ခြံစည်းရိုးခတ်တဲ့ ဇေကမ္ဘာနဲ့ တောင်သူတွေ အငြင်းပွားမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာမှာရှိတဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်မြေဧက ၁၀၀ ကျော်ကို ဇေကမ္ဘာကုမ္ပဏီက ဒီကနေ့ ခြံစည်းရိုးဝင်ခတ်တဲ့အတွက် မူလပိုင်ရှင်တောင်သူတွေနဲ့ အငြင်းပွားမှု ဖြစ်ကြပါတယ်။

အဲ့ဒီလို ခြံစည်းရိုးခတ်တာကို အုပ်ချုပ်ရေးရုံးက တားမြစ်ပေမယ့် ကုမ္ပဏီဘက်က ဆက်ပြီးခတ်နေတုန်းပဲလို့ မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး က ပြောပါတယ်။

"ထွေအုပ်က စာနဲ့တားပေးတယ်ပေါ့နော်။ ဒါပေမဲ့ စာထွက်တာကလည်း ခြံစည်းရိုး ဆောင်ရွက်နေမှုကို ရပ်တန့်ပေးပါလို့ပြောတယ်။ သူတို့ကတော့ ဆက်ဆက်ပြီးတော့ လုပ်ဆောင်နေတာတော့ တွေ့ရ တာပေါ့နော်။ သူတို့က သစ်သားတိုင်နဲ့ ဒါက အခိုင်မာလုပ်ထားတာပေါ့နော်။ သူတို့လည်းကာတယ်။ ဒီဘက်က လယ်သမားလည်းကာတယ်။ လယ်သမားက ဘာကာသလဲဆိုတော့ လယ်သမားက ဝါးလုံးနဲ့ ဝါးကပ်ပဲရှိတယ်။ အဲတော့ ဆက်ပြီးတော့ ဆောင်ရွက်နေတာတွေ့တော့ ကျမတို့ ဒါကို ပြောရမယ်ဆိုရင် ဥပဒေကို အစောကြီကတည်းကလည်း ချိုးဖောက်ပြီးသားပါ။ ချိုးဖောက်ပြီးသားဆိုတော့ ဆက်ပြီးတော့ ဆောင်ရွက်နေတယ်။ အခုကျမပြောနေတဲ့အချိန်မှာပဲ ထပ်ပြီးတော့သူတို့ ဟိုမှာ သစ်ကားတွေရောက်တယ်။ သစ်နဲ့ သွပ်ကားတွေရောက်ပြီးတော့ ဆက်ကာဖို့လုပ်နေတယ်။"


မြေယာအငြင်းပွားမှုဖြစ်နေတဲ့ လယ်မြေတွေကို ဇေကမ္ဘာကုမ္ပဏီက ခြံစည်းရိုးလာခတ်တဲ့အတွက် တောင်သူတွေ ဘက်ကလည်း ခြံစည်းရိုး ပြန်ကာနေကြတယ်လို့ ပြောပါတယ်။

ဇေကမ္ဘာကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဦးမြင့်ဇော်ကတော့ ဒီမြေယာတွေဟာ သူတို့ကုမ္ပဏီက ဂရန်ပေါက်ပြီးသားဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

အဲဒီမြေယာတွေနဲ့ ပတ်သက်ပြီး မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီကနေ ၂၀၁၆ ခုနှစ်တုန်းက ၆ လအကြာ စိစစ်ထားပြီး တိုင်းမြေစစ်ကော်မတီကို တင်ပြထားဆဲဖြစ်ပါတယ်။

အဲဒီလိုစစ်ဆေးဆဲကာလမှာ ကုမ္ပဏီဘက်ကဖြစ်ဖြစ်၊ လယ်သမားဘက်ကဖြစ်ဖြစ် ဘယ်သူမှ ဒီလို ခြံစည်းရိုးခတ် ပိုင်ခွင့် အဆောက်အဦးဆောက်ပိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရဆီကို တင်ပြသွားမယ်လို့လည်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောပါတယ်။