မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကိုကျော်လွန်အဖြေရှာဖို့ အရပ်ဘက်အဖွဲ့တွေဆွေးနွေး

2022.05.05
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကိုကျော်လွန်အဖြေရှာဖို့ အရပ်ဘက်အဖွဲ့တွေဆွေးနွေး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များ။
Photo: KNU

မေလ ၆ ရက် သောကြာနေ့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဆွေးနွေးပွဲတစ်ခုကို လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ တက်ရောက်မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် ဒုတိယအဆင့် ဆွေးနွေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒီဆွေးနွေးပွဲမတိုင်ခင် တစ်ရက်အလို ကြာသပတေးနေ့မှာ ကြိုပြီးတော့ - Forum Asia, Civicus အဖွဲ့နဲ့ ရှေ့ပြေးအသံအဖွဲ့တွေက ထိုင်းနိုင်ငံမှာ အွန်လိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဓိကကတော့ - မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာမှုအကူအညီပေးရေးကို နိုင်ငံရေးဖြေရှင်းမှု အစိတ်အပိုင်းအနေနဲ့ အကောင်အထည်ဖော်မယ်ဆိုရင် အာဆီယံက ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် အာဏာသိမ်းတာ တစ်နှစ်ကျော်ကြာလာတဲ့အထိ အကောင်အထည်ဖော်နိုင်တာမရှိသလို အခြေအနေတွေက ပိုဆိုးလာနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြပါတယ်။

“သဘောတူညီချက်တွေထဲက တစ်ခုမှ တိုးတက်မှု မရပါဘူး။ ဘုံသဘောတူညီချက်ဟာ အောင်မြင်မှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောနိုင်ပါတယ်။ အခုလည်းပဲ AHAR ကတစ်ဆင့် စာနာမှုအကူအညီတွေ ဖြန့်ဝေဖို့ မနက်ဖြန် အစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ ဘုံသဘောတူညီချက်ထဲက အချက်တချို့မှာ အောင်မြင်မှု ရနေသယောင် ပြနိုင်ဖို့ လုပ်နေတာသာ ဖြစ်တယ်။ အာဆီယံရဲ့ စံအရ၊ အကူအညီတွေကို ဖြန့်ဝေရာမှာ လွှတ်တော်အမတ်တွေ ပါဝင်မယ်ဆိုတဲ့ အချက်ကလည်း စစ်ကောင်စီရဲ့ အတည်ပြုချက် လိုလာပါလိမ့်မယ်။ ဒါက စစ်ကောင်စီ အပူတပြင်း လိုအပ်နေတဲ့ တရားဝင်မှုနဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို မရိုးမသား အသုံးချပြီး အချိန်ဆွဲဖို့ နည်းလမ်းရှာနေတာကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပါလိမ့်မယ်။” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ လက်ထောက်အမှုဆောင် ဒါရိုက်တာ Salai Za Uk Ling က ပြောပါတယ်။

မြန်မာ့ပြဿနာဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ -

၁။ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူတွေဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊

၂။ သက်ဆိုင်သူတွေ အချင်းချင်းကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့၊

၃။ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကနေ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကိုယူပြီး တွေ့ဆုံဆွေးနွေးနိုင်အောင် ညှိနှိုင်းပေးဖို့၊

၄။ အာဆီယံရဲ့လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်သွားဖို့၊

၅။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုသွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့။

280116072_10161806807393128_5954206220233161197_n.jpg
၂ဝ၂၂ ခုနှစ် မေလ ၅ ရက်နေ့က Forum Asia, Civicus နဲ့ ရှေ့ပြေးအသံအဖွဲ့တို့ ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော အွန်လိုင်းဆွေးနွေးပွဲ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (IIFFMM) ရဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ Marzuki Darusman ကလည်း -

“စစ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၂ ဧပြီ ၁၅ ရက် - တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဟာ ဆီးရီးယား၊ ယီမင်၊ အီရတ်၊ အာဖဂန်နစ္စတန်တို့ထက် ပိုများနေတယ်” - လို့ ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်းဒုက္ခသည် ၁၄ သန်းရှိနေပြီး၊ ဒီပမာဏဟာ ယူကရိန်းဒုက္ခသည်အရေအတွက် သုံးဆ ပိုများတယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှု အကူအညီတွေရောက်ဖို့ဆိုရင် - ပြည်သူတွေကြောက်လို့ထွက်ပြေးနေတဲ့ စစ်ကောင်စီလက်ထဲကတစ်ဆင့်မဟုတ်ဘဲ အာဆီယံ ပြည်သူတွေအချင်းချင်းကြား ကူညီဖို့၊ နယ်စပ်ကိုဖွင့်ပြီး ထိုင်းအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရအောင်ကြိုးပမ်းဖို့၊ လူသားချင်းစာနာမှုအကူအညီတွေဟာ အာရှကတင်မဟုတ်ဘဲ ကုလသမဂ္ဂဆီကပါ ဝင်လာအောင် လုပ်မှသာ တကယ် အကူအညီလိုအပ်နေသူတွေဆီ ရောက်မယ်လို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ AHA စင်တာ အမှုဆောင်ဒါရိုက်တာဟောင်း Adelina Kamal၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya၊ ကရင်လူ့အခွင့်အရေးအဖွဲ့မှ ပရိုဂရမ်ဒါရိုက်တာ နော်ထူးထူးတို့လည်း ပင်တိုင်ဆွေးနွေးခဲ့ကြပါတယ်။

သောကြာနေ့ ကမ္ဘောဒီးယားမှာလုပ်မယ့် အာဆီယံဆွေးနွေးပွဲမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းဆောင်ရွက်နေသူအားလုံး လုံခြုံစွာနဲ့ အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။