AA စစ်ဆင်ရေးကြောင့် ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ် အင်အားတိုးမြှင့်ထား

RFA Burmese
2025.01.16
AA စစ်ဆင်ရေးကြောင့် ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ် အင်အားတိုးမြှင့်ထား ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။
Citizen Photo

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကျီးဇင်ကျေးရွာကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၉ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် မကျီးဇင်ဘက်ကို စစ်ကောင်စီတပ်က လူအင်အားပို့ဆောင်ပြီး စစ်ရေးအတွက် ပြင်ဆင်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း မကျီးဇင်ရွာဘက်ကို စစ်ကောင်စီဘက်က စစ်ကားတွေနဲ့ အင်အားတွေ ပို့ဆောင်တာလည်း တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံမျက်မြင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဘောမိဘက်ကိုပေါ့။ ကားတွေနဲ့ စစ်ကားတွေနဲ့ တက်သွားတာ အဲဒါမျိုးတွေ ရှိတာပေါ့။ ဒီက လက်နက်တွေ သယ်သွားတာတို့ ဘာတို့ အဲဒါမျိုး ရှိတာပေါ့။ အဲဒါတွေကို မြင်တော့လည်း ချက်ချင်းပဲ စစ်ဖြစ်တော့မဲ့ပုံစံမျိုး၊ အဲဒါမျိုးတွေပေါ့။ မကျီးဇင်ဘက်ကတော့ ဖြစ်ပြီးသွားပြီလေ”

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြည်သူ့စစ်မှုထမ်းများအား စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့စဥ်။ (Myanmar Military Photo)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြည်သူ့စစ်မှုထမ်းများအား စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့စဥ်။ (Myanmar Military Photo)

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတစ်ဦးကလည်း စစ်ကောင်စီဟာ ရန်ကုန်တိုင်းအခြေစိုက် တပ်တွေကနေ ပုသိမ်ဘက် ပို့ထားတယ်လို့ RFA ကို ပြောပါတယ်။

“လူအင်အားတွေ ဘာတွေ ပိုပြီးတော့ ချထားတယ်။ ရန်ကုန်ဘက်က တပ်တွေတောင် ပုသိမ်ဘက်ကို ပို့ထားတယ်။ ဘာညာဆိုပြီးတော့ အဲဒီလိုမျိုး သိတာပေါ့လေ၊၊ ဟိုစစ်ကတော့ အနှေးနဲ့အမြန် ဖြစ်မှာပဲလေ။ တစ်နိုင်ငံလုံး ဖြစ်နေတာလည်းရှိတယ်။ နောက်ပြီးတော့ တော်လှန်ရေးဘက်ကလည်း ဟိုစစ်ကောင်စီ အမြစ်ဖြတ်ဖို့အတွက် ပစ်ခတ်နေမှာပဲ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေအနေနဲ့ကတော့ စစ်တစ်ခါမှ မဖြစ်ဖူးတဲ့နေရာ ဖြစ်တဲ့အတွက် ဒုက္ခတော့ ရောက်ကြမှာပေါ့ဗျာ။ ဒုက္ခရောက်ကြမယ်၊ ပြေးရလွှားရမယ်၊ ဒါပေမဲ့ ပြည်သူတွေကို ကျွန်တော် သိရသလောက် ဘာဖြစ်နေလဲဆိုတော့ ဖြစ်ရင်လည်းဖြစ်ကွာ။ တစ်ခါဖြစ်ပြီးရင် ပြီးသွားမှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးတွေတော့ တွေ့ရတာ။ အနီးစပ်ဆုံးတော့ မြင်နေရတာတွေ ရှိပါတယ်”

စစ်ကောင်စီတပ်က မကျီးဇင်ရွာနဲ့ အနီးဝန်းကျင် ဒေသမှာရှိတဲ့ ဘောမိနဲ့ တပင်မော်ရွာဘက်တွေမှာ လူအင်အား အဓိကတိုးမြှင့်ထားတာလို့ သူက ပြောပါတယ်။ ဒါ့ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကို လာရောက်လည်ပတ်သူတွေ သိသိသာသာ လျော့ကျသွားပါတယ်”

ဒါတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ပုသိမ်မြို့နယ် မကျီးဇင်ရွာရဲစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

ရခိုင်နဲ့ ထိစပ်တဲ့ တိုင်းတွေအထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း ဒေသခံတွေပြော


ဧရာဝတီတိုင်းက အခြားနေရာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့လည်း တိုက်ပွဲဖြစ်လာမလား စိုးရိမ်ပြီး ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကို လာရောက်လည်ပတ်သူတွေ သိသိသာသာ လျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငွေဆောင်ကမ်းခြေကို လာရောက်လည်ပတ်သူတွေဟာ ပုံမှန်ထက် ထက်ဝက်ခန့် လျော့ကျသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငွေဆောင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု လက်ရှိကတော့ ဧည့်သည် နည်းပါတယ်ခင်ဗျ။ အရင်ကထက်စာလို့ရှိရင်တော့ တော်တော်တော့ ပါးသွားပါတယ်ခင်ဗျ။ တစ်ဝက်နည်းပါးလောက်ကို နည်းသွားပါတယ်ဗျာ။ ဟိုတယ်တွေက ဧည့်သည်နည်းတော့ နည်းပေမဲ့ ပိတ်တဲ့ဟိုတယ် မရှိသေးပါဘူး”

ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရပေမဲ့ မနေ့ကစလို့ ပစ်ခတ်သံတွေ ငြိမ်နေတယ်လို့လည်း ချောင်းသာ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေဘက်ကလည်း ချောင်းသာကမ်းခြေ ဟိုတယ်နဲ့ ဈေးဆိုင်ခန်းတွေကို ပိတ်မထားဘဲ ပုံမှန် ဖွင့်လှစ်ကြဖို့ အကြောင်းကြားတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။