လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲ ကျင်းပ

ပထမအကြိမ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဒီကနေ့ ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်မှာ စတင်ကျင်းပခဲ့ပြီး အစိုးရအဖွဲ့ဝင်တွေနဲ့ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေက ဆရာတွေနဲ့ ကျောင်းသားတွေ တက်ရောက်ကြပါတယ်။

အဲဒီပွဲကို တက်ရောက်လာတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဗိုလ်ချုပ်အောင်ဆန်းလို လွတ်လပ်ရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ ရန်ကုန်တက္ကသိုလ်မှာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲပြုလုပ်တဲ့အတွက် သက်ဆိုင်သူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

"တက္ကသိုလ်ကြီးက ကျနော်တို့ မိဘတွေ ဆရာသမားတွေကို ပညာသင်ပေးခဲ့သလို တက္ကသိုလ်ကြီးက မျိုးချစ်လူငယ်တွေကို နိုင်ငံနဲ့ လူမျိုးအတွက် အမျိုးသားစိတ်ဓာတ်ကို သန္ဓေတည်ခဲ့ပါတယ်။ တက္ကသိုလ်ကြီး က ဗိုလ်ချုပ်အောင်ဆန်းလို လွတ်လပ်ရေးဖခင်ကြီးနဲ့ မျိုးချစ်အာဇာနည်တွေကို မွေးဖွားပေးခဲ့ပါတယ်။ တက္ကသိုလ်ကြီးက ကျနော်တို့လူငယ်တွေကို ဝိဇ္ဇာသိပ္ပံပညာရပ်တွေ၊ အနုပညာ ပညာရပ်တွေကို သင်ကြားပေးခဲ့ပါတယ်။ တနည်းအားဖြင့်ပြောရရင် တက္ကသိုလ်ကြီးက ကျနော်တို့ရဲ့ ခေတ်သမိုင်းအဆက် ဆက်၊ လွတ်လပ်ရေးသမိုင်းအဆက်ဆက်ကို တာဝန်ကျေကျေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ကျနော်တို့အားလုံး ရဲ့ ဘူမိနက်သန်နေရာတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။အဲဒီလို အမျိုးသားရေး သမိုင်းအဆက်ဆက်မှာ ပုံဖော်ဖန်တီးပေးခဲ့တဲ့ မိမိတက္ကသိုလ်ကြီးထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေအတွက် ဘက်စုံ ဖွံဖြိုးရေးပွဲတော်ကို ပြုလုပ်ပေးတဲ့အတွက် တာဝန်ရှိတဲ့အဖွဲ့စည်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်။"

ဒါ့အပြင် လူငယ်ဘက်စုံဖွံဖြိုးရေးပွဲတော်ဟာ လူသားအရင်းမြစ်ကို မွေးထုတ်တဲ့ပွဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ကျင်းပနေတဲ့ လူငယ်ဘက်စုံဖွံဖြိုးရေးပွဲတော်မှာ အခြေခံကျောင်း၊ တက္ကသိုလ်ကျောင်း၊ ပုဂ္ဂလိကကျောင်းတွေက ပညာရေးဆိုင်ရာစာပေနဲ့ လက်တွေ့ဗဟုသုတဆိုင်ရာပြခန်းတွေကို ဖွင့်လှစ်ပြသထားပါတယ်။

ဒါ့အပြင် ယဉ်ကျေးမှုအကအလှ ဖျော်ဖြေပွဲတွေ၊ စာပေဆွေးနွေးပွဲတွေ၊ အားကစားပွဲတွေ၊ သီချင်းဆိုပွဲတွေလည်း ပါဝင်ပါတယ်။

အဲဒီ လူငယ်ဘက်စုံဖွံဖြိုးရေးပွဲတော်ကို ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံအနှံအပြားက အခြေခံကျောင်းနဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ အိုင်တီပညာရှင်တွေ၊ လူငယ်စွန့်ဦးတီထွင်သူတွေ ပါဝင်ကြမှာ ဖြစ်ပါတယ်။