အဖမ်းခံရတဲ့ အလွတ်သတင်းထောက် ကိုရဲနိုင်ဆွေ မိသားစုနဲ့ အဆက်အသွယ်မရ

2022.06.15
အဖမ်းခံရတဲ့ အလွတ်သတင်းထောက် ကိုရဲနိုင်ဆွေ မိသားစုနဲ့ အဆက်အသွယ်မရ အလွတ်တန်းသတင်းထောက် ကိုရဲနိုင်ဆွေကို တွေ့ရစဥ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာနေထိုင်တဲ့ အလွတ်တန်းသတင်းထောက် ကိုရဲနိုင်ဆွေကို ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ နေအိမ်ကနေ လာဖမ်းသွားပြီးနောက် အဆက်အသွယ်ပြတ်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုရဲနိုင်ဆွေဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းရေးတာမရှိတော့လို့ ဘာကြောင့် လာဖမ်းသွားလဲ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်သားတွေ အိမ်ကိုလာဖမ်းသွားတာ။ အခုက အမှတ် (၁) ရဲစခန်းမှာ ရှိတယ်လို့ သိရပေမယ့် မိသားစုနဲ့ တွေ့ခွင့်မရဘူး။ ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာကို မသိရဘူး”

ကိုရဲနိုင်ဆွေရဲ့ ညီဖြစ်သူဟာလည်း စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်း(မ်)သတင်းဌာနရဲ့ အယ်ဒီတာဖြစ်ပြီး နေအိမ်က ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း စစ်ကိုင်းမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (မန္တလေး) ရဲ့ အသက် ၈၀ ဝန်းကျင် ကန်တော့ခံ သတင်းစာဆရာ ဦးကြည်အောင်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး လက်ရှိ ဘယ်ပုဒ်မနဲ့ အရေးယူထား လဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

RFA က သီးခြားပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တစ်နှစ်ကျော်အကြာ အခု ဇွန်လ ၁၁ ရက်နေ့အထိ အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၃၁ ဦးရှိနေပြီး အဲ့ဒီအထဲက ၆၁ ဦးက အချုပ်နဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက် ထိန်းသိမ်းခံကြရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။