ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ပြည်ပဒရုန်းပညာရှင်တွေပါဝင်နေကြောင်း စစ်ကောင်စီစွပ်စွဲ
2023.11.30
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ တပ်စခန်းတွေ လက်လွတ်ခဲ့ရတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက် စစ်ကောင်စီ အစည်းအဝေးမှာ ဝန်ခံခဲ့ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေဘက်က စစ်အင်အား နဲ့ နည်းပညာသာလွန်မှုတွေရှိပြီး စစ်ဆင်ရေးသုံးအဆင့်ရှိတဲ့ ဒရုန်းတွေနဲ့ Drop Bomb တွေသုံးပြီး တိုက်ခိုက်တာကြောင့် တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ တပ်စခန်းတချို့ လက်လွတ်ခဲ့ရတာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။
"သူတို့ရဲ့ တပ်တွင်းပြိုကွဲမှုတွေကို အတွင်းပိုင်းပြိုကွဲမှုကို ဖုံးကွယ်ချင်လို့ ကျွန်တော်တို့ဘက်က အင်အားအလုံးအရင်း သုံးတယ်လို့ သူက ပြောတာပါ"
စစ်ကောင်စီ စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) တို့က ကိုးကန့်အဖွဲ့ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပူးပေါင်း တိုက်ခိုက်နေပြီး စုစုပေါင်းတိုက်ခိုက်ရေးအင်အား ၆၅၀၀ နီးပါးရှိတဲ့အပြင် စစ်ဆင်ရေး အတွင်း ဒရုန်းနဲ့ Drop Bomb နှစ်သောင်းခွဲ (၂၅၀၀၀) ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ ပြည်ပက ဒရုန်းပညာရှင်တွေလည်း ပါဝင်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောဆိုပါတယ်။ ဒါပေမဲ့ ပြည်ပဒရုန်းပညာရှင်တွေနဲ့ ပတ်သက်လို့ တိတိကျကျ ထည့်မပြောသွားပါဘူး။
MNDAA ပြန်ကြားရေး တာဝန်ရှိသူ လီကျားဝင်းကတော့ စစ်ဆင်ရေးအတွင်း ပြည်ပ ဒရုန်းပညာရှင်တွေ ပါဝင်တယ်ဆိုတဲ့ ကိစ္စကို ငြင်းဆိုပါတယ်။
"သူတို့ရဲ့ တပ်တွင်းပြိုကွဲမှုတွေကို အတွင်းပိုင်းပြိုကွဲမှုကို ဖုံးကွယ်ချင်လို့ ကျွန်တော်တို့ဘက်က အင်အားအလုံးအရင်း သုံးတယ်လို့ သူက ပြောတာပါ။ ပြည်ပဒရုန်းပညာရှင်ဆိုတဲ့ ဒီပြည်ပဆိုတဲ့ စကားလုံးက သူက ဘယ်နိုင်ငံကို စွပ်စွဲချင်ပြန်ပြီလဲ မသိဘူး။ အခုကျတော့ ပညာရှင်တွေ ဘယ်လောက်ရှိတယ်။ ဘယ်လိုအင်အားသာလွန်တယ်ဆိုပြီး စွပ်စွဲတယ်။ ဒါကသူပြောလိုက်တဲ့စကား ကိန်းဂဏန်းက သူ့ရဲ့ ဦးဆောင်နိုင်မှု ဘယ်လောက်ညံ့ဖျင်းနေလဲဆိုတာ ပြနေတာပါ"
စစ်ဆင်ရေးမှာ ပြည်ပပညာရှင်တွေရဲ့ အကူအညီသာရခဲ့ရင် လက်ရှိစစ်ရေး အောင်မြင်မှုထက် ပိုပြီးအောင်မြင်နိုင်တယ်လို့လည်း လီကျားဝင်းက ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းမြောက်တိုက်ပွဲတွေအတွင်း MNDAA အသုံးပြုနေတဲ့ ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ်တွေဖြစ်ပြီး ဈေးကွက်အတွင်း အလွယ်တကူဝယ်လို့ရနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီ လေတပ်ကနေ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဗိုလ်ကြီး ဇေသူအောင်ကတော့ စစ်ကောင်စီခေါင်းဆောင်ဟာ ရှမ်းမြောက်က စစ်ရေးရှုံးနိမ့်မှုကို ဝန်မခံဘဲ ကျူးကျော်စစ်ပုံစံနဲ့ ဖန်တီးပြောဆိုနေတယ်လို့ ဝေဖန်ပါတယ်။
