ရခိုင်ပြည်နယ်တောင်ပိုင်း ကျိန္တလီမြို့ကို AA သိမ်းပိုက်

RFA Burmese
2024.08.15
ရခိုင်ပြည်နယ်တောင်ပိုင်း ကျိန္တလီမြို့ကို AA သိမ်းပိုက် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်းခြေတွင် AA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဥ်။
AA Info Desk

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ မြို့မရဲစခန်းကို သြဂုတ်လ ၁၂ ရက်နေ့စလို့ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့ကပဲ AA ကသိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သံတွဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်ဟာ ကျိန္တလီမြို့ရဲ့ အမှတ် (၃) ရပ်ကွက်နဲ့ အမှတ် (၁) ရပ်ကွက်တွေမှာ တပ်စခန်းသစ်နှစ်ခု ချထားခဲ့ပါတယ်။ AA က ထိုးစစ်ဆင်တိုက်ခိုက်လာချိန်မှာတော့ အကျအဆုံး များတာကြောင့် ဂွမြို့နယ် ကုလားပြင်ကျေးရွာဘက်ကို ဆုတ်ခွာသွားတာလို့ မြို့ခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ကျိန္တလီမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်နေ

တိုက်ပွဲကြောင့် ဂွ ဒေသခံတချို့ ဧရာ၀တီတိုင်းဘက် ထွက်ပြေးတိမ်းရှောင်

ကျိန္တလီမြို့မှာ မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေ


စစ်ကောင်စီတပ်ဟာ ကျိန္တလီမြို့ကို ကာကွယ်ဖို့အတွက် လေကြောင်းနဲ့ စစ်ရေယာဉ်တွေကနေ အဓိကပစ်ကူပေးပြီး ခုခံခဲ့ကြတယ်လို့ ဆိုပါတယ်။ မြို့တွင်းမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ ကျိန္တလီမြို့မှာ ရှိနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အမှတ် (၃) ရပ်ကွက်စပြီးတော့ ကျိန္တလီမြို့တစ်မြို့လုံးကို AA က ဝင်လာတယ်။ ကျိန္တလီမြို့အဝိုင်းနေရာတွေကို ကျော်ပြီးတော့ ရဲစခန်းတောင်ပေါ်တွေကိုပါရောက်သွားတယ်။ ကျိန္တလီမှာက စစ်ကောင်စီတပ်စခန်းနှစ်ခု ရှိတယ်။ အမှတ် (၃) မှာတစ်ခု၊ အမှတ် (၁) မှာ တစ်ခုပေါ့။ အဲဒါကို AA က ဝင်တိုက်တာ။ လက်နက်ကြီးကျည်တွေ မြို့ထဲကို ကျနေတယ်။ အလုံးသုံးဆယ်လောက်တောင် ကျတယ်။ ကျွန်တော်တို့နေတဲ့နေရာတွေ၊ စာသင်ကျောင်းရှေ့တွေ၊ လမ်းမပေါ်တွေ၊ တချို့အဆောက်အအုံပေါ်တွေ ကျတယ်။ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရှောင်တဲ့သူက ရှောင်နေရတယ်။ ထွက်လို့မရတဲ့သူတွေက အိမ်ထဲမှာပဲ နေနေကြတယ်"

ကျိန္တလီမြို့မှာ ရပ်ကွက်သုံးခုနဲ့ အိမ်ခြေနှစ်ထောင်ဝန်းကျင်၊ လူဦးရေတစ်သောင်းခန့်ရှိပြီး အများစုကတော့ ဧရာဝတီတိုင်းဘက်တွေနဲ့ သံတွဲမြို့နယ်တွေစတဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့ဆိုပါတယ်။

မြို့ပေါ်မှာပိတ်မိနေသူတွေလည်းရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်မှာကိုတော့ စိုးရိမ်နေရဆဲလို့ဆိုပါတယ်။

ဒီကနေ့မှာတော့ ကျိန္တလီမြို့ကနေ ဆုတ်ခွာသွားတဲ့တပ်သားတွေ၊ ဂွမြို့ကနေစစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အာရက္ခတပ်တော် (AA) တို့ ကျိန္တလီနဲ့ ဂွမြို့ကြားမှာရှိတဲ့ ကုလားပြင်ရွာနားမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အခုမနက်ပိုင်းကတော့ ရတနာမြိုင်လို့ခေါ်တဲ့ ကုလားပြင်ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။ ကျိန္တလီမြို့ကို ကျော်သွားပြီးတော့ ကုလားပြင်တံတားနားမှာ ဖြစ်နေတာပေါ့။ တိုက်ပွဲက ဂွမြို့ဘက် ပိုနီးသွားတာပေါ့လေ။ ကျွန်တော်ထင်တာကတော့ ကျိန္တလီကဆုတ်သွားတပ်ရယ်၊ ဂွဘက်ကနေ ပူပေါင်းလာတဲ့တပ်တွေနဲ့ ဖြစ်နေတာလို့ ထင်တယ်။ (သံတွဲမြို့နယ်) မောင်ရွှေလေးရေတပ်မှာလည်း တိုက်ပွဲဖြစ်နေတုန်းပေါ့"

ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတစ်နေရာကို တွေ့ရစဉ်။ (Photo: MPA)
ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတစ်နေရာကို တွေ့ရစဉ်။ (Photo: MPA)

အာရက္ခတပ်တော် (AA) က သံတွဲမြို့နဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းပိုက်ပြီးနောက် တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ မောင်ရွှေလေး ရေတပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ ကျိန္တလီမြို့ကို သိမ်းပိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို AA ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားပေမဲ့လည်း အကြောင်းမပြန်သေးပါဘူး။

အလားတူ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

"သူတို့ ကြွေးကြော်ထားတာကတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီ ကင်းစင်ရမယ်ဆိုတဲ့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ရှိပါတယ်"

ရခိုင်ဝါရင့် နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ AA ဟာ ဂွမြို့ကိုလည်း ဆက်လိုက် ထိုးစစ်ဆင်တိုက်ခိုက်မယ့် အခြေအနေရှိနေတယ်လို့ ပြောပါတယ်။

"ကျိန္တလီမြို့က စခန်းတွေက ဗျူဟာကုန်းလည်းမဟုတ်ဘူးလေ။ အရေးပေါ်လုပ်ထားတဲ့စခန်းတွေဆိုတော့ ကျသွားဖို့ လွယ်ပါတယ်။ ဒီတော့ တိုက်ပွဲက ဂွမြို့ဘက်ကို ဦးတည်သွားမှာပေါ့။ အဲဒီ ဂွမြို့ကို ဆက်တိုက်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ ကြွေးကြော်ထားတာကတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီ ကင်းစင်ရမယ် ဆိုတဲ့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ရှိပါတယ်။ အဲဒီအတိုင်း ဆက်သွားလိမ့်မယ်လို့ ထင်ပါတယ်"

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားတာ အချိန် ကိုးလနီးပါး ရှိနေပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်တွင်းက မြို့နယ်ကိုးမြို့နယ်နဲ့ တောင်ပြိုလက်ဝဲ၊ မအီ၊ ကမ်းထောင်းကြီးနဲ့ ကျိန္တလီစတဲ့မြို့နယ်ခွဲ လေးမြို့ကို AA က သိမ်းပိုက်ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်စခန်း တစ်ခုစီသာ ကျန်ရှိတော့တာကြောင့် မကြာမီအချိန်အတွင်းမှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်တော့မယ့်အခြေအနေ ရှိနေတယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။