မြောက်ပိုင်းညီနောင်အဖွဲ့တွေ သိမ်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေး စတင်
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
"လောလောဆယ်အနေနဲ့တော့ စည်ပင်ကားတွေကို သော့တွေသိမ်းပြီးတော့ သူတို့ ကိုယ်တိုင်မောင်း သူတို့ ကိုယ်တိုင်လိုက်ပြီးတော့ အမှိုက်သိမ်း နေတာတော့ရှိတယ်"
အခုလ ၁၈ ရက်နေ့မှာ TNLA ထိပ်ပိုင်းခေါင်းဆောင်တချို့က နမ္မတူက မြို့မိမြို့ဖတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို တွေ့ဆုံခဲ့ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး CDM မလုပ်ရသေးတဲ့ ဝန်ထမ်းတွေကို CDM လုပ်ကြဖို့ ပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နမ္မတူ မြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။
“အုပ်ချုပ်ရေးပိုင်းဆိုင်ရာအနေနဲ့ နယ်မြေမှူး ဥက္ကဋ္ဌတို့ ဆေးရုံဝန်ထမ်း၊ ကျောင်းဆရာ၊ ဆရာမတွေ အကုန်လုံးခေါ်တာ။ CDM မလုပ်ရသေးတဲ့သူတွေကိုလည်း အကုန်လုံး CDM လုပ်ရမယ်လို့ အဲလို ပြောတာ။ ပြန်လည်ထူထောင်ရေးအပိုင်းတွေ ဘာတွေတော့ ဘာမှမလုပ်သေးဘူးပေါ့လေ။ သူတို့က အုပ်ချုပ်ရေးပိုင်းတွေမှာ သူတို့က ပြန်ပြီးလုပ်ရမှာကိုး။ လောလောဆယ်အနေနဲ့တော့ စည်ပင်ကားတွေကို သော့တွေသိမ်းပြီးတော့ သူတို့ ကိုယ်တိုင်မောင်း သူတို့ ကိုယ်တိုင်လိုက်ပြီးတော့ အမှိုက်သိမ်း နေတာတော့ရှိတယ်။ နောက်ပြီး စာသင်ကျောင်းတွေ ဘာတွေလည်း သူတို့ကိုယ်တိုင် သော့တွေ ဘာတွေယူပြီးတော့ ကိုင်ထားတာပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရော ထွေအုပ်ရုံးပေါ့ဗျာ။ ရှိသမျှ ရုံးတွေအကုန်လုံး သော့တွေဘာတွေယူ စာရွက်စာတမ်း တွေ အကုန်လုံးသိမ်းပြီးတော့ ကိုင်ထားတာပေါ့”
ကျန်းမာရေးဝန်ထမ်းတွေ မရှိသေးတဲ့အတွက် ဆေးရုံတွေ ပြန်မဖွင့်နိုင်သေးပါဘူး။ ဒါကြောင့် ဒေသခံတွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် နီးစပ်ရာကျေးလက်ဆေးပေးခန်းတွေမှာပဲ ကုနေရသေးတယ်လို့ နမ္မတူဒေသခံကပြောပါတယ်။
တိုက်ပွဲကာလမှာ ထွက်ပြေးတိမ်းရှောင်ကြတဲ့ သူတချို့လည်း မြို့ကိုပြန်ရောက်ကြပြီး မနက်ပိုင်းမှာတော့ နမ္မတူမြို့မဈေးကို ပုံမှန်ပြန်ဖွင့်ထားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ချိန်မှာ ပြတ်တောက်ခဲ့တဲ့ လျှပ်စစ်မီး၊ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပုံမှန်ပြန်ရနေပြီလို့ နမ္မတူဒေသခံတွေက ပြောပါတယ်။
တအာင်းဒေသရဲ့မြို့တော် နမ့်ဆန်မှာလည်း နေရပ်စွန့်ခွာသူတွေ ပြန်လာနေကြပြီး အခြေအနေတွေ ပုံမှန်နီးပါး ပြန်ရောက်ပြီဖြစ်သလို၊ လျှပ်စစ်မီးတွေနဲ့ ဖုန်းလိုင်းတွေလည်း ပြန်ရနေပြီလို့ မြို့ခံ တစ်ယောက်ကပြောပါတယ်။
အရင်စစ်ကောင်စီလက်အောက်ခံ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးနဲ့ ဌာနဆိုင်ရာရုံးတွေ အားလုံးကိုလည်း TNLA တပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နမ္မတူမြို့လိုပဲ ဆေးရုံဆေးခန်းတွေ ပုံမှန်မဖွင့်နိုင်သေးဘူးလို့ နမ့်ဆန်မြို့ခံတစ်ယောက်က ပြောပါတယ်။
