ရှစ်လေးလုံးနဲ့  ၂၀၂၁ အရေးတော်ပုံ နှိုင်းယှဉ်ချက်

ဒေါ်စမ်းစမ်းတင်(ဝါရှင်တန် ဒီစီ)
2021-04-18
Share
ရှစ်လေးလုံးအရေးတော်ပုံကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ သမိုင်းတစ်ပတ် ပြန်လည်အောင် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ မှာ ဖန်တီးလိုက်ပြန်ပါတယ်။ သမိုင်းတစ်ပတ် ပြန်လည်ပေမယ့် ၈၈ လို အိမ်နီးချင်းနိုင်ငံတွေကို အားကိုးလို့ ရ၊ မရ စောင့်ကြည့်ရမယ့် အနေအထားမှာရှိနေပါတယ်။

ရှစ်လေးလုံးတုန်းက ဆန္ဒပြလို့ စစ်အာဏာသိမ်း ထပ်သိမ်းလိုက်တာဖြစ်ပြီး ၂၀၂၁ ကတော့ စစ်အာဏာသိမ်း လိုက်တဲ့အတွက် ဆန္ဒပြတာပါ။ ၁၉၆၂ က ၁၉၈၈ ထိ ၂၆ နှစ်ကာလမှာ စစ်တပ်နဲ့ စစ်တပ် ကျောထောက် နောက်ခံ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီ စနစ်ဆိုးကို လူထုက လက်မခံတာဖြစ်ပြီး ၂၀၂၁ ကတော့ စစ်အာဏာသိမ်းတာကို လူထုက လက်မခံတာမို့ ဘယ်ရှုထောင့်ကကြည့်ကြည့် စစ်တပ်ပဲအုပ်ချုပ်ချုပ် စစ်တပ် ကျောထောက်နောက်ခံ ဘယ်အဖွဲ့ပဲ အုပ်ချုပ်အုပ်ချုပ် လူထုက လက်မခံနိုင်တာကို ထင်ဟပ်ပြတဲ့ သဘော ဆောင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူထုက တခဲနက် မဲပေး ခဲ့တာဟာ စစ်အာဏာရှင်ကို မလိုလားတဲ့အတွက်လို့ တောင်သူလယ်သမား အကျိုးဆောင်ရွက်ရင်း မြန်မာ့အရေး လေ့လာတဲ့ ဦးဇော်ရမ်းက သုံးသပ်ပါတယ်။

ရှစ်လေးလုံးကာလတုန်းက မြန်မာနိုင်ငံနဲ့ ၂၀၂၁ စစ်အာဏာအသိမ်းခံ မြန်မာနိုင်ငံ အခြေအနေက မတူတော့ သလို ၁၉၈၈ ခုနှစ် မတိုင်ခင် တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့ကာလနဲ့ ဈေးကွက်စီးပွားရေး ဖွင့်ထားတဲ့ ၂၀၂၁ မှာ မတူတော့ပါဘူး၊ ဦးနေဝင်းလက်ထက်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု မရှိသလောက်နဲ့ ပြည်ပသွင်းကုန်ဆိုလည်း မရှိမဖြစ် လိုအပ်သလောက်ပဲ အကန့်အသတ်နဲ့ တင်သွင်းခဲ့တာပါ။

မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ လာရောက်မယ်ဆိုလည်း ပြည်ဝင်ခွင့်ဗီဇာက သီတင်းတစ်ပတ်ပဲပေးတဲ့ ကာလရှိပြီး မြန်မာနိုင်ငံသားတွေပြည်ပသွားရင်လည်း နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ်ရဖို့ အလွန်မတန် ခဲယဉ်းလှပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ပိုင်း မဆလ မူဝါဒကို ချန်ထားခဲ့ပြီး ဈေးကွက်စီးပွားရေး ဖွင့်လိုက်တဲ့အခါ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း ရောက်လာပါတယ်။ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ပဏီကြီးငယ်တွေအပြင် နိုင်ငံတော်အဆင့် စီမံချက်ကြီးတွေ၊ နိုင်ငံစုံနွယ်တဲ့ စီမံချက်ကြီးတွေ ပေါ်ပေါက်လာ ပါတယ်။

ဒီလို အကျိုးစီးပွားတွေ ရှိလာတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေက လူ့အခွင့်အရေးရှုထောင့်၊ လူသားချင်း စာနာမှု ရှုထောင့်ကြည့်မလား၊ စစ်ကောင်စီနဲ့လရေလိုက်ငါးလိုက်နေပြီး သူ့နိုင်ငံအကျိုးစီးပွား ပိုကြည့်မလားဆိုတာ ချိန်ထိုးမယ့်အနေအထားမှာ ရှိနေပါတယ်။

