ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ခရီးစဉ် အကျိုးရလဒ်မမြင်လို့ ဝေဖန်ကြ

ဦးခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.06.29

မြန်မာနိုင်ငံကို ဇွန်လ ၂၉ ရက် မနေ့က ရောက်လာခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Parak Sokhonn က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ စာတစ်စောင်ထုတ်ပြန်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ မူလနေအိမ်ပြန်ပို့ဖို့ တိုက်တွန်းခဲ့ပါတယ်။

သူ့ကို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တချို့နဲ့ တွေ့ခွင့်ပြုမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ပြောထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေကြီး ဦးကြီးမြင့်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကရော ဒီသီတင်းပတ်ကုန်မှာ လာရောက်မယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ခရီးစဉ်ကပါ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အကျိုးတစ်စုံတစ်ရာ ပေါ်ထွက်လာမှာ မဟုတ်ပါဘူးလို့ ဝေဖန်ပါတယ်။

“အာဆီယံမူတွေဆိုတာ ဘာမှလည်း မတိကျဘူး။ ဗမာပြည်ကလူတွေ ဘယ်လိုဖြစ်သွားလဲဆိုတော့ PDF တွေကော၊ ပြည်သူတွေကတော့ ကိုယ့်သေနတ် ကိုယ်လုပ် ကိုယ်ရတဲ့ ငွေနဲ့  သေနတ်ကျည်ဝယ် အပြတ်တိုက်နေပြီ ဘာကိုမှလည်း မျှော်မနေတော့ဘူး။ လက်နက် လက်နက်ချင်းပဲ ပြောတော့မယ်ဆိုပြီး  လူငယ်တွေနဲ့ လူထုကြီးက မူချထားပြီ။ အချောင်သမားတွေကလွဲလို့။ အခုလည်း Parak Sokhonn လာတယ်ဆိုတဲ့ဥစ္စာက သိပ်ပြီးတော့ မျှော်လင့်ချက် မထားပါဘူး။ ပြီး ပြန်သွားမှာ။ အခုလည်း နှစ်ဝက် ကျိုးသွားပြီ ဘာမှ မထူးဘူး။ ရှေ့လျှောက် ထူးဖို့ကလည်း မမြင်ဘူးပေါ့ဗျာ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာမယ့် ကိစ္စကတော့ မဲခေါင်အစည်းအဝေးကိုလာတက်ရင်း သူက ကျွဲကူးရေပါပေါ့။ စစ်အစိုးရကိုလည်း လာရပ်ပေးတဲ့သဘော။ မင်းအောင်လှိုင်နဲ့ တွေ့ပြီဆိုရင် သေချာတယ် သေချာလာရပ်တာပဲ။ သူတို့လာခြင်းအားဖြင့် ဒီမိုကရေစီအင်အားစုတွေ အကျိုးဖြစ်ထွန်းစရာ မမြင်ဘူး”

တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းကလည်း အာဆီယံအဖွဲ့နဲ့ တရုတ်ပြည်ထံကနေ မိမိတို့ ဘာမှ မျှော်လင့်မထားပါဘူးလို့ ပြောပါတယ်။

“ကိုယ်စားလှယ်ပဲ လာလာ၊ စာပဲထုတ်ထုတ် အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ တစ်နှစ်ကျော်လောက်ထိ သူလုပ်ဆောင်ခဲ့သမျှ အရာအားလုံးဟာ အထောက်အပံ့ အများကြီး ဖြစ်မနေဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်ပြီးသားဖြစ်တယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားနေရင် ဘာမှ ရင်ခုန်စရာတော့ မရှိဘူး။ အဲ့တော့ ဒီခရီးစဉ်ပေါ်မှာတော့ မျှော်လင့်မထားဘူးလို့ ပြောလိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ အခုအချိန်ထိ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတဲ့ အတိုင်းပဲ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့မှု တချို့ရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီကိုလည်း ထောက်ပံ့ပေးနေတဲ့ဟာပေါ့။ ဒီတရုတ်နိုင်ငံအနေနဲ့ ဒီလို ရပ်တည်မှုတွေ၊ စစ်ကောင်စီနဲ့ ကူးလူးဆက်ဆံမှုတွေ ထောက်ပံ့ပေးနေတာကတော့ ကျနော်တို့ ပြည်သူတွေရဲ့ အသက်တွေ ပိုပြီးတော့ ထိခိုက်မှုတွေ ဖြစ်စေတာပေါ့ဗျာ။ မြေပြင်မှာဆို ဝမ်ပေါင်ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်ကြောင့် ပြည်သူတွေ ထိခိုက်နစ်နာနေတာတွေ ရှိတယ်။ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ အစကတော့ ဟန်ဆောင်ပန်ဆောင်နေပေမယ့် အခုအချိန်မှာ တဖြည်းဖြည်းနဲ့ မူလ ရုပ်သွင်ပေါ်လာတယ်”

ဒီအတောအတွင်း NUG အမျိုးသားညီညွတ်ရေး အစိုးရက ဇွန်လ ၂၉ ရက်နေ့ မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြကာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မတရား ဖမ်းဆီးခံနေရသူအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ NUG ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးဟာ စစ်ကောင်စီလက်ထဲမှာ ဓားစာခံတွေလို ဖြစ်နေတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တာဝန်ရှိပါတယ်လို့ ပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီးလည်း တော်တော်လေး စိုးရိမ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံမှ မဟုတ်ဘူး။ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ရေးအတွက်ကို နိုင်ငံတကာအနေနဲ့လည်း ဒီထက်ပိုပြီး ဝိုင်းဝန်းကြဖို့ အားထုတ်ကြဖို့လည်း ကျနော်တို့က မေတ္တာရပ်ခံချင်ပါတယ်”

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က နိုင်ငံခြားခေါင်းဆောင်တွေ လာရောက်ချိန်မှာ ဒီစာကို NUG က ထုတ်ပြန်လိုက်တာဟာ ချိန်ကိုက်လှုပ်ရှားမှု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်လာတဲ့အချိန်မှာ ကြေညာချက် ထုတ်လိုက်တာ ကောင်းပါတယ်။ နောက်တစ်ခုက ဒီကိစ္စမျိုး ဝမ်ယီ လို ပုဂ္ဂိုလ်က ပြောနိုင်တယ်ဆို ပိုပြီးတော့ ကောင်းပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတဲ့နေရာက အလွန်နိမ့်ကျပြီး လူ့အခွင့်အရေးအရ အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်နေတဲ့အတွက် နိုင်ငံတကာက ဒီလို ပြောဆိုတွေ့ဆုံနေတဲ့ အချိန်မှာ ထုတ်ပြန်လိုက်ထာ အခြေအနနဲ့ ကိုက်ညီခြေလှမ်းတစ်ရပ်လို့ ယူဆပါတယ်”

ဒီအတောအတွင်းမှာပဲ စစ်တပ်အာဏာသိမ်းခဲ့တာ တစ်နှစ်ခွဲနီးပါးရှိလာပြီဖြစ်ပေမယ့် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်မှုတွေကနေ အကျိုးဖြစ်ထွန်းမှု ထင်ထင်ရှားရှား မတွေ့ရသေးတဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးဖို့ တိုက်တွန်းပြောဆိုချက်တွေ တစ်နေ့တခြား ပိုမို ပေါ်ထွက်လာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။