ရန်ကုန်တိုင်း နယ်လုံဝန်ကြီးကို တိုင်းလွှတ်တော် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အစားထိုး ခန့်အပ်ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က တင်သွင်းတဲ့ ဗိုလ်မှူးကြီး အောင်စိုးမိုး ကို လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ကန့်ကွက်ခဲ့ပေ မယ့် ရန်ကုန်တိုင်း လွှတ်တော်က ဒီကနေ့ အတည်ပြု ခန့်အပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး အစားထိုးခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကိုယ်ရေး အချက်အလက်ပြည့်စုံမှုမရှိဘူး ဆိုပြီး ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။

"အတည်ပြုလိုက်တဲ့ဝန်ကြီးဟာ ဘယ်လိုအရည်အချင်းတွေရှိလဲဆိုတာ ပြည့်ပြည့်စုံစုံလေး ပြည်သူလူထုကို တင်ပြချင်ပါတယ်၊ ဘွဲ့ထူးဂုဏ်ထူးတွေ ဘာမှဖော်ပြမထားပါဘူး၊ ဗိုလ်မှူးကြီး အောင်စိုးမိုး ဓါတ်ပုံကိုကြည့်တော့ ရင်ဘတ်မှာ တပ်မတော်ကချီးမြှင့်တဲ့ ဂုဏ်ထူးတွေအများကြီးရှိပါတယ်၊ အဲဒါတွေပြည့်စုံအောင် ကျနော်တင်ပြ ချင်တာပါ"

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနဲ့ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့အကြား လွှတ်တော် အတွင်း စကားကတောက်ကဆဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ တာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ YBS ယာဉ်လိုင်းတွေ ကိစ္စမဟုတ်ဘဲ နယ်လုံဝန်ကြီး ခန့်အပ်ဖို့ကိစ္စဖြစ်နေ တာ မဖြစ်သင့်ဘူးလို့ ဦးကျော်ဇေယျက ပြောပါတယ်။

အရင်က လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး တင်အောင်ထွန်း နေရာမှာ ဗိုလ်မှူးကြီး အောင်စိုးမိုး ကို အစားထိုးခန့်အပ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုခဲ့ပါတယ်။