“ကျန်းမာရေးကတော့ ကျွန်တော်တို့ ဒီအရပ်ဘက်အဖွဲ့အစည်းကတော့ သိပ်မရှိဘူးလေ။ အပြင်ပရဟိ တွေလည်း သိပ်မရှိဘူး။ CDM ဆရာ၊ ဆရာမတွေပဲရှိနေတာပေါ့နော့်။ မနေ့ကတော့ ဆေးခန်းဖွင့်ဖို့ ပြင်ဆင်တာရှိတယ်။ ဆေးရုံကြီးကတော့ ပျက်စီးထားတာတွေ အများကြီးပဲဆိုတော့ ပြန်ပြုပြင်ရမှာဆိုတော့။ လောလောဆယ် အရေးပေါ်လူနာတွေဆိုရင် ကျွန်တော်တို့ ရွာတွေကို ပို့တယ်လေ။ ရွာကဖွင့်ထားတဲ့နေရာတွေမှာ ပို့ကြတယ်”
ရောဂါဆိုးတဲ့သူတွေနဲ့ အရေးပေါ်ဆေးရုံတက်ဖို့ လိုတဲ့သူတွေကိုတော့ လူမှုကူညီရေးအသင်းတွေရဲ့ အကူအညီနဲ့ လားရှိုးနဲ့ မန္တလေးကိုပို့ရသလို TNLA ကျန်းမာရေးဌာနကိုလည်း ပို့တယ်လို့ နမ့်ဆန်ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နမ့်ခမ်းမြို့နဲ့ ကွတ်ခိုင်မြို့မှာတော့ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်း ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေ ကုန်ဈေးနှုန်းကြီးတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီနှစ်မြို့မှာ TNLA တပ်ဖွဲ့က မြို့အုပ်ချုပ်ရေးကို ဆောင်ရွက်နေပေမယ့် ကျန်းမာရေးနဲ့ ပညာရေး ဝန်ထမ်းတွေမရှိသေးလို့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေပြန်မဖွင့်နိုင်သေးဘူးလို့ ဒေသခံတချို့က RFA ကိုပြောပါတယ်။
သိမ်းထားတဲ့မြို့နယ်တွေမှာ TNLA အနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေလည်ပတ်အောင် ဆောင်ရွက်နိုင်ပေမယ့် ရေ၊ မီးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေ ပြန်ရအောင်ကြိုးစားနေတုန်းပဲလို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
“ကျွန်တော်တို့ဆက်သွယ်မှုရရှိဖို့၊ ရေ၊ မီး ရရှိဖို့ မြို့သန့်ရှင်းသာယာလှပဖို့ ဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။ အုပ်ချုပ်ရေးလည်းရှိတယ်။ တရားစီရင်ရေးလည်းရှိတယ်။ ကျန်းမာရေးဌာနလည်း ရှိပြီးသား။ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ နေရာတွေကိုလည်း အရင်ကတည်းက ကျွန်တော်တို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပြီးသားလည်း ဖြစ်ပါတယ်။ အခုလည်း မြို့ပေါ်အထိလည်း ကျန်မားရေးတပ်သားတွေက လာရောက်ဆောင်ရွက်ပေးနေတာ ရှိပါတယ်”
ပညာရေးကဏ္ဍမှာတော့ လက်ရှိ စာသင်ကျောင်းတွေကို တအာင်း ပညာရေးကော်မတီလက်အောက် ကနေ ပြန်ဖွင့်သွားမယ်လို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ သိန္နီ၊ကွမ်လုံ၊ချင်းရွှေဟော် ၊လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်းမြို့တွေကို သိမ်းခဲ့ပါတယ်။
ချင်းရွှေဟော်မြို့မှာတော့ အုပ်ချုပ်ရေးစနစ်ကို ရက်ပိုင်းအတွင်း အကောင်အထည် ဖော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ခေါင်းဆောင်တွေနဲ့တပ်ဖွဲ့ဝင်တွေ လက်နက်ချပြီးတဲ့နောက် သိမ်းပိုက်လိုက်တဲ့ လောက်ကိုင်မြို့မှာလဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူတွေ ပြန်လာဖို့ ကိုးကန့်တပ်ဖွဲ့က ဖိတ်ခေါ်ထားပြီး မြို့ထဲက အပျက်အစီးတွေ သန့်ရှင်းရေး ဆောင်ရွက်နေပါတယ်။
