စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ခွင့်မရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ မနက်ဖြန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အပြည့်အဝ လိုက်နာဖို့ ပျက်ကွက်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နောက်ပိုင်း အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီဘက်က အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို အာဆီယံ အဖွဲ့ကြီးက ပိတ်ပင်ထားတာပါ။
စစ်ကောင်စီဘက်က တိုးတက်မှု တစ်စုံတစ်ရာ မပြမချင်း အာဆီယံဟာ ဒီရပ်တည်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူအခြေစိုက် အာဆီယံအရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။
"ရှင်းရှင်းပြောရရင် ဒီလိုဆုံးဖြတ်ချက်မျိုး အာဆီယံဘက်က ချမှတ်တာ Default ပုံမှန် အနေအထားလိုမျိုး ဖြစ်နေတဲ့ အခြေအနေရောက်နေပြီလို့ သုံးသပ်မိတယ်။ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်မှာ ပါတဲ့အတိုင်း စစ်ကောင်စီဘက်ကနေပြီးတော့ ဂရုတစိုက်နဲ့ commitment အပြည့်နဲ့ အကောင်အထည်ဖော်တာမျိုးကို အာဆီယံဘက် က မတွေ့ရမချင်း ဒီလိုမျိုး အာဆီယံရဲ့ဆုံးဖြတ်ချက်က Default position ပုံမှန် အနေအထားမျိုးပဲ သက်ရောက်လိမ့်မယ်လို့ သုံးသပ်ပါတယ်"
မနက်ဖြန် ကျင်းပမယ့် အစည်းအဝေးဟာ စစ်ကောင်စီကို မျက်နှာသာပေးတယ်လို့ ဝေဖန်ခံနေရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်မှာ ပြုလုပ်မယ့် ပထမဦးဆုံး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖြစ်ပါတယ်။
ကိုယ်တိုင်အာဏာရှင်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် ဟွန်ဆန် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်မှာ အရင် ဘရူနိုင်းနိုင်ငံ လက်ထက်က စစ်ကောင်စီအပေါ် တင်းကျပ်ထားတဲ့ မူဝါဒတွေ ပြောင်းလဲသွားမလားဆိုပြီး ပြည်တွင်းရော၊ ပြည်ပမှာပါ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။
အဲဒီလို စိုးရိမ်ပူပန်မှုတွေ ရှိနေချိန်မှာပဲ အာဆီယံခေါင်းဆောင်တွေအကြား မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထားကွဲမှုတွေ ဖြစ်လာပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ လုပ်ဖို့ စီစဥ်ထားတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကျမှ ကျင်းပဖို့ ရက်ရွှေ့လိုက်ရတာပါ။
"အာဆီယံရဲ့ ကျန်တဲ့ ကိုးနိုင်ငံက စည်းစည်းလုံးလုံးနဲ့ မြန်မာပြည်ကို ဆက်ပြီး ဖိအားပေးသွားနိုင်လိမ့်မယ်လို့ ထင်တယ်"
စစ်ကောင်စီဘက်က ပြည်တွင်းအခြေအနေတွေ တိုးတက်အောင် မလုပ်မချင်း အာဆီယံနိုင်ငံ အများစုက စုစုစည်းစည်းနဲ့ စစ်ကောင်စီကို ဆက်ပြီး ဖိအားပေးကြလိမ့်မယ် လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး အကဲခတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇော က သုံးသပ်ပါတယ်။
“အာဆီယံရဲ့ ကျန်တဲ့ ကိုးနိုင်ငံက စည်းစည်းလုံးလုံးနဲ့ မြန်မာပြည်ကို ဆက်ပြီး ဖိအားပေးသွားနိုင်လိမ့်မယ်လို့ ထင်တယ်။ အာဆီယံနိုင်ငံ အများစုကလည်း မြန်မာပြည်က စစ်အုပ်စုက အရပ်သားတွေကို သိပ်ပြီး နှိပ်စက်ပြလေလေ၊ ခပ်ခွာခွာ နေလေလေ ဖြစ်ပါလိမ့်မယ်။ ဘယ်သူမှ သိပ်ပြီး မထောက်ခံရဲဘူး ဖြစ်သွားတာပေါ့”
မနက်ဖြန်ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး တက်ခွင့်မရတဲ့အပေါ် အမြင်သဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အဆင့်မြင့်ကိုယ်စားလှယ်ကို တက်ခွင့်မပေးတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု စတဲ့ အာဆီယံပဋိညာဉ်စာတမ်းနဲ့ ကိုက်ညီမှု မရှိဘူး၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူ ငါးချက်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူတွေအပြင် မြန်မာနိုင်ငံခြားရေးမူဝါဒနဲ့ပါ ဆန့်ကျင်သွေဖည် နေတယ်လို့ တုံ့ပြန်ဖော်ပြထားပါတယ်။

အာဆီယံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အားလုံးသဘောတူ ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီဘက်က အပြည့်အဝ အကောင်အထည် မဖော်သရွေ့ အလျှော့ပေးမှာမဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
"အာဆီယံအနေနဲ့ အလျှော့ပေးလိုက်ရင် တကယ်တမ်း ထိရောက်တဲ့အဖြေကို ရတာထက် စစ်သက်တမ်းရှည်အောင် ဒါမှမဟုတ် မြန်မာပြည်သူလူထုတွေ ပိုပြီး အကျပ်အတည်းထဲ ရောက်သွားအောင်၊ မြန်မာပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ ပိုပြီးအခက်အခဲ အကျဉ်းအကျပ်ထဲ ရောက်သွားအောင် လုပ်မိ သွားနိုင်စရာ ရှိတယ်လို့ သူတို့မြင်မယ်လို့ ကျွန်တော်ယူဆတယ်"
စစ်တပ်က အာဏာသိမ်းပြီး သုံးလနီးပါးအကြာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာ အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပပြီး အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေအကြား မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့ပြီး အဲဒီအချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဘက်က ကတိပေးထားတာဖြစ်ပါတယ်။
အဲဒီဘုံသဘောတူညီချက်တွေကတော့ မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရေး၊ အရေးပေါ် လိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရေး၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာနိုင်ငံက ပြဿနာတွေကို သက်ဆိုင်သူအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ဆုံအဖြေရှာရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မနက်ဖြန်ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai အွန်လိုင်း ကနေ တက်ရောက်မှာဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးကိစ္စ၊ ဒေသတွင်း ကိုဗစ်ကပ်ရောဂါ တားဆီးရေးကိစ္စ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စတွေကို ဆွေးနွေးမယ့်အကြောင်း ထုတ်ပြန် ထားပါတယ်။