ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရသူတစ်ဦး တရားသေလွတ်မြောက်

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ဝေဖန်တဲ့စာတွေ ဖေ့စ်ဘွတ် မှာရေးသားလို့ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုဇော်ဇော်အောင် ကို တောင်ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားသေလွှတ်ပေးလိုက်ပါတယ်။

ကာယကံရှင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက အမှုကိုရုပ်သိမ်းလိုကြောင်း တရားရုံးကို ဦးတိုက် လျှောက် ထားခဲ့တာကြောင့် တရားသေလွှတ်ပေးလိုက်တာလို့ တရားစွဲဆိုခံထားရတဲ့ ကိုဇော်ဇော်အောင် က ပြောပါတယ်။

"အမှုစဖြစ်ပြီး ကျွန်တော်ကို ရမန်တစ်ပါတ်ချိန်းပြီးတဲ့နောက်မှာ ကျွန်တော်နာမည်တပ်ရေးတဲ့ ကိုယ်စားလှယ် ၂ ယောက်က သူတို့အနေနဲ့ ကျနော်ရေးတာဟာ ဘာမှထိခိုက်နစ်နာမှုမရှိပါဘူး။ သူတို့အနေနဲ့ တရားစွဲဆိုတာကိုလည်း မသိခဲ့ပါဘူး.။ တရားစွဲဆိုတာကိုလည်း မလုပ်ချင်ပါဘူးလို့ တရားရုံးမှာ မေတ္တာရပ်ခံစာ ၂ စောင်ပို့ခဲ့တာ။ ဒါတောင်မှ ကျနော် ၄ လနီးပါးနေခဲ့ရတယ်။"

ကာယကံရှင်တွေ ဦးတိုက်လျှောက်ထားမှုကို တရားရုံးက ဆက်သွယ်ရေးဝန်ကြီးထံတင်ပြခဲ့ရာမှာ ဆက်သွယ်ရေးဝန်ကြီးက နိုင်ငံတော်ရဲ့လမ်းစဉ်ကို ထိခိုက်မှုမရှိတဲ့အတွက် တရားရုံးဆုံးဖြတ်ချက်အရ အမှုကို ပလပ်လိုရင် ပလပ်နိုင်တယ်လို့ ပြန်ကြားလွှာရရှိတဲ့အတွက် တရားသေလွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်နဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်တို့ကို Pyi Thein အကောင့်ကနေ ဝေဖန်တဲ့အတွက် ကိုဇော်ဇော်အောင် ကို တောင်ဒဂုံမြို့နယ် NLD ရပ်ကျေး ဒုတိယ ဥက္ကဌက တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ကိုဇော်ဇော်အောင်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အင်းစိန်အကျဉ်းထောင် မှာ လေးလနီးပါးအကြာမှာ လွတ်မြောက်လာတာဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရသူတွေထဲမှာ ကိုဇော်ဇော်အောင်ဟာ ပထမဆုံးအကြိမ် တရားသေ လွှတ်မြောက်လာသူတစ်ဦးဖြစ်ပါတယ်။