မြန်မာ့အရေး အာဆီယံဆောင်ရွက်ချက်တွေ စင်ပြိုင်အာဆီယံအဖွဲ့ ဝေဖန်

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-08-04
Share

ဩဂုတ်လ ၂ ရက် တနင်္လာနေ့ကတည်းက Video Online စနစ်နဲ့ ဆွေးနွေးပွဲလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒိကနေ့ ဩဂုတ် ၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အတည်ပြုလိုက်ပါပြီ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ သီးသန့်ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ အာဆီယံ အထူးသံတမန်ဟာ သူ့ရဲ့လုပ်ငန်းတွေကို အမြန်ဆုံး စတင်တော့မှာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ အာဆီယံဘက်က အတည်ပြုလိုက်တဲ့ အထူးသံတမန်ကို အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြိး မင်းအောင်လှိုင်က လက်ခံ၊ မခံဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဩဂုတ်လ ၁ ရက် အာဏာသိမ်း ခြောက်လပြည့် မိန့်ခွန်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ အထူးသံတမန်အဖြစ် မူလအဆိုပြုထားတဲ့ သံတမန်သုံးဦးအနက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီရာဆတ် ပူထရာကူးလ်ကို ခက်ခံထားတယ်လို့ ပြောထားပါတယ်။

စင်ပြိုင်အာဆီယံအဖွဲ့ တည်ထောင်သူနဲ့ တာဝန်ခံဖြစ်တဲ့ ဒက်ဘီ စတော့ဟတ် (Debbie Stothard) က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဘယ်သူလဲဆိုတာက အရေးမကြီးဘဲ မြန်မာနိုင်ငံက အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဘယ်လောက်ရပ်တန့်အောင် လုပ်နိုင်မလဲဆိုတာက ပိုအရေးကြီးတယ်လို့ RFA ကို ပြောပါတယ်။

"သေချာတာ တစ်ခုကတော့ အာဆီယံ အထူး သံတမန် ဘယ်သူလဲဆိုတာက ပြဿနာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လောက် ကောင်းမွန်တဲ့ အဆင့်ရောက်အောင် ဖြေရှင်းနိုင်ပြီလဲဆိုတာက အဓိက ပြဿနာပါ၊ အာဆီယံ ဘုံ သဘောတူညီချက်ကို ပုံဖော်မယ့်ပုံစံ Version က သုံးမျိုးဖြစ်နေပါတယ်၊ တရုတ် Version စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ version နဲ့ အာဆီယံ version ပေါ့၊ ဒီ သုံးခုစလုံးက ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေ တိုးတက်အောင် လက်တွေ့အကောင်အထည် မဖော်နိုင်ပါဘူး၊ အရပ်သားတွေကို အကြမ်းဖက်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့အတွက် မျှော်လင့်ချက်ကို မမြင်ရဘဲ ပြည်တွင်းမှာ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကိုပဲ မြင်နေရတယ်"

erywan-yuso-minaunghlaing.jpg
ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ၂၀၂၁၊ ဇွန် ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ် (Photo: HANDOUT / MYANMAR NEWS AGENCY / AFP)

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတဲ့ မိန့်ခွန်းမှာတော့ အာဆီယံက အထူးကိုယ်စားလှယ်အဖြစ် ထားရှိဖို့ မူလအဆိုပြုထားတဲ့ သုံးဦးထဲက ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီရာဆတ် ပူထရာကူးလ်ကို စစ်ကောင်စီဘက်က သဘောတူထား ပြီးသားဖြစ်ပြီး အဆိုပြုမှုအသစ်တွေ ထပ်လာခဲ့လို့ အထူးကိုယ်စားလှယ်ကို မသတ်မှတ်နိုင်သေးတာလို့ ပြောခဲ့ဖူးပါတယ်။

"ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေး ကျွန်တော်တက်ရောက်ခဲ့ပြီး ဘုံ သဘောတူညီချက် ငါးရပ် ချမှတ်ခဲ့ပါတယ်။ ဒီထဲက လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ် ထားရှိဖို့ မူလအဆိုပြုထားတဲ့ သုံးဦးအနက် ထိုင်းနိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr.Virasakdi Futrakul ကို သဘောတူထားပြီး ဖြစ်ပါတယ်။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှုအသစ်တွေ ထပ်လာခဲ့လို့ ရှေ့မတိုးနိုင်ဘူး ဖြစ်နေတာပါ။ ကျွန်တော့်အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ပြီး တွေ့ဆုံ ဆွေးနွေးရေး အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံမူဘောင်အတွင်းက ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောလိုပါတယ်"

အာဆီယံက ရွေးချယ်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာစစ်ကောင်စီဘက်က ထောက်ခံချက်မပေးရင် အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးဖို့ အခက်အခဲရှိတယ်လို့ AP သတင်းဌာနကို အာဆီယံ သံတမန်တစ်ဦး က ပြောထားပါတယ်။

