ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာ တစ်ဦး အပါအဝင် ငါးဦးကို ကျုံပျော်ခရိုင် တရားရုံးကနေ ထောင်ဒဏ်လေးနှစ်စီကျခံဖို့ အမိန့်ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ဇန်နဝါရီလ ၁၉ ရက်မှာ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
CDM ကျောင်းဆရာ ကိုနေလင်းထွန်း၊ ကိုဇေထက်ပိုင်၊ ကိုကျော်လင်းစိုး၊ ကိုစိုးမင်းထွန်းနဲ့ ကိုထွန်းဝင်းတို့ကို အကြမ်းဖက်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
လေးလနီးပါးအကြာမှာ ထောင်ဒဏ်လေးနှစ်စီကျခံဖို့ အမိန့်ချခဲ့တဲ့အပြင် နေအိမ်တွေကိုပါ ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဖမ်းခံရတာတော့ လေးလလောက်ရှိပြီ။ ပါဝင်တဲ့သူတွေက CDM ကျောင်းဆရာ ပါတယ်။ ပြီးရင် ရုံးစိုက်ထားတဲ့ NLD ရပ်ကျေးပါတီဝင် နှစ်ဦးပါတယ်။ ကျန်တဲ့ ပြည်သူ ငါးဦးကို ကျုံပျော်ခရိုင်တရားရုံးကနေ ထောင်ဒဏ် လေးနှစ်စီချလိုက်တယ်။ ချတာက ၁၉ ရက်နေ့က ချတယ်။ပြီးရင် သူတို့ရဲ့ နေအိမ်တွေကိုလည်း ချိပ်ပိတ်ထားတယ်"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုဆန့်ကျင်လို့ ဖမ်းဆီးခံထားရသူ ၁၉၉၄၂ ဦးရှိပြီး အဲဒီထဲက ၈၅၂၇ ဦးဟာ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။