တန့်ဆည်မြို့နယ် ရွာရှည်ရွာ ဒုတိယအကြိမ် မီးရှို့ခံရ

2022.09.29
တန့်ဆည်မြို့နယ် ရွာရှည်ရွာ ဒုတိယအကြိမ် မီးရှို့ခံရ မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည် (မြောက်) ရွာကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ ရွာရှည် (မြောက်) ရွာကို စက်တင်ဘာလ ၂၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာက နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၇၀ နီးပါးလောက်ပါဝင်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကာပေါင်းကျရွာကို မီးရှို့ခဲ့ပြီးနောက် မနေ့က နေ့လယ်ပိုင်းမှာ ရွာရှည် (မြောက်) ရွာကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာကို ဝင်တာ မနေ့က ၁၂ နာရီလောက်က ဝင်ပြီးမွှေနေတာ။ မနက် ၇ နာရီမှာ မီးစရှို့တယ်။ ၁၀ နာရီမှာ စစ်ကြောင်းပြန်ထွက်သွားတယ်။ အိမ်ဘယ်လောက်ပါသွားတယ်ဆိုတာ မသိရသေးဘူး၊ ရွာထဲ ပြန်မဝင်ရဲသေးဘူး၊ မိုင်းတွေ ထောင်ထားခဲ့တဲ့ သတင်းကြားထားလို့"

ပြီးခဲ့တဲ့ ဧပြီလတုန်းက အဲဒီရွာကိုပဲ စစ်ကြောင်း နှစ်ကြိမ် ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းဟာ တန့်ဆည်နဲ့ ကန့်ဘလူမြို့နယ်အစပ်က ရွာတွေဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုစစ်ကြောင်းထိုးနေမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရွာရှည်ရွာနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ဝက်တိုးရွာက ဒေသခံ ခြောက်ဦးကို အဲဒီစစ်ကြောင်းကပဲ မနေ့က ဝင်ရောက်စီးနင်းစဉ်မှာ ဖမ်းဆီးခဲ့ပြီး ဒီနေ့မနက်မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် ရွာရှည်ရွာ၊ ဝက်တိုးရွာ၊ မယ်ဇလီကုန်းရွာတွေက ဒေသခံ လေးထောင်လောက်ဟာ စက်တင်ဘာ ၂၈ ရက် မနေ့ကစလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်မှာ စက်တင်ဘာ ၁၆ ရက်ကနေ စက်တင်ဘာ ၂၉ ရက် ဒီနေ့အထိ နှစ်ပတ်အတွင်းမှာ ရွာပေါင်း ၂၁ ရွာက အိမ်ခြေပေါင်း ၈၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအရေး ကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။