ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေရာမှာ ဒီနေ့မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အေအေအဖွဲ့ရဲ့ ယာယီအခြေကုတ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
ဒီနေ့ ညနေ ၄ နာရီလောက်အထိ နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီးနောက် အေအေအဖွဲ့ရဲ့ ယာယီအခြေကုပ်စခန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“ဟိုတစ်နေ့ကနဲ့ မနေ့က တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့နေရာပေါ့။ ယိုးတရုတ်ရဲ့အနောက်မြောက်ဘက် ကျောက်ပုံတောင်မှာဖြစ်တာရှိတယ်။ မနက် ၁၁ နာရီလောက်ကနေဖြစ်တာ ညနေ ၄ နာရီလောက်မှာ အေအေရဲ့ ယာယီအခြေကုပ်နေရာကို ကျွန်တော်တို့ သိမ်းမိတာပေါ့ဗျာ။ အဲဒီမှာတော့ မိုင်းတွေဘာတွေ ရတာရှိတယ်။ ကျန်တာတွေကတော့ ဘာမှမသိသေးဘူး။ ဒီနေ့ကတော့ အဲဒီယာယီအခြေကုပ်စခန်း တစ်ခုပဲ ကျွန်တော်တို့ သိမ်းမိတာရှိတယ်။ အဲဒီမှာ တဲတွေကတော့ အလုံး ၇၀၊ ၈၀ လောက်တော့ ရှိတာပေါ့။ အဲဒီနေရာကို သိမ်းမိတာရှိတယ်။ မိုင်းအလုံး ၃၀၊ ၄၀ လောက်ရတယ်”
ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခကလည်း သုံးရက်မြောက်နေ့အဖြစ် နှစ်ဖက်တိုက်ပွဲပြင်းထန် နေတယ်ဆိုတာကို အတည်ပြုပါတယ်။
အေအေအဖွဲ့ရဲ့ ယာယီခြေကုပ်စခန်းကို သိမ်းတယ်ဆိုတဲ့ တပ်မတော်ဘက်က ပြောဆိုချက်ကိုတော့ ခိုင်သုခက ငြင်းဆိုပါတယ်။

“ကျွန်တော်သိသလောက်ကတော့ အဲဒီလိုဖြစ်စဉ်မျိုး မရှိသေးဘူးဗျ။ အဲဒီလိုမျိုး စခန်းသိမ်းဆည်း ရမိတယ် ဘာညာဆိုတဲ့ဖြစ်စဉ်မျိုးက လောလောဆယ်တော့ မရှိသေးဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ ကျွန်တော်တို့ရဲ့လှုပ်ရှားစစ်ကြောင်းတွေ သွားလာတဲ့အခါမှာ ညအိပ်ရပ်နားစခန်းချတဲ့ နေရာတွေကို သူတို့အဲလိုမျိုးတွေ့ပြီးတော့မှ အဲဒါကိုဓာတ်ပုံရိုက်ပြီးတော့မှ စခန်းသိမ်းဆည်းရမိတယ်ဆိုပြီးတော့ ပြောတာပဲဖြစ်နိုင်တယ်။ အရင်လည်းအဲလိုလုပ်ခဲ့တဲ့ မှတ်တမ်းတွေရှိတယ်”
မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာရှိတဲ့ တပ်မတော်ရဲ့ ထောက်ပို့စခန်းကို အေအေအဖွဲ့က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ၊ စာရွက်စာတမ်းတွေ၊ ရိက္ခာတွေကို သိမ်းဆည်းခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရသူတွေက မဟုတ်မှန်ဘူးလို့ တုံ့ပြန်ထားကြပါတယ်။
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေပါတယ်။
ဒီနေ့မနက်က မောင်တောမြို့ဘက်ကနေ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာဘက်ကိုလာတဲ့ တပ်မတော်ယာဉ် ၃ စီးကို ချိန်ခါလီကျေးရွာအနီးမှာ ဒီနေ့မနက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက တစ်စုံတစ်ရာ အထိအခိုက်တွေ မရှိဘူးလို့ ပြောပါတယ်။
“ဗုန်းဆိုပြီး ဒီလိုပဲကြားလိုက်တယ်။ ပေါက်ကွဲမှုဖြစ်တဲ့ တံတားနားမှာဆိုရင် ပစ်တာတွေဘာတွေ မရှိဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မနက်ပိုင်းက ဒီကိုရောက်လာပြီးပြီ။ လက်နက်ငယ်တွေကတော့ ကားလမ်းအတိုင်း ပစ်ခတ်သွားတယ်လို့ သိရတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကလည်း ကိုယ့်အိမ်မှာပဲ ရှိနေတယ်။ ရွာသားတွေကိုတော့ ဘာမှဒုက္ခမပေးဘူး”
ဒီမိုင်းဆွဲတိုက်ခိုက်မှုဟာ အေအေအဖွဲ့ရဲ့ လက်ချက်လို့ ဒေသခံတွေအကြား ယူဆနေကြပေမယ့် တပ်မတော်နဲ့ AA အဖွဲ့ကတော့ ဒီသတင်းကို မသိရသေးကြောင်း ပြောပါတယ်။
ဒီအတောအတွင်း ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကုန်းတန်း(ခေါ်)ရက်ခုန်းတိုင်ကျေးရွာကနေ မညင်းတောင် ကျေးရွာဘက်ကို ဒီနေ့နေ့လယ်က ထွက်ခွာလာတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုဟာ မညင်းတောင်ကျေးရွာထဲကို ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာသား ၄၀၀ ခန့်လောက်ဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက အခုလို ပြောပါတယ်။
“မညင်းတောင်ကျေးရွာနဲ့ တစ်မိုင်လောက်သာဝေးတဲ့ ရက်ခုန်းတိုင်ကျေးရွာမှာ သူတို့က လေးငါးညဉ့်လောက် အိပ်သွားတယ်။ အဲဒီရွာကထွက်လာတဲ့အချိန်မှာ သူတို့စစ်ကြောင်းက လမ်းမကြီးအတိုင်းလာတယ်။ မညင်းတောင်နားက ဆရာတော်တစ်ပါး သီတင်းသုံးနေတဲ့ တောကျောင်းနားကိုရောက်တာနဲ့ သူတို့က ရွာထဲကိုပစ်တယ်။ ရွာထဲကိုပစ်ပြီးတော့ ဝင်တယ်။ ရွာထဲကိုရောက်တဲ့အချိန်မှာလည်း ပတ်ဝန်းကျင်ကရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာသားတွေအကုန်လုံး ထွက်ပြေးနေရတယ်။ ကျွန်တော်တို့ဆိုလည်း ထွက်ပြေးနေရလို့ အခြားရွာတစ်ရွာကို ရောက်နေတယ်”
မနေ့က အဲဒီ ရက်ခုန်းတိုင်းနဲ့ အာကာတောင်ကြားတစ်နေရာမှာ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် ဒီနေ့အခြေအနေနဲ့ပတ်သက်လို့ သတင်းမရသေးဘူးလို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲဒီကျေးရွာဘက်မှာ တပ်မတော်စစ်ကြောင်း မရှိသလို မနေ့ကလည်း ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ တုံ့ပြန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်လာနေတဲ့အတွက် ဒီတစ်ပတ်အတွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၂၀၀၀ ကျော်အထိရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ပြောပါတယ်။
မြေပုံနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး ဘူးသီးတောင်မှာဆိုရင် မြို့ပေါ်ကိုထွက်ပြေးလာကြတာ အများဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။