လိုက်ကြတယ်။ ဘယ်အစိုးရ တက်တက် မလုပ်တော့ဘူး ဆိုတဲ့သဘောပေါ့ “
ဒီသုံးရက်တာအတွင်း ဆရာ၊ ဆရာမ ၁၀၀ ဝန်းကျင်နဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ရပ်ကျေးစာရေး ၁၅ ယောက် နုတ်ထွက်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့မှာ ရပ်ကွက်ကျေးရွာအုပ်စု ၆၇ အုပ်စုရှိရာမှာ ရပ်ကျေးစာရေးဝန်ထမ်း အားလုံး နီးပါး အလုပ် ထွက်ထားကြတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ကြိုးစားနေပါတယ်။
ရေဦးမြို့မှာ ပညာရေးဝန်ထမ်းပေါင်း ၁၃၈၀ ကျော်ရှိရာမှာ ၉၀၀ ကျော်က စစ်တပ် အာဏာသိမ်းပြီး ချိန်ကတည်းက အာဏာဖီဆန်ရေး CDM လုပ်ခဲ့ကြတာလို့ ပညာရေး အသိုင်းဝိုင်းက ပြောပါတယ်။
ရေဦးမြို့နယ်ထဲမှာ PDF တပ်ဖွဲ့ဝင်တွေက လောင်းကစားဝိုင်းတွေကို ဖမ်းဆီးတာ၊ စစ်တပ်ထုတ်ကုန်တွေ သုံးစွဲတာကို တားမြစ်တာတွေ ပြင်းပြင်းထန်ထန် လုပ်နေ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မနေ့ကလည်း ရေဦးမြို့နယ်ထဲမှာ စစ်ကောင်စီ သတင်းပေးသူလို့ သတ်မှတ်ခံထားရသူ လေးယောက် အသတ်ခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေဦးမြို့အတွင်း လှည့်ပတ်နေပြီး PDF တပ်ဖွဲ့တွေကတော့ ရေဦး-တန့်ဆည်လမ်းကို ဖေဖော်ဝါရီ ၉ ရက် ဒီမနက် ၁၀ နာရီက စတင်ပြီး ပြည်သူတွေမသုံးစွဲဖို့ အသိပေးထားပါတယ်။