စင်ပြိုင်အာဆီယံအဖွဲ့တည်ထောင်သူ ဒက်ဘီစတော့ဟတ် (Debbie Stothard) ကတော့ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေကို လူသားချင်းဆိုင်ရာ အကူညီပေးနိုင်ဖို့ကို ဒီထက်ပိုဆောင်ရွက်သင့်ပြီး အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်မှု အားနည်းနေတာဟာ မြန်မာပြည်သူတွေအတွက် အန္တရာယ် ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးကို ဆောင်ရွက်ဖို့ သဘောတူထားပေမယ့် လက်ရှိအချိန်အထိ စတင် ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားပေးခံမှုကို ခံနေရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ၊ နိုင်ငံရေး ရှုပ်ထွေးမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီငါးချက်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ အာဆီယံအဖွဲ့ကြီးက ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေပေးဖို့ စတာတွေ ပါဝင်ပါတယ်။

"မြန်မာပြည်နဲ့ ပတ်သက်တဲ့ပြဿနာတွေကို ဖြေရှင်းရမယ့် ပုဂ္ဂိုလ်တွေအားလုံးကို အမှုတွေ စွဲချက်တင်ပြီး ထောင်ချနေတဲ့ အခြေအနေအောက်မှာ ဘယ်သူတွေနဲ့ ဆွေးနွေးမှာတုန်း"

အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ ရရှိထားတဲ့ ဘုံသဘောတူညီမှုတွေကို အကောင်အထည် ဖော်တဲ့နေရာမှာ သိသာတဲ့တိုးတက်မှုတွေ ရှိအောင်မလုပ်နိုင်သေးဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"အခုအာဆီယံတောင်းဆိုချက် ငါးချက်ကို ကြည့်ရင်လည်း ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။ မြန်မာပြည်မှာ အကြမ်းဖက်ဖိနှိပ်မှုတွေ ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုတာ အခု လေးလရှိနေပြီ။ ဒါပေမဲ့ ဆက်လုပ်နေတယ်။ နောက်တစ်ခုက မြန်မာပြည်မှာ ဒီလိုဖိနှိပ်မှုတွေ လုပ်မယ့်အစား ဘက်အသီးသီးက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ ကိစ္စကလည်း လက်တွေ့မှာ ဘယ်သူတွေနဲ့ ညှိနှိုင်းမလဲ။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ပြဿနာတွေကို ဖြေရှင်းရမယ့် ပုဂ္ဂိုလ်တွေ အားလုံးကို ထောင်ထဲထည့်ပြီးတော့ အမှုတွေ စွဲချက်တင်ပြီး ထောင်ချနေတဲ့ အခြေအနေအောက်မှာ ဘယ်သူတွေနဲ့ ဆွေးနွေးမှာတုန်း။ လက်တွေ့ကတော့ အာဆီယံက အဆိုပြုလို့ရတယ်။ အဆိုပြုချက်တွေကို တိုင်းပြည် တည်ငြိမ်အေးချမ်းမှ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောခိုင်းထားတယ်"

အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အခြေခံမူကြီးရှိနေသမျှ အာဆီယံအနေနဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံရေး၊ စစ်ရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အားကိုးရတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

အာဆီယံအနေနဲ့ ဘုံသ‌ဘောတူညီချက်ပါ တောင်းဆိုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့နဲ့ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်အောင် ကြိုးစားသင့်တယ်လို့ ဒက်ဘီ စတော့ဟတ် (Debbie Stothard) က တိုက်တွန်းသွားပါတယ်။

"အာဆီယံဟာ ဘုံသဘောတူညီချက် ငါးချက်ကို အမှန်တကယ် အလေးအနက် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အဲဒီလို အကောင်အထည်ဖော်ပြီး ဖြေရှင်းတဲ့နေရာမှာ NUG နဲ့ အခြားအဓိက သက်ဆိုင်သူတွေ ပါဝင်ဖို့ လိုပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရပ်တန့်ရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့လည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေနဲ့ COVID-19 ကာကွယ်တားဆီးရေးအတွက် နယ်စပ်ဖြတ်ကျော်ပြီး အကူအညီတွေ ပေးနိုင်ရေးကိုလည်း အာဆီယံက လုပ်ရပါမယ်၊ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆိုးရွား လာတာနဲ့ အမျှ အာဆီယံတစ်ခုလုံးအတွက်လည်း အခြေအနေမှာ ပိုဆိုးလာမှာ ဖြစ်ပါတယ်"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထား ကွဲလွဲမှုတွေ လည်း ရှိနေပါတယ်။ စစ်အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံဟာ စစ်တပ်ဘက် ရပ်တည်နေတဲ့ နိုင်ငံဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာပြည်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ အတူရှိနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ကွန်မြူနစ်အစိုးရ အုပ်စိုးနေတဲ့ တိုင်းပြည်ဖြစ်တဲ့အတိုင်းပဲ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဘာမှအားကိုးလို့ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။

အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနိုင်ငံတွေကတော့ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ ဒီမိုကရေစီပြန်ရရှိဖို့ စစ်တပ်ကို ဖိအားပေးဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အာဆီယံအဖွဲ့က ဒီကနေ့ ခန့်အပ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံက ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Erywan Pewhin Yusof နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က လာရောက်ခဲ့ပြီး၊ နေပြည်တော်မှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့