ယင်းမာပင် ရင်ပေါင်တိုင်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၇ ဦး သေဆုံး

ချင်းပြည်နယ်က CDF တပ်ဖွဲ့ဝင်တွေ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှာ ရောက်နေတယ်လို့ သတင်းရတာကြောင့် စစ်ကောင်စီတပ်က အခုလ ၁၁ ရက်ကနေ ၁၄ ရက်နေ့ အထိ လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံ တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက ရွာရဲ့ အနီးတစ်ဝိုက်မှာ မြေပြင်တိုက်ပွဲ အတွက် စစ်သားတွေကို ချပေးခဲ့သလို လေကြောင်းကနေလည်း စက်သေနတ်တွေနဲ့ မြင်မြင် သမျှကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သုံးရက်ဆက်တိုက် ရွာထဲမှာ တပ်စွဲ လေကြောင်းကနေ ပစ်ခတ်ပြီး ပြန်ထွက်သွားချိန် ရွာသား တွေက မနေ့က ရင်ပေါင်တိုင်ရွာထဲကို ဝင်ကြည့်ချိန်မှာတော့ အသက် ၁၀ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေးနှစ်ဦး၊ အသက် ၆၀ ကနေ ၈၀ ကျော်အရွယ် သက်ကြီးရွယ်အို သုံးဦးအပါအဝင် စုစုပေါင်း ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ် လေးစင်းနဲ့ နှစ်နာရီလောက်ကြာအောင် ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၁ ရက်နေ့က ညနေ သုံးနာရီလောက်မှာ ရဟတ်ယာဉ်တွေနဲ့ ပစ်တယ်။ လူတွေချတယ်၊ လက်နက်သယ်ဆောင်လာတဲ့အဖွဲ့ကို အဓိက ဝင်ပြီးတိုက်ခိုက်တာ။ သေသွားတာက အခု စာရင်းကောက် တာအရဆိုရင် ၁၇ ဦးတွေ့တယ်။ ပြည်သူတွေ များတယ်။ ဥပုသ်နေ့လည်း ဖြစ်တယ်။ ဈေးနေ့လည်းဖြစ်တော့ တခြားရွာက ဈေးဝယ်လာတာ၊ ရွာက သူတွေရော၊ နောက် ဥပုသ်နေ့ဆိုတော့ ဥပုသ်စောင့်သူတွေရော ရှိတယ်။ ပစ်တာကလည်း ဘုန်းကြီးကျောင်းထဲမှာ ဆိုတော့ ထွက်ပြေးတာတွေမှာ မှန်ကြတာ။ လေယာဉ်က လက်နက်ကြီးနဲ့ ပစ်ရုံတင်မဟုတ်ဘဲ အပေါ်ကနေ စက်သေနတ်နဲ့ပါပစ်တာ။ သေတဲ့အလောင်းတွေက မှောက်လျက်တွေ အများဆုံး တွေ့ရတယ်။ ဒီလိုလုပ်ရပ်က အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေပါ”

သေဆုံးသူ ၁၇ ဦး ထဲမှာ ၁၂ ဦးရဲ့ အမည်နဲ့ အသက်အရွယ်တွေကို အတိအကျ အတည်ပြုနိုင်ပြီး ကျန်ငါးဦးကို တော့ ဆက်လက်စုံစမ်းနေဆဲလို့ သူက ဆိုပါတယ်။

သေဆုံးသူ ၁၇ ဦးမှာ တစ်ဦးသာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) က ဖြစ်ပြီး ကျန် ၁၆ ဦးစလုံးက အရပ်သားတွေလို့ ဒေသခံတွေက ပြောပါတယ်။