စစ်အာဏာကို အံတုရင် လက်နက်မဲ့ကို လက်နက်နဲ့ အနိုင်ကျင့်ဖို့ အရိုးစွဲနေတဲ့ စစ်တပ်က ထုံးစံအတိုင်း အကြမ်းဖက်နှိမ်နင်းတဲ့အခါ လုံခြုံရေးနဲ့ အသက်ဘေးကြောင့် မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေကို ထွက်ပြေးကြပါတယ်။ ရခိုင်ပြည်နယ်ပဋိပက္ခမှာ ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းပြီး အကြမ်းဖက်ဖြိုခွင်းချိန်မှာ ထိုင်းနဲ့ အိန္ဒိယကို အများဆုံး ရောက်သွားကြပါတယ်။

စစ်ကောင်စီက KNU ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဖာပွန်ခရိုင်က ကျေးရွာတွေကို မတ်လ ၂ရ ရက်ကစ လကုန်တဲ့ထိ လေကြောင်းက တိုက်ခိုက်လို့ လူ ၁၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာရပြီး လူ ၃၀၀၀ လောက် ထိုင်းကို ထွက်ပြေးသွားကြပါတယ်၊ သူ့နိုင်ငံရောက်လာတဲ့ ကရင်ဒုက္ခသည်တွေကို ထိုင်းက ပြန်နှင်ထုတ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပြီး ထိုင်းအာဏာပိုင်တွေကတော့ ဒီသတင်းကို ငြင်းပါတယ်၊ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ချိန်အိုချာဆိုရင် လူ့အခွင့်အရေး ရှုထောင့်ကြည့်ရမယ်လို့ ပြောပေမယ့် သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းကို ရောက်လာတဲ့ ဒုက္ခသည်အများစုဟာ မတ်လ ၃၁ ရက်အရောက်မှာပဲ သဘော ဆန္ဒအလျောက် ပြန်ကြပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပြန်ပါတယ်။ အိန္ဒိယကို ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုတွေ အပါအဝင် မြန်မာနိုင်ငံက ထွက်ပြေးကြသူတွေ ရောက်သွားတဲ့ သတင်းတွေ ထွက်လာပြီး နောက်ပိုင်းမှာ မီဇိုရမ်ကိုရောက်လာတဲ့ သူတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်နှင်ထုတ်ဖို့ ပြည်နယ်အစိုးရက အမိန့်ထုတ်ပြီး နောက်ပိုင်း ပြန်ရုပ်သိမ်းပါတယ်။ အာဏာပိုင်တွေကသာ အမိန့်အမျိုးမျိုးထုတ်ပေမယ့် မြန်မာနိုင်ငံက ချင်းတိုင်းရင်းသား မျိုးနွယ်နဲ့ အိန္ဒိယက မီဇိုလို့ခေါ်တဲ့ တိုင်းရင်းသားမျိုးနွယ်က တူတူပဲမို့ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့တော်မှာ ဒုက္ခသည်တွေအတွက် အဆိုအတီး ဂီတဖျော်ဖြေပွဲတွေနဲ့ ရန်ပုံငွေရှာတာ ဒေါ်လာ ၄၀၀၀ ကျော်ရရှိတယ်လို့ The Guardian သတင်းက ဖော်ပြပါတယ်။

နောက်အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံနယ်စပ် ရွေလီမြို့မှာ covid-19 ဖြစ်ပွားနေတဲ့ အတွက် မြန်မာနိုင်ငံက ဝင်လာတဲ့လူတွေဆီက ပါလာသလားလို့ ခြေရာခံနေတယ်လို့ အာဏာပိုင်တွေက ပြောတဲ့အတွက် နယ်စပ် ဖြတ်ပြီး ဝင်လာမယ့်လူတွေကို သတိပေးချက် ထုတ်ပြန်တာနဲ့ တူနေပြန်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှု အကြမ်းဖက်ဖြိုခွင်းမှုမှာ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် ခိုလှုံသူတွေကို အိမ်ရှင် နိုင်ငံတွေက ရှစ်လေးလုံးတုန်းကလို လိုလိုလားလား လက်ခံချင်စိတ် မပေါ်တာဟာ သူ့နိုင်ငံ အကျိုးစီးပွားတွေ မြန်မာနိုင်ငံမှာ ရှိနေတာကလည်း အကြောင်း တစ်ကြောင်းလို့ တချို့ကသုံးသပ်ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့