“နိုင်ငံခြားကနေပြီး ထောက်ပံ့လို့ ဒီလိုမျိုး တိုက်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး ပြောတာပေါ့။ ပြည်ပ ကျူးကျော်စစ် ပုံစံမျိုး သူက လုပ်တာ။ ပြည်ပကနေ ဒရုန်းပညာရှင်ပါဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ လွယ်လည်း မလွယ်ဘူး။ ဘယ်သူမှလည်း သိသာမှု မရှိဘူး။ ဒါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေကရော၊ လက်ရှိ ဒီတော်လှန်ရေးမှာ ပါဝင်လာတဲ့ လူငယ်တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ အရ ဒါတွေကြောင့်မို့သာလျှင် ဒရုန်းတွေက အရမ်းအားကောင်းလာတာပါ။ စစ်တပ်မှာက အဲလိုနည်းပညာ မရှိဘူး။ နောက်ပြီး စစ်တပ်က သူတို့ရဲ့ အင်အား မရှိမှု၊ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေ ဒါတွေမပြောဘဲ ပြည်ပကနေ ကူညီထောက်ပံ့ လို့သာ သူတို့ ရှုံးတယ်ဆိုတာ ပြချင်လို့သာ အဲလိုပြောတာ”
စစ်ကောင်စီတပ်ဟာ စစ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွတ်နေရပြီး တရုတ်-မြန်မာ နယ်စပ် တစ်ခုလုံးကို မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေက ထိန်းချုပ်သွားနိုင်တယ် လို့ ဗိုလ်ကြီး ဇေသူအောင်က သုံးသပ်ပါတယ်။
လက်ရှိမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ စစ်ဆင်ရေးတစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော်ကို သိမ်းယူထားသလို ကွမ်းလုံ၊ မုံးကိုး၊ နမ့်ခမ်း၊ ချင်းရွှေဟော်မြို့တွေနဲ့ ပန်ဆိုင်း (ကြူကုတ်) ၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်၊ ဖောင်းဆိုင်ဒေသ၊ နမ့်စလပ်ဒေသတွေကို ထိန်းချုပ်ထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို အပြစ်တင်ချင်ပုံရတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“တကယ်တမ်း စခန်းတွေ ဆုတ်ခွာသွားတာ ညီနောင်သုံးဖွဲ့ရဲ့ စစ်ရေးမဟာဗျူဟာ ၁၀၂၇ အစီအစဉ် ကောင်းမွန်မှုကြောင့် ကျွန်တော်တို့ လမ်းတွေ ပိတ်ဆို့ပြီးတော့ ကြည်းကြောင်း က ဘာမှ ဖြန့်ကျက်လို့ တိုးဝင်လို့ မရဘူး။ စခန်းပေါင်း နှစ်ရာကျော်ဟာ ကြည်းကြောင်း ထိုး စစ်တွေအတွင်းမှာ ညီနောင်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံရလို့ ဖြစ်ပါတယ်။ ဆိုလိုတာက စစ်ကောင်စီရဲ့ ပြောတဲ့စကားတွေကို ချုပ်လိုက်ရင် သူ အရှေ့မြောက်မှာ စစ်ရှုံးနေရတဲ့ ပြဿနာဟာ ဒရုန်းတွေကြောင့်၊ ဒရုန်းတွေက ဘယ်ကလာသလဲ ဒရုန်းတွေကို တရုတ်က ပေးတယ်ဆိုတာကို ပါးစပ်က ထုတ်မပြောပေမယ့် သူပြောချင်တဲ့ သဘောက အဲဒါပါ။ အဲတော့ ပြောချင်တာ အရှေ့မြောက် စစ်ဆင်ရေးဟာ တရုတ်ရဲ့ အားပေးကူညီမှုကြောင့် ဒီလောက်အောင်မြင်မှုတွေရပြီး သူတို့ ဆုံးရှုံးနေရပါတယ် ဆိုပြီးတော့ မိုးကြိုးပစ်တဲ့နေရာမှာ ထန်းလျက်နဲ့ ကာဖို့ကြိုးစားနေတဲ့ ကိစ္စသာ ဖြစ်ပါတယ်”
နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း လောက်ကိုင်မြို့အနီး ကုန်းကြမ်းမြို့က လူအင်အား ၂၇၂ ဦးရှိတဲ့ ခလရ-၁၂၅ တပ်ရင်းတစ်ခုလုံး လက်နက်ချခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တစ်လမပြည့်ခင် နိုဝင်ဘာ ၂၁ ရက်နေ့အထိ ပြည်နယ်ငါးခုမှာ စစ်ကောင်စီဘက်က တပ်ရင်း နှစ်ရင်း အပါအဝင် လက်နက်ချ အလင်းဝင်တဲ့ စစ်တပ်နဲ့ ရဲအင်အား သုံးရာလောက် ရှိနေပါတယ်။ ကိုးကန့်တပ်ဖွဲ့ ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရဆိုရင် ကိုးကန့်ဒေသမှာတင် လက်နက်ချတဲ့ တပ်ရင်းသုံးခုအထိ ရှိနေပါပြီ။
၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ နောင်ချို၊ လားရှိုး၊ မန်တုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ ကျောက်မဲ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။