ယင်းမာပင်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ

2022.06.19
ယင်းမာပင်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးစားကျရွာ မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ ဇွန်လ ၁၉ ရက် ဒီနေ့မနက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေ သခံကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရွာပေါင်း ခြောက် ရွာထက်မနည်းက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ပုလဲမြိုနယ်ဘက်ကနေဆင်းလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းနဲ့ PDF တို့ တိုက်ပွဲ ဖြစ်ပွားနေတာလို့ လက်ပံတောင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ စစ်ကားတွေ အစီး ၁၀၀ ကျော်တယ်။ အဲဒီကားတွေက ယင်းမာပင်မြို့နယ်ထဲက မထွက်နိုင်ဖြစ်နေတာ နှစ်ရက်လောက်ရှိပြီ၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေကလည်း အဲဒီကားတွေထွက်အလာကို မုံရွာ၊ ပုသိမ်၊ ယင်းမာပင် လမ်းပိုင်းမှာ အကုန် စောင့်နေတော့ ဒီမနက်စစ်ကားအကူတွေ အများကြီးဆင်းလာတယ်။ လမ်းဘေးရွာတွေ ထွက်ပြေးနေကြရတာပေါ့ “

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားနှစ်ရာကျော်လောက်ရှိပြီး သံချပ်ကာကားတွေအပါအဝင် အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ ပြောပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကစပြီး လက်ပံတောင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ PDF တွေ စစ်ရေးတင်းမာ နေခဲ့ရာကနေ ခုလိုတိုက်ပွဲတွေဖြစ်နေလို့ ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း၊ ပေကုန်း စတဲ့ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၈ ရက် မနေ့ကလည်း ကျေးစာကျရွာက နေအိမ် ၈ လုံး မီးရှို့ခံခဲ့ရပြီး အဲဒီ အနီးနားက ရွာသား ခြောက်ဦးလည်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာ ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုစစ်ရေးတင်းမာနေတဲ့ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ဟာ အင်တာနက် လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီ ဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ပုသိမ် - မုံရွာ ကားလမ်းဘေးမှာရှိတဲ့ ယင်းမာပင်မြို့နယ် ထဲက တိုက် နယ်ဆေးရုံတစ်ခုအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် အနီးဆုံးမှာရှိတဲ့ ကျေးစာကျရွာကို ဝင်ရောက်မီးရှို့တာ ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။