ရေဦးမှာ ရွာသုံးရွာမီးရှို့ခံရပြီး အရပ်သားတစ်ဦး သတ်ဖြတ်ခံရ
2023.01.20

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်နေ့အတွင်း စစ်ကောင်စီ တပ် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုအတွင်း ရွာသုံးရွာက နေအိမ် ၉၀ ကျော်မီးရှို့ခံရပြီး စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အင်တောရွာက နေအိမ် ၁၁ လုံး၊ မင်းမောင်းကုံး ရွာက နေအိမ် ၃၀ နဲ့ မီးလောင်လို့ အသစ်ပြန်ဆောက်ထားတဲ့ တဲအိမ် ၄၀ တို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မင်းမောင်းကုံးမှာ ရွာကို တစ်ခြမ်းစောင်းရှို့သွားတာ။ အရင်တစ်ခေါက်က မီးရှို့ခံရလို့ အသစ်ပြန်ဆောက်ပြီး တဲထိုးနေတဲ့ အိမ်တွေရယ် နဂိုရှိတဲ့ အိမ်ဟောင်းတွေလည်း မီးထဲပါသွားတယ်” လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက် ဒီနေ့ မနက်အစောပိုင်းမှာတော့ ရွာထောင်ရွာက နေအိမ် ၁၁ လုံးကို ထပ်မံမီးရှို့ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း စစ်ကြောင်းနဲ့ တည့်တည့်တိုးတဲ့ တူမောင်းရွာသား အသက် ၅၀ အရွယ် ဦးအောင်စိုးဟာလည်း ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ လက်ရှိမှာ ခရီးထွက်နေတာ ကြောင့် ရေဦးမြို့နယ်ဘက်က ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်စစ်ကြောင်းတွေဟာ အရပ်သားတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှ မီးရှို့ဖျက်ဆီးတာမျိုးမလုပ်သလို အရပ်သားတွေအပေါ် ထိခိုက်အောင် လုပ်စရာအကြောင်းမရှိဘူးလို့ အရင်က ဖြေဆိုထားပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာပထမပတ်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် ဒီနေ့အထိ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးအတွင်း ရွာပေါင်း ၂၅ ရွာက နေအိမ် ၂၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဋိပက္ခအတွင်း မီးလောင်မှုဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။