ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်အတွင်း ရန်ကုန်မြို့က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ် ၄၀ ကျော် အဖမ်းခံလိုက်ရတယ်လို့ မြေပြင်သပိတ်လှုပ်ရှားသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေး မြို့ပြသပိတ်တွေ လုပ်လေ့ရှိတဲ့ လူငယ်တချို့ ဇွန်လ ၁၃ ရက်နေ့က အဖမ်းခံရပြီးတဲ့နောက် စစ်ကောင်စီက ကျန်အဖွဲ့ဝင်တွေကိုပါ ဧည့်စာရင်းစစ် ခြေရာခံလိုက်လာပြီး အစုအပြုံလိုက် ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ မြေပြင်သပိတ်လှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။
"တချို့ဆို တစ်အိမ်တည်းမှာပဲ ခုနစ်ယောက်၊ ရှစ်ယောက် ပါသွားတာရှိတယ်။ သူတို့က အစဆွဲထုတ်လို့ ရသွားတဲ့ သဘောပေါ့။ ကျန်တဲ့လူတွေရဲ့ တည်နေရာအကုန်လိုက်ပြီး ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းသွားတယ်။ အဖမ်းခံရတဲ့ လူအများစုက ယူဂျီတွေ၊ ထောက်ပို့တွေ၊ မြေပြင်သပိတ်သမားတွေ အတော်များများ ပါသွားတယ်"
အဖမ်းခံရသူ လူငယ်အများစုဟာ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ၊ ကျောက်တံတား၊ ရန်ကင်း စတဲ့ မြို့နယ်တွေကဖြစ်ပြီး စစ်ကောင်စီက ဧည့်စာရင်းစစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နေ့ရော၊ ညပါ တစ်အိမ်တက်ဆင်း အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းခဲ့တာလို့ သူက ဆိုပါတယ်။
အဖမ်းခံထားရသူ လူငယ် ၄၀ ကျော်ကို အခုလောလောဆယ် ဘယ်မှာ ချုပ်နှောင်ထားတယ် ဆိုတာ အတိအကျ မသိရသေးဘူးလို့ ရှောင်တိမ်းနေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ရဲနဲ့ စစ်တပ်က လူငယ်တွေကို ဖမ်းဆီးချိန် နေအိမ်တွေမှာပဲ ရိုက်နှက်တာ၊ လမ်းမပေါ်မှာ ဒူးထောက်ခိုင်းတာနဲ့ တခြားကျန်နေသေးတဲ့ အဖွဲ့ဝင်တွေ ဘယ်မှာရှိနေသလဲဆိုတာကို ဖော်ထုတ် ဖို့ နှိပ်စက်ညှဥ်းပန်းတာတွေ လုပ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ လောလောဆယ် ပုန်းရှောင် နေရတဲ့ မြေပြင်သပိတ်လှုပ်ရှားသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၄၀ ကျော်မှာ အမျိုးသားရော၊ အမျိုးသမီးငယ်တွေပါ ပါဝင်ပြီး အသက် ၁၈ နှစ်ကနေ ၃၀ အကြားအရွယ်တွေ ဖြစ်ပါတယ်။
အဖမ်းခံရတဲ့ လူငယ်တွေရဲ့ အခြေအနေ အသေးစိတ် သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၄ ရက် မနေ့က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ သိမ်းထားတဲ့ ၁၆ လကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ စုစုပေါင်း ၁၄,၁၁၀ ဦး အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၁၁,၀၅၃ ဦး အခုချိန်ထိ အကျဥ်းချခံထားရဆဲ ဖြစ်ပါတယ်။