မောင်တောသွားတဲ့ ရဲယာဉ်တန်းတခု မိုင်းခွဲ တိုက်ခိုက်ခံရ

0:00 / 0:00

ရသေ့တောင်မြို့နယ်အငူမော်ကနေ မောင်တောမြို့နယ်ကိုသွားတဲ့ ရဲယာဉ်တန်းတခုဟာ မနေ့မနက် အစောပိုင်းက မောင်တောမြို့နယ် အောင်ဗလ ကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာကြားမှာ ရခိုင့်တပ်တော် AA အဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှုး ဗိုလ်မှုးကြီးဝင်းဇော်ဦးက RFA ကို အခုလိုပြောပါတယ်။

“ရဲယာဉ်တန်းတခုပေါ့။ အုပ်ချုပ်မှုကိစ္စတခုလုပ်ဖို့အတွက် လာတဲ့ ရဲယာဉ်တန်းတခု ဒုံးပိုက်နားမှာ အငူမော်ကနေသွားရင် နာရီဝက်လောက်ပဲ ရှိတဲ့နေရာ။ AA က (Remote ) အဝေးထိန်း မိုင်းနဲ့ခွဲတာ- ဘာမှမဖြစ်ဘူး။ ကားလည်း ဘာမှမဖြစ်ဘူး။ နဲနဲလည်း ဝေးတယ်။ ဒီကားလမ်းကြီးက ကွန်ဂရစ်လမ်းဆိုတော့ လမ်းပေါ်ထောင်လို့မရဘူး။ လမ်းနဲ့ ခပ်ခွာခွာ ထောင်ရတဲ့အတွက်ကြောင့် ဘာမှထိရောက်မှုမရှိဘူး ”

ဒီမိုင်းခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး AA ရခိုင့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ခုလိုပြောပါတယ်။

“အဲဒါ ရဲကားကို တိုက်တာမဟုတ်ဘူး။ ရဲယူနီဖောင်းဝတ်ထားတဲ့ စစ်သားတွေ ရဲအယောင်ဆောင်ပြီး သွားနေတဲ့ စစ်သားတွေကို တိုက်တာ။ ခု ဒီရခိုင်ပြည်နယ်တွင်းမှာက ဗမာစစ်သားတွေက သူတို့ရဲ့ စစ်တပ်ကားတွေနဲ့ မသွားရဲတော့ဘူး။ ဒီရက်ပိုင်းမှာ တချို့တပ်မက စစ်သားတွေ ရဲယူနီဖောင်းတွေ ဝတ်ပြီးမှ ရွှေ့ပြောင်းတာတွေရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အရင်ကလည်း ထုတ်ပြန်ချက်တွေ ထုတ်ထားခဲ့တာရှိတယ်။ ဗမာစစ်တပ်ဘက်က အရပ်သားကားတွေ အသုံးပြုတာမျိုး၊ ဒီရက်ပိုင်းမှာဆိုရင် သူတို့က အရပ်ဘက်ကားတွေမှာ တာလပတ်တွေချုပ်ပြီး အထဲမှာ စစ်သားတွေ- အဲလိုလုပ်နေတာရှိတယ်။ ပြောရမယ်ဆိုရင် စစ်ကားတွေ စစ်ယူနီဖောင်းတွေနဲ့ မသွားရဲလို့ ရဲကားတွေ ရဲယူနီဖောင်းတွေနဲ့သွားနေတာ။ ဒါကြောင့် ကျနော်တို့က ဒါတွေကို တိုက်ခိုက်ရတာဖြစ်တယ် ”

ပြီးခဲ့တဲ့ရက်တွေကလည်း ဘူးသီးတောင်၊ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ AA ရခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း အခုလိုတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေထိခိုက်နစ်နာ နေရကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ့တပ်မတော်အနေနဲ့ရော အစိုးရကရော တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

"ပြည်သူတွေ ဒုက္ခရောက်ကြတာပေါ့။ အမှန်ကတပ်မတော်က သူတို့စဉ်းစားသင့်တယ်လု့ိမြင်တယ်။ AA ဘက်ကို တရားမဝင်အဖွဲ့အစည်း သောင်းကျန်းသူအဖွဲ့အစည်းဆိုတော့ သူတို့ပဲဆွေးနွေးညှိနှိုင်းမှု လုပ်ရမှာ။ ယုံကြည်အောင်လုပ်ရမှာ။ အဲလိုမလုပ်ဘူးဆိုရင် တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ်။ ပြည်သူတွေကလည်း ထွက်ပြေးကြမှာပဲ။ တနေ့ကဆို ရသေ့တောင်မှာဖြစ်တာ စစ်တွေဘက်တောင် ရောက်တယ်- ထွက်ပြေးကြတာ။ ထွက်ပြေးမှာပေါ့ - မတရားဖမ်းဆီးတာတွေရှိနေတယ်လေ။ လူငယ်တွေဆို ပိုဆိုးတာပေါ့။ ခင်ဗျားတို့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းတာတွေ၊ ပြည်သူပဲ ခံရတာ။ အမှန်က အစိုးရဘက်က သူတို့တွေကို နီးစပ်အောင်လုပ်ဖို့အတွက် ငြိမ်းချမ်းရေးခေါ်ရမယ်။ ကတိတဝတ်တွေပေးပြီး ခေါ်ရမယ်။ သူတို့ပြောတဲ့ အကြမ်းဖက်အဖွဲ့ဆိုတာ တရားစွဲတယ်ဆိုတာ ပြန်ရုပ်သိမ်းရမယ်။ ရုပ်သိမ်းပြီးမှ ဆွေးနွေးပြီး အလျှော့အတင်းလုပ်မှ ငြိမ်းချမ်းမှာ"

ရခိုင်ပြည်နယ်မှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း လေးခုကို AA ရခိုင့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာခဲ့တာပါ။ ဒီရဲကင်းစခန်းတွေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး AA အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အစိုးရက အမှုဖွင့်ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်အဖွဲ့ရဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ငါးသောင်းကျော်ရှိနေတယ်လို့လည်း သိရပါတယ်။

( RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)