ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အနာဂတ်
2023.03.21
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်လို့ ALP ပါတီအတွင်း အပြန်အလှန်စာတွေ ထုတ်ပြန်နေပါတယ်။
ထုတ်ပြန်စာတွေဟာ ALP ပါတီရဲ့ letterhead ခေါင်းစီးတွေ အသုံးပြုထားတာဖြစ်ပါတယ်။
ဒေါ်စောမြရာဇာလင်းဟာ သူ့သဘောနဲ့သူ ပါတီကို ပြန်လည်ဖွဲ့စည်းတာလို့ ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုပါတယ်။
“သူကသူဟာသူ ပါတီဥက္ကဋ္ဌဆိုပြီးမှ ပါတီကို ပြန်ဖွဲ့တယ် ပြည်သူတွေ ယောင်ဝါးဝါးတွေ ဖြစ်ကုန်တယ်။ ဗဟိုကော်မတီ ၉၀ ရာခိုင်နှုန်းလောက်လည်း ပြန်မပါလာဘူး။ အဲ့ဒါနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့စာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်"
ဒါ့အပြင် ရခိုင်လွတ်မြောက်ရေးပါတီမှာ ဒုတိယစစ်ဦးချုပ် ခိုင်မင်းစိုးနဲ့ ရဲဘော်နှစ်ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီးလည်း ဒေါ်စောမြရာဇာလင်းကို စွပ်စွဲထားပါတယ်။
ဒေါ်စောမြရာဇာလင်းကို တာဝန်တွေက ယာယီရုပ်သိမ်းတယ်ဆိုတဲ့စာကို ထုတ်ပြန်တဲ့ ALP ပါတီ တရားစီရင်ရေးကော်မတီဝင် အသျှင်ပညာသာမိကတော့ ဒေါ်စောမြရာဇာလင်း လုပ်နေတာတွေကို သဘောမကျလို့ အခုလို ပါတီဗဟိုကော်မတီဝင်တွေရဲ့ ဆန္ဒသဘောအရ ဆောင်ရွက်တာလို့ ပြောပါတယ်။
“အဲ့ဒီဗိုလ်ချုပ်ခိုင်မြတ်စိုးနဲ့ ရဲဘော်နှစ်ယောက်လာတာကို လေယာဉ်ကွင်းမှာ သူက ဖမ်းခိုင်းတာကို စာရေးပြီး မေးတာ သူက ပါတီအသစ် ထောင်လိုက်ပါတယ်။ အဲဒါ ဘုန်းဘုန်းတို့က သူလုပ်တာကို ဘယ်လိုမှ အသိအမှတ်မပြုကြောင်း စာထုတ်တာပါ”
အခုလို ALP ပါတီဟာ letterhead ခေါင်းစီးတစ်ခုတည်းအောက်မှာ ဆန့်ကျင်ဘက်တွေ ထုတ်ပြန်နေခြင်းဟာ ပါတီကွဲတဲ့ အနေအထား ဖြစ်တယ်ဆိုတာကို ဒေါ်စောမြရာဇာလင်းကပါ လက်ခံပြီး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒသဘောထား အတိုင်းဆောင်ရွက်ကြတာလို့ ပြောပါတယ်။
“ကွဲတယ်လို့ ပြောလို့ရတာပေါ့။ ကျွန်မတို့က ကိုယ်သွားလိုတဲ့ လမ်းကို တည့်တည့်မတ်မတ်သွားနိုင်ဖို့ ALP ပါတီသစ်ကို ဦးဆောင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်"
ALP ပါတီ ရဲ့အခုလို ဖြစ်ပျက်နေတာတွေအပေါ် ရခိုင်ပြည်သူတွေရဲ့ သဘာထားက ဘယ်လိုရှိပါသလဲ။
ရခိုင်အမျိုးသား နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ALP ပါတီဟာ ရခိုင်ပြည်သူတွေရဲ့ နှလုံးသားမှာ ပျောက်ကွယ်ရပြီလို့ ပြောပါတယ်။
“သဘောထားမတိုက်ဆိုင်တာတွေ နေရာယူမှုတွေ နစကနဲ့ အပေးအယူတွေ တစ်နည်းအားဖြင့် စစ်ကောင်စီက သူတို့ကို အခွင့်အရေးနဲ့ သူတို့အားနည်းချက်အပေါ်မှာ အမြတ်ထုတ်လိုက်တာပါပဲ။ ရခိုင်ပြည်သူတွေရဲ့နှလုံးသားမှာကတော့ ALP ပါတီ မရှိတော့ပါဘူး“
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီ အတွင်း ဖြစ်ပျက်မှုတွေအကြောင်း စုစည်းတင်ပြခဲ့တာပါ။