၁၇ ဦးထဲက လောလောဆယ် အတည်ပြုနိုင်သူ ၁၂ ဦးကတော့ ဒေါ်နွယ်နွယ် ၅၂ နှစ်၊ ကိုဆောင်း ဝင်းလတ် ၄၀ နှစ်၊ ဦးမောင်မြင့် ၅၅ နှစ်၊ ကိုငြိမ်းသူအောင် ၂၄ နှစ်၊ ဒေါ်ယဉ်မြင့် ၄၅ နှစ်၊ ဦးကျော် ဝင်းဆွေ ၇၃ နှစ်၊ ဒေါ်ခင်မြ ၈၅ နှစ်၊ ဒေါ်မေ ၆၂ နှစ်၊ ဦးကျော်မွှေး ၆၇ နှစ်၊ စိတ်ကျန်းမာရေး မကောင်းသူ ကိုပွကြီး ၄၀ နှစ်၊ ကိုသော်ဘုန်းနိုင် ၁၇ နှစ်နဲ့ မခိုင်ဆွေဝင်း ၁၀ နှစ်တို့ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲက အသက် ၆၀ ကျော် ဦးကျော်မွှေး၊ ဒေါ်မေနဲ့ ဒေါ်ခင်မြ တို့ကတော့ နဂို ကတည်းက ကျန်းမာရေး မကောင်းသူတွေဖြစ်ပါတယ်။ စစ်တပ်က ပစ်ခတ်ချိန်မှာ ထွက်မပြေး နိုင်ဘဲ ကျန်ရစ်ရာကနေ စစ်တပ် ပြန်ထွက်သွားလို့ ရွာသားတွေက ရွာထဲပြန်ဝင်လာချိန် ရုပ်အလောင်းတွေအဖြစ် သေဆုံးနေတာကို မြင်တွေ့ရတာပါ။

"ရွာက တစ်ရွာလုံးကို သုသာန် တစပြင်လိုကို ဖြစ်သွားတာ"

သေဆုံးသူတွေထဲက ရုပ်အလောင်း ၁၁ လောင်းကို ရွာထဲက လမ်းတွေနဲ့ ရွာအရှေ့ဘက်က အင်းထဲမှာ တွေ့ရပြီး၊ ခြောက်ဦးကိုတော့ မီးရှို့ခံထားရတဲ့ အကြော်တဲနဲ့ ဆိုင်ကယ်ပြင်ဆိုင်ရဲ့ ပြာပုံတွေကြားကနေ ဦးခေါင်းခွံနဲ့ ခန္ဓာကိုယ်အရိုးစုတွေအဖြစ် ပြန်တွေ့ရတာပါ။ တချို့ကတော့ ခန္ဓာကိုယ်မှာ တစ်ဝက်တစ်ပျက် မီးလောင်ထားပြီး မှောက်လျက်သေဆုံးနေတာကို မြင်တွေ့ရ ပါတယ်။

၁၁ ရက်နေ့က ရဟတ်ယာဉ်နဲ့ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသား ကိုသော်ဘုန်းနိုင် ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ ကိုသော်ဘုန်းနိုင် ဟာ တစ်ဦးတည်းသောသားဖြစ်ပြီး ပညာရေးမှာ ထူးချွန်တဲ့ကလေးမို့ မိသားစုတစ်စုလုံး စိတ်ထိခိုက်ခံစားနေရတယ်လို့ RFA ကို ပြောပါတယ်။

“၁၁ ရက်နေ့ သုံးနာရီလောက်က လေယာဉ်သုံးစင်းနဲ့ ပစ်တာ။ နောက်တစ်ခေါက် တစ်စင်းထပ်လာတော့ လေးစင်းနဲ့ ပစ်တာ။ ကျန်တဲ့လေယာဉ်နှစ်စင်းက အပေါ်ကနေ ဝဲပြီးပစ်တာ။ တစ်စင်းက ခပ်နိမ့်နိမ့်ကနေ ပစ်တာ၊ တစ်စင်းက မြင့်မြင့်ကနေ ပစ်တာ။ အဲ့ဒီမှာ လက်နက်ကြီးမှန်ပြီးတော့ စာအုပ်လေးနဲ့ ကျောပိုးအိတ်လေးနဲ့ ဆုံးတာပေါ့။ မနေ့က သင်္ဂြိုဟ် လိုက်ရတယ်။ ခံစားရတာပေါ့၊ ရွာလေးတွေကို သာလွန်အင်အားကြီးနဲ့သုံးပြီး တိုက်တယ်ဆိုတာ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်၊ ပစ္စည်းတွေ ဆုံးရှုံးမှုတွေ များတယ်။ ရွာက တစ်ရွာလုံးကို သုသာန် တစပြင်လိုကို ဖြစ်သွားတာ။ ရွာထဲဝင်လိုက်တာနဲ့ ပုပ်စော် နံထောင်းနေတာ"

