ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည် စတင်ဖို့ တိုင်းလွှတ်တော်ထံ တင်ပြဖို့ရှိ

ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်အကောင်အထည်ဖော်မယ့် အစီအစဉ်ကို တိုင်းအစိုးရအဖွဲ့က လာမယ့်မတ်လအတွင်းကျင်းပမယ့် တိုင်းလွှတ်တော်အစည်းအဝေးမှာတင်ပြမယ့် အခြေအနေရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျ ကပြောပါတယ်။

ဒီလကုန်မှာ အစိုးရက မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်မယ်ဆိုတဲ့ သတင်းတွေထွက်လာတာနဲ့ ပတ်သက်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်တွေ့ ဆုံရာမှာ ဝန်ကြီးက ပြောခဲ့တာဖြစ်တယ်လို့ ဦးကျော်ဇေယျ ကပြောပါတယ်။

"စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ရှင်းပြတယ်။ လွှတ်တော်အတည်ပြုပြီးမှ လုပ်မှာပါလို့ ပြန်ပြော တယ်။ လွှတ်တော်ကလည်း ဖေဖော်ဝါရီလထဲတော့ အန်ကယ်တို့ လုပ်မှာမဟုတ်ဘူး။ မတ်လ ဒုတိယအပတ် သို့မဟုတ် တတိယအပတ်မှာတော့ နောက်ဆုံးထားပြီးတော့ လုပ်ကိုလုပ်ရမှာပေါ့။ "

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်မှာ ကြည့်မြင်တိုင်တဖက်ကမ်းမှာ အကောင်အထည်ဖော်ဖို့ရှိတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ဒီလကုန်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီလို ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်ဖို့ စီစဉ်နေတာကို အစိုးရအဖွဲ့ဘက်က လွှတ်တော်ထံတစုံတရာ အသိပေးအကြောင်းကြားတာ မရှိသေးတာကြောင့် လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မတီက အစိုးရအဖွဲ့ထံ မနေ့က သွားရောက်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ကြည့်မြင်တိုင်တဖက်ကမ်းမှာ မြို့သစ်စီမံကိန်း တည်ဆောက်မယ်ဆိုရင် ကုန်ကျစရိတ်များမှာ ဖြစ်တဲ့အတွက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ဘက်မှာ အကောင်အထည်ဖော်ဖို့ ပညာရှင်တွေဘက်က အဆိုပြုထားတာရှိတယ် လို့လည်း ဦးကျော်ဇေယျ က ပြောပါတယ်။