ဒါပေမဲ့ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့မှာ တရုတ်လူမျိုးနဲ့ တိုင်းရင်းသားတွေကိုပဲ ပြန်နေခွင့်ပေးနေပြီး မြန်မာလူမျိုးတွေကိုတော့ လက်မခံဘူးလို့ လောက်ကိုင်ဒေသခံတစ်ယောက်က ပြောပါတယ်။
“တရုတ်တွေ တိုင်းရင်းသားတွေကိုပဲ လက်ခံတာလေ ။ဗမာတွေကိုကြတော့ နာမည်ပေါက်တဲ့လူတွေကိုကြတော့ နေရာပြန်ပေးမှာပေါ့။ဒါပေမဲ့ ပြန်ပြီးတော့ လက်မခံတော့ဘူးတဲ့။အခုတော့ ၀ ပြည်ဘက်က လာကြတယ် ဗမာတွေအကုန်လုံး ပစ္စည်းတွေ လာသိမ်းနေတာပေါ့”
MNDAA သိမ်းပိုက်ခဲ့တဲ့ မြို့တွေအားလုံးနီးပါးမှာ ဒီနေ့အထိ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ မရသေးပါဘူး။ တိုက်ပွဲစကတည်းက ပြတ်တောက်နေတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ပြန်မပြင်နိုင်သေးသလို မြို့နယ်တချို့မှာ လျှပ်စစ်မီးတွေမရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။
ဒီကြားထဲမှာ လက်နက်ကိုင်ထားသူတွေ MNDAA အုပ်ချုပ်ရေးဌာနတွေမှာ လာအပ်ကြဖို့ ကြေညာထားပါတယ်။ အရင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရဲ့ မြေယာပိုင်ဆိုင်မှု ပြသနာတွေ ရှိနေတာကြောင့် ကိုးကန့်ဒေသထဲမှာ မြေယာအရောင်းအဝယ်နဲ့ ဟော်တယ်တွေ လွှဲပြောင်းတာမလုပ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
ပညာရေးကဏ္ဍအနေနဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်ကိုလည်း ဆောင်ရွက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ဘက်က ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း UWSA ၀ တပ်ဖွဲ့က လွှဲပြောင်းရယူခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာတော့ လျှပ်စစ်မီးတွေ ပုံမှန်ပြန်ရနေပြီဖြစ်ပေမဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကတော့ အပြည့်အဝ မရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
ချင်းရွှေဟော်နဲ့ ဟိုပန်ကို ဆက်သွယ်ထားတဲ့ တံတားလည်း ပြန်မပြင်နိုင်သေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားရတဲ့ ဒေသခံတချို့ ပြန်လာနေကြပြီး မြို့ထဲမှာ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်လာတယ်လို့ ဟိုပန်ဒေသခံတချို့က ပြောပါတယ်။
ဝ တပ်ဖွဲ့ကလွှဲပြောင်းယူထားတဲ့ ဟိုပန်မြို့နယ်ကို ပန်ဆန်းမြို့ရဲ့ အုပ်ချုပ်ရေးအတိုင်း ကျင့်သုံးမယ်လို့ အမည်မဖော်လိုတဲ့ ဝ တပ်ဖွဲ့အရာရှိတစ်ယောက်က RFA ကို ပြောပါတယ်။
အရင်ရှိပြီးသား အစိုးရဌာနဆိုင်ရာတွေကိုလည်း မူလအတိုင်းဆက်ထားမှာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ ဝ ဒေသက ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လစာအတိုင်း ခံစားခွင့်ရမယ်လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ဆောင်ရွက်မှာဖြစ်ပေမဲ့၊ ဟိုပန်မြို့နယ်ထဲမှာ မြေယာအရောင်းအဝယ်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို ယာယီရပ်နားထားရမယ်လို့ ဝ တပ်ဖွဲ့က အခုလ ၁၈ ရက်နေ့မှာ ကြေညာထားပါတယ်။