မနေ့က စစ်ကောင်စီတပ် ရင်ပေါင်တိုင်ရွာကနေ ပြန်ထွက်သွားချိန်မှာ အခြားရွာက ဖမ်းလာ သူတွေရော ရင်ပေါင်တိုင်ရွာကနေ ထပ်ဖမ်းသွားသူတွေအပါအဝင် စုစုပေါင်း လူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီက စစ်ရဟတ်ယာဉ်သုံးပြီး သုံးရက်ဆက်တိုက် ပစ်ခတ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းအစိုးရ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီတပ် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှ နေအိမ်များကို တွေ့ရစဥ် (Photo: CJ)
စစ်ကောင်စီတပ် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှ နေအိမ်များကို တွေ့ရစဥ် (Photo: CJ)

ရင်ပေါင်တိုင်ရွာကို ဝင်တိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ ပုလဲမြို့နယ် အင်မထီးရွာနဲ့ ဇီးဖြူကုန်း ရွာသား ပျူစောထီးတွေလည်း ပါဝင်ပြီး သုံးရက်ဆက်တိုက် ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ တာလို့ ယင်းမာပင်မြို့နယ် Young Ranger Force က ဗိုလ်ဗလက ပြောပါတယ်။

“ရင်ပေါင်တိုင်ရွာကို ချင်း PDF တပ်တွေ ခဏရောက်တဲ့အချိန်မှာ လေယာဉ်နဲ့ သတင်း အတိအကျရပြီး ပစ်တော့ စစ်ရေးတင်းမာမှုတွေဖြစ်တယ်။ အင်မထီးတို့၊ ဇီးဖြူကုန်းတို့က ပျူစောထီးတွေလည်းပါတယ်။ ဒုတိယရက်မှာ ကာကွယ်ရေးအဖွဲ့တွေက ဝင်တိုက်ကြတာကို၊ ဝင်တိုက်ကြတဲ့အနေအထားမှာ စစ်ကူလာတာပေါ့၊ သုံးရက်ဆက်တိုက် ရဟတ်ယာဉ်နဲ့ တိုက်တယ်။ စစ်ကောင်စီက စစ်ကိုင်းကို အငြိုးထားနေတာ ကြာပြီ၊ ဒါပေမဲ့ သူတို့အနေနဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးဖို့က တော်တော်ကြီးမလွယ်ဘူးဆိုတာသိတော့ လေကြောင်းနဲ့ တိုက်ပြီး ချက်ချင်းဝင်၊ ချက်ချင်းရှင်း ဗျူဟာတွေနဲ့ ချေမှုန်းတော့မယ့် အနေအထားပေါ့”

အိမ်ထောင်စု ၁၀၀၀ လောက်ရှိတဲ့ ရင်ပေါင်တိုင်ရွာဟာ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်ကြားမှာ တည်ရှိတာကြောင့် အနီးနားရွာတွေဖြစ်တဲ့ ပုထိုးသာ၊ ရွာသာ၊ ကမ္ဘားရပ်၊ ရွာနောင်၊ မုံသွင်၊ နံ့သာ ကုန်း၊ ဆင်တဲ စတဲ့ ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံပြည်သူ တစ်သောင်းလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေထိခိုက်မှာကို မငဲ့ကွက်ဘဲ ကျေးရွာတစ်ရွာကို ရဟတ်ယာဉ်တွေနဲ့ သုံးရက် ဆက်တိုက် ပစ်ခတ်ခဲ့တဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ယင်းမာပင်မြို့ခံ ကိုခန့် က ပြောပါတယ်။

“အခင်းဖြစ်တဲ့နေ့က စစ်တပ်က ရင်ပေါင်တိုင်ရွာမှာ ကလေးကအစမချန် အကုန်သတ်တာပဲ၊ တွေ့သမျှအကုန်ပဲ၊ ယောက်ျား၊ မိန်းမ မရွေးဘူး၊ အဲ့ဒီလိုလုပ်တာ တော်တော်ကို ရက်ရက် စက်စက်လုပ်တာ၊ စစ်တပ်လို့သာပြောတာ စစ်တပ်မဟုတ်တော့ဘူး၊ အကြမ်းဖက် အဖွဲ့ အစည်းဖြစ်နေတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ် ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၈ လကျော်အတွင်း သေဆုံးသူ စုစုပေါင်း ၂၁၈၉ ဦး ရှိနေပါပြီ။