စစ်ကောင်စီကို အမြန်ဆုံးတရားစွဲတင်နိုင်ဖို့ UNHRC ကို အရပ်ဘက်အဖွဲ့ ၁ဝဝ ကျော် တောင်းဆို

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2022.03.10
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီကို အမြန်ဆုံးတရားစွဲတင်နိုင်ဖို့ UNHRC ကို အရပ်ဘက်အဖွဲ့ ၁ဝဝ ကျော် တောင်းဆို ၂ဝ၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူ တချို့။
Photo - AFP

မြန်မာပြည်မှာ စစ်တပ်က လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ထပ်ခါတလဲလဲ ပြောနေရုံနဲ့ မလုံလောက်ဘဲ အမြန်ဆုံး တရားစွဲဆိုနိုင်ရေး နည်းလမ်းတွေရှာဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကို ပြည်တွင်း ပြည်ပ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁ဝဝ ကျော်က တောင်းဆိုလိုက်ပါတယ်။

“အမှန်အတိုင်းပြောရရင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ကျမတို့ အားမရနေဘူး၊ သူတို့လုပ်သင့်တဲ့အလုပ်ကို လုပ်မနေဘူးလို့ ခံစားရတယ်၊ ကောင်းကောင်းမွန်မွန်ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ဘူးဆိုရင် စစ်တပ်က ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်နေဦးမှာပဲ”

မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေက ထိရောက်မှုမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူဖို့ ပျက်ကွက်နေတာကြောင့် မြန်မာစစ်တပ်က ပိုမိုအတင့်ရဲပြီး မြန်မာ ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတာလို့ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ချင်းလူ့အခွင့် အရေးအဖွဲ့၊ ရှေ့ပြေးအသံ အဖွဲ့၊ Justice For Myanmar၊ ဗြိတိန်နိုင်ငံရောက် ရိုဟင်ဂျာအဖွဲ့ (BROUK) စတဲ့ အရပ်ဘက်အဖွဲ့ပေါင်း ၁ဝဝ ကျော်က မတ်လ ၇ ရက်နေ့စွဲနဲ့ လူ့အခွင့်အရေး ကောင်စီထံ ပေးပို့တဲ့ အိတ်ဖွင့် ပေးစာမှာ ဝေဖန်ထားပါတယ်။

အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောရေးဆိုခွင့် ရှိသူ နော်ထူးထူး က စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်နေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် တရားမျှတမှုရဖို့ အလှမ်းဝေးနေဦးမယ်လို့ ပြောပါတယ်။

“အမှန်အတိုင်းပြောရရင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ကျမတို့ အားမရနေဘူး၊ သူတို့လုပ်သင့်တဲ့အလုပ်ကို လုပ်မနေဘူးလို့ ခံစားရတယ်၊ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ဘူးဆိုရင် စစ်တပ်က ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်နေဦးမှာပဲ၊ အကြမ်းဖက် လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အဓိပ္ပာယ်ရှိတဲ့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ပျက်ကွက်နေဦးမယ်ဆိုရင် ကျမတို့မြန်မာပြည်သူတွေအနေနဲ့ တရားမျှတမှု ရဖို့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာဖို့ အလှမ်းဝေးနေဦးမှာပေါ့နော်။”

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်လုပ်နည်းအတိုင်း ချဉ်းကပ်တုံ့ပြန်တာတွေ မလုပ်ဖို့လည်း အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်း ဇအုပ်လိန်း က လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေး ကောင်စီမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ လူ့အခွင့်အရေး အခြေအနေက တော်တော်ဆိုးဝါးလာတာ တွေ့ရတယ်။ လူ့အခွင့်အရေးကောင်စီ ကလည်း အခုချိန်ထိ မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ တကယ် seriously အရေးယူထားတာ မတေ့ွရသေးပါဘူး။ အခု လူ့အခွင့်အရေးကောင်စီအနေနဲ့ တကယ်ထိရောက်တဲ့နည်းလမ်းတွေသုံးပြီး ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။ မြန်မာပြည် လူ့အခွင့် အရေးအခြေအနေအတွက် အထူးဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး ကောင်စီက အထူးတာဝန်ရှိပါတယ်။”

ရှေ့ပြေးအသံ Progressive Voice အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း စစ်ကောင်စီကို အရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC အနေနဲ့ တရားရုံးဖြစ်စေ၊ ခုံရုံးဖြစ်စေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“စကစရဲ့ အကြမ်းဖက်မှုတွေကို အထူးသဖြင့် ဆိုးဝါးတဲ့ လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် လူ့အခွင့်အရေးကောင်စီမှာ တာဝန် ရှိတယ်လေနော်၊ ကျူးလွန်နေတဲ့သူတွေကို နိုင်ငံတကာဥပဒေအရ တာဝန်ယူမှု တာဝန်ခံမှုရအောင် အပြစ်ပေးအရေးယူနိုင်အောင်လို့ နိုင်ငံတကာတရားစီရင်ရေး ယန္တရား တစ်ခုကို ဖွဲ့ဖို့ လူ့အခွင့်အရေးကောင်စီအနေနဲ့ ဘယ်လိုနည်းနဲ့ ဖွဲ့လို့ရမလဲဆိုတဲ့ နည်းနာကို သေသေချာချာ ရှာဖွေပြီး ဒီကိစ္စဖြစ်အောင်လုပ်ပေးဖို့ တောင်းဆိုထားတာ ဖြစ်တယ်။ စကစရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရာဇဝတ်မှုကျူးလွန်တာတွေ အကုန်လုံးက သက်သေခံအထောက်အထားက ထပ်ပြီး ရှာစရာမလိုအောင်ကို ပုံအောနေပြီ၊ ဒါကြောင့် ကျမတို့အခုတောင်းဆိုတာကို လူ့အခွင့်အရေးကောင်စီအနေနဲ့ တရားရုံးတစ်ခု၊ ခုံရုံးတစ်ခုဖြစ်လာနိုင်ဖို့ လုပ်ဆောင်နိုင်မယ်လို့ ကျမတို့တော့ မြင်တယ်။”

