ရန်ကုန်တိုင်းအတွင်းက ၄၅ မြို့နယ်ကို နေအိမ်မှာပဲနေဖို့ အစိုးရက ကြေညာပြီးနောက် တစ်ရက်အကြာမှာ ရန်ကုန်အခြေစိုက် သတင်းစာတွေ ယာယီရပ်နားမှုတွေ ဆက်တိုက်ရှိလာပါတယ်။
ယာယီရပ်နားလိုက်တဲ့ သတင်းစာတွေထဲမှာ စံတော်ချိန်၊ 7 Day News၊ မြန်မာတိုင်းမ်နဲ့ The Voice Daily သတင်းစာတို့ပါဝင်ပါတယ်။
7Day News သတင်းစာက မနက်ဖြန် စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ထုတ်ဝေမှု ရပ်နားထားမှာဖြစ်သလို သတင်းစာ ပြန်ထွက်မယ့်အချိန်ကို ကြိုတင်အကြောင်းကြားမယ်လို့ စာဖတ်ပရိသတ်တွေကို အသိပေးထား ပါတယ်။ The Voice Daily သတင်းစာကလည်း ရောဂါပိုးကူးစက်မှု ကင်းဝေးစေဖို့အတွက် သတင်းစာ ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။
စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းဌာန တာဝန်ခံ ကိုသစ်ငြိမ်းက စံတော်ချိန်သတင်းစာကို စက်တင်ဘာလ ၂၂ ရက်နေ့ ဒီနေ့ကစပြီး တစ်ပတ်ရပ်ဖို့ စီစဉ်ထားသလို ကောင်စီကိုလည်း စာတင်ထားတယ်လို့ ပြောပါတယ်။
မြန်မာတိုင်းမ်သတင်းစာကိုလည်း စက်တင်ဘာလ ၂၁ ရက်နေ့ မနေ့ကစပြီး အောက်တိုဘာလ ၇ ရက်နေ့အထိ ယာယီရပ်နားထားကြောင်းနဲ့ ဝန်ထမ်းတွေအားလုံး ရုံးမတက်ဘဲ အိမ်ကနေသာ ဆက်လုပ်သွားမှာဖြစ်သလို အွန်လိုင်းကနေတော့ သတင်းတွေ တင်ဆက်သွားမယ်လို့ မြန်မာတိုင်းမ် သတင်းဌာနရဲ့ စီးပွားရေး သတင်းအယ်ဒီတာ ကိုသစ်နေမိုးက ပြောပါတယ်။
နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေအနေနဲ့ လောလောဆယ် အများစုက နေအိမ်မှာပဲ အလုပ်လုပ်ဖို့၊ မဖြစ်မနေ သွားဖို့လိုအပ်တယ်ဆိုရင် ကျန်းမာရေး စည်းမျဉ်းနဲ့အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဆောင်ရွက်ဖို့ သမ္မတအိမ်တော် သတင်းထောက်တွေ ကနေတဆင့် စက်တင်ဘာလ ၂၁ ရက်နေ့ မနေ့က ပြောထားပါတယ်။
