ရေဦးမှာ စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုကြောင့် လေးဦး သေဆုံး

RFA Burmese
2024.11.17
ရေဦးမှာ စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုကြောင့် လေးဦး သေဆုံး စစ်ကောင်စီစစ်ကြောင်း ရွာတွေထဲဝင်လာလို့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ဒေသခံတွေ ၂၀၂၃ ခုနှစ် မေလက ထွက်ပြေးနေကြစဉ်။
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၁၈ ရက် ဒီနေ့ ပြောပါတယ်။

အင်အား ၁၈၀ ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ရေဦးနဲ့ တန့်ဆည် မြို့နယ်အစပ်က ရွာတွေကို နိုဝင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ စီးနင်းမှုအတွင်း ပန်းကုံးရွာမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ရွာပုကြီးရွာမှာ ဖမ်းဆီးခံရတဲ့ အရပ်သား သုံးဦး အသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ရေဦးအခြေစိုက် People's Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်ကတော့ စစ်ကောင်စီတပ်က နေရပ်စွန့်ခွာထွက်ပြေးတဲ့ အရပ်သားတွေကို ဒရုန်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ရှောင်တွေရှိတဲ့ နေရာကို ဒရုန်းတိုက်ခိုက်မှု လုပ်ပါတယ်။ ရွာတွေကို စီးနင်းမီးရှို့တယ်။ အရပ်သား လေးဦး သေဆုံးတယ်။ လတ်တလော အခြေအနေမှာ သေဆုံးသူတွေရဲ့ အခြေအနေအသေးစိတ် မသိရသေးဘူး”

နိုဝင်ဘာလ ၁၈ ရက် ဒီနေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ကန့်ဘလူမြို့နယ် ကာဘိုးရွာဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ရေဦးမြို့နယ်ထဲက ရွာပုကြီး၊ မုန်တိုင်ပင်၊ ဆီဆုံရွာနဲ့ တန့်ဆည်မြို့နယ်ထဲက ကလဇင်၊ ခပေါင်းကြိုင်၊ ကျွဲဆွဲ စတဲ့ရွာတွေကို စီနင်းပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၁၅ ရွာက ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာနေရဆဲဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။