မနီလာသိန်း အာမခံနဲ့ ပြန်လွတ်လာ

2019-05-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း။
Photo: Kyaw Zaw Win/ Aung Thain Kha

၈၈ မျိုးဆက် က မနီလာသိန်းကို ဗိုလ်တထောင်ရဲစခန်းက မနေ့ညမှာ လာရောက်ဖမ်းဆီးပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

~~~~~~~~~~

■ ၈၈ မျိုးဆက် ငြိမ်းပွင့်အဖွဲ့က မနီလာသိန်းကို ရန်ကုန်အရှေ့ပိုင်း ၅၁ လမ်း နေအိမ်မှာ အင်္ဂါနေ့ မနေ့ည ၁ဝ နာရီ ၁၅ မိနစ်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးပါတယ်။ ဗိုလ်တထောင်မြို့နယ် ရဲစခန်းကို အမှုရင်ဆိုင်ဖို့ သွားရောက်နေစဉ်အတွင်း မနီလာသိန်းက RFA ကို အခုလို ပြောခဲ့ပါတယ်။

“အခု ရဲစခန်းက လာခေါ်တယ်ပေါ့။ ဒါပေမယ့် ရဲတွေတော့ အိမ်ပေါ် မတက်ဘူး။ ကျွန်မတို့ ဆယ်အိမ်မှုးနဲ့ အတူပေါ့။ ဆယ်အိမ်မှုးနဲ့ အတူ ကျွန်မ လိုက်ခဲ့မယ်။ ကျွန်မက ထွက်ပြေးမယ့်သူလည်း မဟုတ်ဘူး။ ကျောပိုးအိတ်နဲ့ အ၀တ်အစားတွေ အဆင်သင့်ထည့်ထားတာလို့ ကျွန်မက ပြောထားပြီးသား။ အခု ၅၁ လမ်းထိပ် ရောက်နေတယ်။ လမ်းက မီးမှောင်နေတာ။ လမ်းကို မီးဖြတ်လိုက်ကတည်းက ကျွန်မ သိပြီးသား။ ကျွန်မတို့ကို လာခေါ်ပြီ ဆိုတာ။ ကျွန်မ ဆယ်အိမ်မှူးနဲ့ ကျွန်မနဲ့ ဗိုလ်တထောင် ရဲစခန်းကို သွားရမှာ“

ဖမ်ဆီးခံနေရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ တနင်္လာနေ့က ရုံးထုတ်ခဲ့စဉ်အတွင်း သွားရောက်ခဲ့ကြတဲ့ မနီလာသိန်း အပြင် ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဌ ဟောင်း ကိုနန်းလင်း၊ အသံလူ့အခွင့်အရေးအဖွဲ့က မရှားယမုံ၊ ဒေါင်းတို့မျိုးဆက်က ကိုနိုင်ကိုသူ နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမင်းဟန်ထက်တို့ကို ရဲတပ်ဖွဲ့က ဝတ္တရားနှောင့်ယှက်မှု နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မတွေနဲ့ တရားစွဲထားတယ်လို့ မီဒီယာ အချို့က ဖော်ပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က တရားဝင် ပြောဆိုချက်ကို မရရှိသေးပါဘူး။

တရားရုံးမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လာရောက်ဝန်းရံသူတွေအကြား တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကို ရဲတွေက စတင်ခဲ့တာဖြစ်တယ်လို့ မနီလာသိန်း က ပြောပါတယ်။

“မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ ဆင်းလာတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဒီကလေး နှစ်ယောက်ကို ဆောင့်တွန်းထည့်လိုက်တယ်။ အဲဒီကစပြီး ပြဿနာဖြစ်တာ။ အဲဒီတော့ သူတို့ဘက်က ပြဿနာဖြစ်အောင် ရဲဝန်ထမ်းတွေကိုယ်တိုင် မြို့နယ်မှူးတွေကိုယ်တိုင် အဂတိပါနေတယ်။ အဲဒီလို တရားဥပဒေ တဖက်စောင်းနင်းဖြစ်နေတဲ့ အရာတွေကိုလည်း ကျမတို့က ပြန်တရားစွဲမှာ ဖြစ်တယ်။ အခု ကျမတို့ ရန်ကုန်တိုင်းမှာ တပ်က ဆိုတာနဲ့ ဘယ်သူတဦးတယောက်ကမှ တာဝန်ခံမှု၊ တာဝန်ယူမှု လုံးဝမရှိဘူး။ အဲဒါကြောင့် ဒီလိုကျောင်းသားတွေ ဖြစ်နေတာ၊ တရားရေးမဏ္ဍိုင် တဖက်သတ် ဖြစ်နေတာတွေကို ကျမတို့အနေနဲ့ လုံးဝလက်မခံနိုင်တဲ့အတွက် ဝင်ရောက်ပြောဆိုတယ်။ အဲဒီအတွက် ကျမတို့ကို အခု တရားစွဲခံရတယ်”

မနေ့ညက ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှာ သူ့ကို မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့က တိုင်ကြားလို့ အရေးယူခြင်း ဖြစ်ကြောင်း ပြောကြားပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ မနီလာသိန်း က RFA ကို ပြောပါတယ်။

“ဗိုလ်တထောင် တရားရုံးမှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အခါမှာ သူတို့ ရဲဝန်ထမ်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တဲ့အတွက်၊ မင်္ဂလာတောင်ညွှန့်ရဲစခန်းက ရဲအုပ် ရန်ပိုင်ကနေ တိုင်ကြားတဲ့အတွက် ကျွန်မကို လာရောက်ဖမ်းဆီး ခေါ်ဆောင်ခြင်း ဖြစ်တယ်။ အဲဒါကြောင့် ဟိုရောက်တဲ့အခါမှာ ဒီကိစ္စ နဲ့ ပက်သက်ပြီး ကျွန်မ စစ်ဆေး အမေးမြန်းမခံနိုင်ဘူး။ ကျွန်မရဲ့ Biography အကျဉ်းပဲ ကျွန်မ ပေးတယ်။ ပေးပြီး ကျွန်မထွက်မပြေးဘူးဆိုတဲ့ အကြောင်းကို၊ တရားရုံးကို လာမယ်ဆိုတဲ့ အကြောင်းကို ကျွန်မ ကိုယ်ပိုင် ခံဝန်ကတိ ထိုးခိုင်းတယ်။ ကျွန်မက လက်မှတ် မထိုးနိုင်ဘူးလို့။ အဲဒီတော့ ကျွန်မနဲ့ အတူတူပါလာတဲ့ ၈၈ က မနုနုအောင် နဲ့ ရှေ့နေ ကိုလင်းကနေပြီးတော့ လက်မှတ်ထိုးခဲ့တယ်။ ကျန်ရှိတဲ့ နောက်ထပ် လေးယောက်ကို မနက်ဖြန် ကျရင်၊ ဒီရဲစခန်းမှာ ကိုယ်ရေးမှတ်တမ်း သူတို့ယူလိမ့်မယ်။ ယူပြီး  ကျွန်မတို့ ငါးယောက် စလုံး စုံသွားတဲ့ အခါမှ ရုံးချိန်း ဘယ်နေ့ဆိုတာ အကြောင်းပြန်လိမ့်မယ်”

ဗိုလ်တထောင်ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း အတည်ပြုပေမယ့် တခြားအချက်အလက်တွေကို သူမသိဘူးလို့ တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့