စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဇန်နဝါရီတစ်လအတွင်း အမျိုးသမီး ရှစ်ဆယ်ကျော် သေဆုံး
2025.02.07

စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်းက အမျိုးသမီး ရှစ်ဆယ်ကျော် (၈၆) သေဆုံးခဲ့ပြီး ခုနစ်ဆယ်ကျော် (၇၇) ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
လေကြောင်းက တိုက်ခိုက်လို့ ၇၃ ယောက်၊ လက်နက်ကြီးပစ်ခတ်တဲ့အတွက် ၁၂ ယောက်နဲ့ မြေမြှုပ်မိုင်းကြောင့် တစ်ယောက် စုစုပေါင်း ၈၆ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို အမျိုးသမီးတွေ အဆုံးစွန်ဆုံး ရင်ဆိုင်ကြုံတွေ့နေရပြီး အသက်ရှင်သန်ပိုင်ခွင့်တွေအပေါ် နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။
"အမျိုးသမီးတွေက လေကြောင်းရန်တင်မဟုတ်ဘူး၊ မြေပြင်ကနေ စစ်ကြောင်းထိုးလာရင်တောင်မှ အမျိုးသမီးတွေထဲက မရှောင်နိုင်တဲ့ ဗိုက်ကြီးသည်တွေ၊ အဘွားတွေ၊ အသက်ကြီးရွယ်အိုတွေကအစ သတ်ဖြတ်လာပြီပေါ့နော်"
စစ်ကောင်စီတပ်ဟာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေရတာနဲ့အမျှ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းတွေနဲ့ ဆေးရုံဆေးခန်းတွေကိုပါမကျန် ပစ်မှတ်ထား ပိုမိုတိုက်ခိုက်လာတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မူဝါဒရေးရာ ဦးဆောင်မှုအဖွဲ့ဝင် ဒေါ်တင်တင်ညိုက RFA ကို ပြောပါတယ်။
"စစ်ဘေးရှောင်စခန်းတွေကအစ ပစ်မှတ်ထားတယ်၊ ဘာသာရေးအဆောက်အအုံတွေ၊ ကျောင်းတွေလိုမျိုးတွေ၊ ဒါတွေက အများပြည်သူတွေရဲ့ အေးချမ်းစွာစုဝေးခွင့်နေထိုင်တဲ့နေရာတွေ ဒီလိုနေရာမျိုးတွေကိုလည်း ပစ်မှတ်ထားပြီးတော့ ပစ်ခတ်မှုတွေရှိလို့ ဆေးရုံ ဆေးခန်းမကျန် ပစ်ခတ်တဲ့အနေအထားလေးတွေ၊ ဗုံးကြဲတိုက်ခိုက်တဲ့ အနေအထားတွေတွေ့ရတာ ဖြစ်တယ်၊ ဇန်ဝါရီလမှာတောင် သေဆုံးမှုက ရာနဲ့ချီဖြစ်လာပြီဆိုလို့ရှိရင် ၂၀၂၅ တစ်နှစ်မှာ ဒီလိုအနေထားကို ကျွန်မတို့အားလုံးက အမြန်တားဆီးကာကွယ်နိုင်တဲ့ အနေအထားမဖြစ်ဘူးဆိုရင် ပိုပြီးအသက်ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ ပျက်စီးဆုံးရှုံးမှုတွေရှိလာနိုင်တယ်"
ဆက်နွှယ်သောသတင်းများ
လေးနှစ်အတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးသူ ခြောက်ထောင်ကျော်ရှိကြောင်း ကုလပြော
ပေါက်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု ကိုယ်ဝန်ဆောင် အပါအဝင် သုံးဦးသေဆုံး
ကလေးမြို့နယ် ဒုက္ခသည်စခန်း ဗုံးကြဲခံရတာကြောင့် ရှစ်ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ
စစ်ကောင်စီတပ်ကြောင့် အမျိုးသမီးသေဆုံးနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ၃၉၂ ယောက် ရှိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ ၄၇၈ ယောက်အထိ ပိုသေဆုံးရသလို အာဏာသိမ်းကာလ ကြာရှည်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေတယ်လို့ BWU က ဆိုပါတယ်။
စစ်ကောင်စီက အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား ကျူးလွန်တိုက်ခိုက်နေတာတွေကို နေ့စဉ်ဖော်ပြနေတဲ့ သတင်းမီဒီယာတွေနဲ့ မြေပြင်ကနေ အချက်အလက် ကောက်ယူမှတ်တမ်းတင်ထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ BWU က ဖော်ပြထားပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ကျေးလက်နေ အမျိုးသမီးတွေဟာ လေကြောင်းရန်အပြင် စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားတာတွေကိုပါ ကြုံတွေ့နေရ တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတစ်ယောက်က ပြောပါတယ်။
"အမျိုးသမီးတွေက လေကြောင်းရန်တင်မဟုတ်ဘူး၊ မြေပြင်ကနေစစ်ကြောင်းထိုးလာရင်တောင်မှ အမျိုးသမီးတွေထဲက မရှောင်နိုင်တဲ့ဗိုက်ကြီးသည်တွေ၊ အဘွားတွေ၊ အသက်ကြီးရွယ်အိုတွေကအစ သူတို့က သတ်ဖြတ်လာပြီပေါ့နော်၊ အမျိုးသမီးတွေဆိုရင်တော့ တန်းမသတ်ဘူး၊ မသတ်ခင်ကို မုဒိမ်းကျင့်တယ်။ မုဒိမ်းကျင့်ပြီးမှ သတ်သွားတယ်ပေါ့နော်"
ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
"ရခိုင်ဘက်မှကျတော့ မြို့တွေကိုသိမ်းပြီးသွားပြီဆိုရင်တောင်မှ လေကြောင်းတိုက်ခိုက်မှုကရှိနေသေးတယ်၊ ယောက်ျားတွေကို တစ်ဖက်ကလည်း လိုက်ဖမ်းနေတာလည်းရှိတော့ ရှောင်ကြတယ်၊ လုံခြုံမှုပိုင်းမှာ တစ်ရာရာခိုင်နှုန်းမှာဆိုရင် ၉၉ ရာခိုင်နှုန်းလောက်က လုံခြုံမှု လုံးဝမရှိဘူးပေါ့နော်"
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရမ်းချောင်းအနီးမှာရှိတဲ့ စစ်သုံ့ပန်းတွေထားရှိတဲ့ အချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၂၈ ယောက် သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ တယ်လီဖုန်းလက်ခံ မဖြေဆိုပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်အထိ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၁၄၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီလ ၇ ရက်က သတင်းထုတ်ပြန်ပါတယ်။
(မှတ်ချက် - ဤ သတင်းတွင် မြန်မာအမျိုးသမီးများသမဂ္ဂအဖွဲ့မှ မူဝါဒရေးရာ ဦးဆောင်မှုအဖွဲ့ဝင် ဒေါ်တင်တင်ညို၊ စစ်ကိုင်းဒေသခံ အမျိုးသမီးနှင့် ရခိုင်ပြည်နယ် ဒေသခံအမျိုးသမီးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)