ပုဂ္ဂလိကပိုင်မြေတွေထဲရောက်နေတဲ့ ပုဂံရှေးဟောင်းဘုရားများ

RFA Burmese
2025.01.08
ပုဂ္ဂလိကပိုင်မြေတွေထဲရောက်နေတဲ့ ပုဂံရှေးဟောင်းဘုရားများ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ ဘုရားအဆူပေါင်း လေးရာလောက် စီးပွားရေးလုပ်ငန်းတွေ၊ ဌာနဆိုင်ရာတွေရဲ့ မြေဧရိယာထဲရောက်နေပါတယ်။ ဒါကြောင့် အဲဒီရှေးဟောင်းတွေဟာ အများပြည်သူနဲ့ မသက်ဆိုင်သလို ဖြစ်နေတဲ့အပြင် ပုံမှန်ပြုပြင်ထိန်းသိမ်းတာ ရှိ၊ မရှိလည်း မသိရဘူးလို့ ရှေးဟောင်းပုဂံဘုရားတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့ ဘုရားဖူးချင်လို့ပါ ပြောနေရတဲ့ ဖီလင်လို့ပြောရမလား ပြောနေရတာကြီးကို အဆင်မပြေတော့ဘူးပေါ့"

ဟိုတယ်စီမံကိန်းတွေ၊ ပုဂ္ဂလိကပိုင်ခြံဝင်းတွေထဲကို အများပြည်သူ လွယ်လွယ်ကူကူ ဝင်ခွင့်မရှိပါဘူး။ ဒါကြောင့် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ဘုရားတွေကို လေ့လာစောင့်ကြည့်နေတဲ့ ညောင်ဦးမြို့ခံ တစ်ဦးက ပြောပါတယ်။

"ဧဒင်အုပ်စုကုမ္ပဏီဆိုရင် ၂၄ ဆူထက်မနည်း ရှိနေတယ်။ အဲဒီအထဲမှာ အဂ္ဂတေ့တို့၊ ပေါင်းကူးတို့ဆိုတဲ့ ဘွဲ့တော်တွေပါတယ်။ ပေါင်းကူးဆိုရင် ပျူခေတ်ကတည်းက ပျူရဲ့အမွေအနှစ်လို့တောင်မှ ပညာရှင်တွေ သုံးသပ်ကြတယ်။ ဧရာဝတီမြစ်ကမ်းဘေးပေါ့နော်။ အဲဒီတော့ ဝင်းခြံခတ်ထားတဲ့ အပိုင်းတွေမှာတော့ မည်သည့်လက်ထက်မှာမှ ကာကွယ်စောင့်ရှောက်မှု အပြည့်အဝမလုပ်နိုင်ဘူး။ ခြံဝင်းထဲကကျတော့ သူတို့ ကိုယ်တိုင်လည်းမလုပ်နိုင်ဘူး။ လုပ်ဖို့ဝင်ခွင့်ရဖို့လည်း မလွယ်ဘူးပေါ့နော်"

သစ်တောဌာနပိုင်အဖြစ် သတ်မှတ်ထားတဲ့ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ထဲမှာ ကျန်စစ်သားမင်းကြီး သမီးတော်ရဲ့ ရွှေအိမ်စည်တပင်တိုင်မြနန်း၊ ရွှေအိမ်စည်အုတ်ကျောင်း အပါအဝင် ဘုရားခြောက်ဆူရှိနေပါတယ်။ ဧရာဟိုတယ်မှာလည်း ဘုရားသုံးဆူ၊ ပုဂံဟိုတယ်မှာ သုံးဆူ၊ သံတဲဟိုတယ်ထဲမှာ နတ်နန်းတစ်ခု ရှိနေပါတယ်။


ဆက်နွှယ်သော သတင်းများ

ပုဂံဒေသ ​လျှော်ဖြူစိုက်ပျိုးမှု ရှေးဟောင်းသုတေသန လေ့လာသူတွေ ကန့်ကွက်

ပုဂံဘုရားတွေ အချိန်မီ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်

မိုးများလို့ ပုဂံရှေးဟောင်းဘုရားတချို့ပြိုကျ


အဲဒီအပြင် ပုဂ္ဂလိကဟိုတယ်တွေဖြစ်တဲ့ နန်မြင့်မျှော်စင်၊ အော်ရီယမ်တယ်ပဲလေ့စ်ဟိုတယ်၊ ထရက်ရှာဟိုတယ်၊ ထရက်ရှာထန်းဥယျာဉ်၊ သဇင်ဂါးဒင်းဟိုတယ်၊ အမရာဟိုတယ် စတဲ့ထဲမှာလည်း ဘုရားတွေရှိနေသလို ညောင်ဦးတရားရုံးထဲနဲ့ စိုက်ပျိုးရေးဌာနဝင်းထဲမှာလည်း ရှေးဟောင်းဘုရားတွေ ရှိနေပါတယ်။

