NLD အစိုးရအုပ်ချုပ်ပုံ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဗဟိုဦးစီးစနစ်နဲ့ တူတယ်လို့ ဦးရဲထွဋ်ပြော


2018.09.12
yehtut-622.jpg ဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ NLD အစိုးရဟာ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရနဲ့ အုပ်ချုပ်ပုံမတူဘဲ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဗဟိုဦးစီးစနစ်နဲ့ တူနေတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ၊ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အရေးယူဖို့ ပြင်ဆင်မှုအပါအဝင် နိုင်ငံတကာဖိအားပေးမှုတွေ၊ သတင်းစာလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဖြေကြား လိုက်တာဖြစ်ပါတယ်။

"ခေါင်းဆောင်မှုတဲ့အခါ စဉ်းစားပုံ၊ စဉ်းစားနည်း၊ တွေးခေါ်ပုံ၊ တွေးခေါ်နည်းက အဲဒီဖက်ကို တိမ်းနေတယ်လို့ ကျနော် မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကဏ္ဍတိုင်းမှာ ပြန်ကြည့်လိုက်တယ်၊ ဗဟိုချုပ်ကိုင်ဖက်ကို တဖြည်းဖြည်း နဲ့ ပြန်ရွေ့သွားတာ၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် စိုးရိမ်မှုရှိတယ်၊ ထိရှလွယ်တဲ့ အခြေအနေအပေါ်မှာ လုပ်ပိုင်ခွင့်ပေးလိုက်လို့ရှိရင် မှားသွားမလားဆိုတဲ့ စိုးရိမ်မှုတွေရှိတယ်၊ နောက်တစ်ခါ အတွေ့အကြုံ အုပ်ချုပ်ရေးအရ အတွေ့ကြုံတဲ့နည်းမှုတွေရှိတယ်၊ ဒီလိုမျိုးတွေရှိတာကို၊ တကယ်တမ်းကျ တချို့နေရာမှာဆိုရင် ဗိုလ်ချုပ်မှူးကြီးထက်တောင်မှ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုချုပ်ကိုင်မှုပိုများတယ်လို့ ကျနော်ခံစားရတယ်၊ ဥပမာဆိုပါစို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကော်မတီတွေအများကြီးမှာ သူခေါင်းဆောင် မလုပ်ခဲ့ဘူး"

ဦးရဲထွဋ်က လက်ရှိအစိုးရရင်ဆိုင်နေရတဲ့ နိုင်ငံတကာဖိအားပေးမှုတွေဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုနောက်ပိုင်း မှာ အပြင်းထန်ဆုံး အခြေအနေမှာ ရောက်ရှိနေတယ်လို့လည်း ပြောပါတယ်။

တပ်မတော်အပေါ် NLD အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်မရှိတာနဲ့ပတ်သက်လို့လည်း ထိရောက်အောင် ကိုင်တွယ်နိုင်မယ့်နည်းလမ်းတွေရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံဒီမိုကရေစီခေါင်းဆောင် အဖြစ်နဲ့ ဟုတ်တိုင်းမှန်ရာ ပြောဆိုရဲတဲ့ သတ္တိတွေရှိခဲ့ပေမယ့် အခု ရခိုင်အရေးကိစ္စမှာ ဒီသတ္တိတွေပျောက် ဆုံးနေကြောင်းလည်း သူက ဝေဖန်ပြောကြားပါတယ်။

ရခိုင်မြောက်ပိုင်းအရေး ဖြေရှင်းရာမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ရတဲ့အထိ လုပ်ငန်းစဉ် အချိန်ဇယားပြ သနိုင်မှ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာမှာဖြစ်ကြောင်း၊ ရိုဟင်ဂျာနဲ့ ဘင်္ဂလီ အခေါ်အဝေါ်တွေနဲ့ ပတ်သက်လို့ အရင်က ရိုဟင်ဂျာစကားလုံးကို လက်မခံနိုင်ပေမယ့် အခုအခါမှာ အခြေအနေတွေ ပြောင်းလဲ လာပြီဖြစ်တဲ့အတွက် တိုင်းရင်းသားအဖြစ် မသတ်မှတ်သော်လည်း လူမျိုးစုတခုအနေနဲ့ လက်ခံဖြေရှင်းမယ်ဆို ရနိုင်ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်ခေါင်းဆောင်ပိုင်းတွေရဲ့ လုံခြုံရေးအတွက် စဉ်းစားပြီး ရေးဆွဲ ခဲ့တယ်လို့ ယခင်ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေးကွပ်ကဲရေးမှူးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက DVB Debate အကယ်ဒမီမှာ ဖြေကြားခဲ့တာနဲ့ပတ်သက်လို့ သူရဦးရွှေမန်းဟာ သူ့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်အတွက် အခြေခံဥပဒေကို သေးသိမ်အောင်ပြောကြားတယ်လို့ ယုံကြည်ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လမ်းညွှန်ချက်နဲ့ တပ်မတော် အရာရှိဟောင်းကြီးတွေ အမျိုးသား နိုင်ငံရေးပါတီသစ် ထူထောင်မယ့်ကိစ္စနဲ့ ပတ်သက်လို့လည်း… “တကယ့်ခေါင်းဆောင်ဟာ နောက်ပိုင်းမှာ ပေါ်ထွက်လာစရာရှိပြီး အဲဒီခေါင်းဆောင်ဟာ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သော်လည်းကောင်း၊ ဒါမှမဟုတ် သူရဦးရွှေမန်းသော်လည်းကောင်း ဖြစ်လာနိုင်တယ်” ဆိုတဲ့ ပြောဆိုချက်တွေကို ကြားသိရကြောင်း၊ ဒါပေမယ့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဟာ ကိုယ့်ကိုယ်ကို သမ္မတလောင်းအဖြစ် တပ်မတော်အစုအဖွဲ့ကနေ တင်လို့ရတဲ့အတွက် ဖြစ်နိုင်ခြေနည်းပြီး သူရဦးရွှေမန်းလို လူသိများတဲ့သူ တစ်ဦးက ပိုဖြစ်နိုင်ကြောင်းလည်း ဦးရဲထွဋ်က သုံးသပ်ထားပါတယ်။

ဦးရဲထွဋ်ဟာ လက်ရှိစင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေးသိပ္ပံ ISAS မှာ အကြီးတန်း ဧည့်သုတေသီအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။