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတင်မကဘဲ ၂ဝ၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် ၂ဝဝ၂ ဇူလိုင် ၁ ရက်နေ့ကစပြီး စစ်တပ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာတရားရုံး ICC မှာ အရေးယူနိုင်ဖို့ ကိုလည်း ဒီအဖွဲ့ ၁၁၆ ဖွဲ့က တောင်းဆိုထားပါတယ်။

“ရုရှားသမ္မတကလည်း ယူကရိန်းပြည်သူလူထုကို စစ်ကြေညာပြီး စစ်တိုက်တယ်၊ လူကိုသတ်နေတယ်၊ ထိုနည်းတူပဲ မင်းအောင်လှိုင်က မြန်မာပြည်သူလူထုကို စစ်ကြေညာတယ်၊ မြန်မာပြည်သူလူထုကို နေ့တိုင်း ညတိုင်း သတ်ဖြတ်တယ်၊ နောက်ဆုံးတော့ လူက သေတာပဲ။”

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုရပ်တန့်သွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေ ဒီ့ထက် ပိုလိုအပ်တယ်လို့ ပြောကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက မြန်မာပြည်အရေးကို နိုင်ငံတကာရဲ့ တုံ့ပြန်မှုက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ယူကရိန်းအရေးနဲ့ နှိုင်းယှဉ်ပြီး သူ့အမြင်ကို ပြောပါတယ်။

“ယူကရိန်းမှာ ဖြစ်တာ ၂ပတ်လောက်ပဲရှိသေးတယ်၊ ဒါပေမယ့်လည်း ICC က ယူကရိန်းကို သွားပြီဆိုတာ အားလုံးသိတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာ ကြာလှပြီ၊ ဘာလို့ ICC က မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အဲ့လောက်ထိ ကြာနေသေးလဲဆိုတာ မေးစရာဖြစ်လာပြီ။ တဘက်က ပြောမယ်ဆိုရင် တရား စီရင်ရေးတစ်ခုတည်း မဟုတ်တော့ဘဲနဲ့ နိုင်ငံရေးအရ ဖိအားလည်း တော်တော်လိုအပ်တယ်ဆိုတာ အင်မတန်မှ ဖြစ်ပေါ်ဖို့ ခက်ပါတယ်။ ရုရှားသမ္မတကလည်း တကယ်တမ်းဆိုရင် ယူကရိန်းပြည်သူ လူထုကို စစ်ကြေညာပြီး စစ်တိုက်တယ်၊ လူကိုသတ်နေတယ်၊ ထိုနည်းတူပဲ မင်းအောင်လှိုင်က မြန်မာပြည်သူလူထုကို စစ်ကြေညာတယ်၊ မြန်မာပြည်သူလူထုကို နေ့တိုင်း ညတိုင်း သတ်ဖြတ်တယ်၊ နောက်ဆုံးတော့ လူက သေတာပဲ။ ဒါနှစ်ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်တို့အတွက် ပြောစရာ မေးခွန်းထုတ်စရာ အများကြီးရှိလာသလို နိုင်ငံတကာမှာလည်း Justice and Accountability တစ်ခုတည်းမကပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လာရင် သံခင်း တမန်ခင်းနဲ့ ပတ်သက်လာရင် ဖိအားနဲ့ ပတ်သက်လာရင် လူသားချင်း စာနာထောက်ထားမှုနဲ့ ပတ်သက်လာရင် အများကြီး မေးခွန်းထုတ်စရာ ရှိလာပြီ။”

military (4).jpg
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: AFP)

ဒါ့အပြင် NUG အနေနဲ့ စစ်ကောင်စီကို နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကတော့ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်  ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ‘ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု’ ကျူးလွန်သူတွေကို တရားစွဲဆိုရာမှာ အထောက်အကူ ဖြစ်မယ့် အမှုတွဲတည်ဆောက်နေတယ်လို့ အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ၂ဝ၂၂ ဖေဖော်ဝါရီ ၁ရက်နေ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေက အောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ အရပ်ဘက်အဖွဲ့အစည်း ၁ဝဝ ကျော်က ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မြန်မာပြည်မှာ နေအိမ်တွေ မီးရှို့ခံရတာ၊ ပြည်သူတွေ သတ်ဖြတ်ခံရတာအပါအဝင် ရာဇဝတ်မှုတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ သောင်းကျန်းသူတွေအဖြစ် သူတို့ ကြေညာထားတဲ့ NUG၊ CRPH နဲ့ PDF စတဲ့ အဖွဲ့တွေကသာ ကျူးလွန်တာဖြစ်ပြီး သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၁၃လအတွင်း ကလေး ၁ဝဝ ကျော်အပါအဝင် အရပ်သား ပြည်သူ ၁၆ဝဝ ကျော် သေဆုံးခဲ့ပြီး၊ အခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၉၅ဝဝ ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။