ရန်ကုန်တစ်တိုင်းလုံး နေအိမ်အပြင်မထွက်ဖို့ အစိုးရအမိန့်ထုတ်


2020.09.20
stay-at-home-ygn-622.jpg နေအိမ်အပြင်မထွက်ရအမိန့် ထုတ်ထားတဲ့ ရန်ကုန်မြို့ကို ၂၀၂၀ စက်တင်ဘာလ ၁၅ ရက်နေ့ကတွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းတစ်တိုင်းလုံးက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၀၀ ကျော်အထိ ရှိလာတဲ့အချိန်မှာ ရောဂါကူးစက်ခံထားရသူ အများဆုံးရှိတဲ့ ရန်ကုန်တိုင်းအတွင်း အခုလို အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းမြို့နယ် ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းမြို့နယ် တစ်မြို့နယ်ကတော့ ဒီအမိန့်မှာ အကျုံးမဝင်ဘူးလို့ ဒီကနေ့ ညပိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းကနေ တဆင့် အစိုးရကကြေညာလိုက်တာပါ။

ဘဏ်လုပ်ငန်း၊ စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါးဖြန့်ဖြူးရေး၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရေး နေ့စဥ် တကိုယ်ရေ သုံးပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကလွဲလို့ အားလုံးဟာ ဒီအမိန့်အတိုင်း နေအိမ် မှာနေကြရမှာပါ။

အစိုးရဝန်ထမ်းတွေအနေနဲ့လည်း နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နေအိမ်ကနေ အလုပ်လုပ်တဲ့ အစီအစဥ်နဲ့ အလှည့်ကျ လုပ်သွားရမယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

မဖြစ်မနေ စျေးဝယ်သွားရမယ်ဆိုရင် တစ်ဦးပဲသွားဖို့နဲ့ ဆေးရုံ ဆေးခန်းသွားရမယ်ဆိုရင် နှစ်ယောက်ပဲ သွားရမယ်လို့လည်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။

ဒီအမိန့်ဟာ မနက်ဖြန် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီကစပြီး အကျုံးဝင်မှာ ဖြစ်သလို မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း၅၅၄၁ ဦးရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူ ၉၂ ဦး ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။