မြင်းကပါရွာ မြင်းကပါချောင်းနဲ့ သမ္မတအိမ်တော်ကြား (သီရိပစ္စယာဘေး) အနောက်ဘက်က ဧရာဝတီမြစ်ဘေး၊ အရှေ့ဘက်က ပုဂံနဲ့ချောက်သွားတဲ့လမ်းမကြီးမှာ ၁၉၉၅ ခုနှစ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက နှုတ်မိန့်နဲ့ ဆောက်လုပ်ခွင့်ပေးခဲ့တဲ့ ဧဒင်အုပ်စုကုမ္ပဏီရဲ့ အဆင့်မြင့်ဟိုတယ်စီမံကိန်း ရှိပါတယ်။

အဲဒီ ဟိုတယ်စီမံကိန်းထဲကို ဘုရားပွဲရက်တွေကျမှ အများပြည်သူ ဝင်ရောက်ခွင့်ရတယ်လို့ ပုဂံဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

"ဧဒင်ထဲက ဘုရားတွေတော့ သူ့ဘုရားပွဲရက်တွေကျရင် ဝင်ပြီးတော့ သွားကြပါတယ်။ နေ့စဉ်ထာဝရတော့ ဝင်လို့မရဘူးလေ"

ဟိုတယ်တွေထဲက ဘုရားတွေကို ဝင်ရောက်ဖူးမြော်ခွင့် ရှိတယ်ဆိုပေမဲ့ ဘယ်သူမှတကူးတက မသွားကြတော့ဘူးလို့ အငှားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

"သူများ ခြံဝင်းထဲကို ပြောပြီးသွားရတာဆိုတော့ အဆင်မပြေတော့ဘူးပေါ့။ အပြင်မှာရှိတဲ့ ဘုရားတွေ အာနန္ဒာတို့ သာမဏီအုတ်ကျောင်းတို့ဆို ကျွန်တော်တို့ သွားချင်တိုင်းသွား ဘယ်သူ့မှ ပြောစရာမလိုဘူးလေ။ အဲလိုကြီး ကျွန်တော်တို့ ဘုရားဖူးချင်လို့ပါ ပြောနေရတဲ့ ဖီလင်လို့ပြောရမလား ပြောနေရတာကြီးကို အဆင်မပြေတော့ဘူးပေါ့"

ရှေးဟောင်းဘုရား အများစုရှိနေတဲ့ ဟိုတယ်စီမံကိန်းထဲမှာလည်း မြေတူးစက်ကြီးတွေနဲ့ ဆယ်ပေကနေ ပေနှစ်ဆယ်ခန့်အထိ ဖောင်ဒေးရှင်းတွေချ အဆောက်အအုံတွေ ဆောက်နေတာပါ။

လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုဂံခရီးစဉ်နောက်ပိုင်းမှာတော့ အဲဒီကုမ္ပဏီရဲ့ စီမံကိန်းတွေ ရပ်နားထားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံရှေးဟောင်းသုတေသနဌာနနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကတော့ ဒီဘုရားတွေကို ပြုပြင်ထိန်းသိမ်းတာတွေ ရှိတယ်လို့ပြောပါတယ်။

"လိုအပ်ရင် ကျွန်တော်တို့ကတော့ ပြုပြင်ထိန်းသိမ်းတာပဲ။ အဲဒီလိုပဲ သစ်ပင်တွေ ပေါက်တာတို့၊ အပေါ်မှာ ညောင်ပင်တွေဘာတွေ ပေါက်တာလည်း ကျွန်တော်တို့က ဓာတုဗေဒဆေးနည်းတွေနဲ့ ကျွန်တော်တို့ သတ်တယ်ပေါ့။ အဲဒါမျိုး (Maintenance) ပြုပြင်ထိမ်းသိမ်းတာတွေ ကျွန်တော်တို့ လုပ်တယ်ပေါ့ဗျာ။ ခြံထဲရှိတဲ့ ဘုရားဆိုပြီးတော့ ကျွန်တော်တို့က သူတို့ ရှေးဟောင်းအနေနဲ့က အားလုံးကို ပြုပြင်ထိန်းသိမ်းပိုင်ခွင့် ရှိတယ်ဗျ”

ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ကာ ဘုရားဧရိယာအနီးမှာ အဆောက်အအုံတွေ မဆောက်လုပ်ဖို့ အထပ်မြင့် အဆောက်အအုံတွေမဆောက်ဖို့ တားမြစ်ထားတယ်လို့ သူကပြောပါတယ်။

ခြံခတ်ထားတဲ့ မြေဧရိယာတွေထဲက ဘုရားတွေဟာ အရင်ထဲကရှိခဲ့တာဖြစ်ပြီး ဒီဘုရားတွေကိုလည်း ပြုပြင်ထိန်းသိမ်းနေတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) က ညွှန်ကြားရေးမှူး ဦးညီမွန်က ပြောပါတယ်။

"ကျွန်တော်တို့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဝင်တဲ့ နောက်ပိုင်းမှာ ဝင်းခြံတွေ ခတ်တာတွေ၊ ဒါတွေကျတော့ Guide Line (ညွှန်ကြားချက်) နဲ့ မညီတဲ့ဟာတွေဆိုလို့ရှိရင် ကျွန်တော်တို့က ခွင့်မပြုထားပါဘူး။ အရင်တုန်းက ရောက်ပြီးတဲ့ဟာတွေကိုတော့ ကြံ့ခိုင်ထိန်းသိမ်းမှုလုပ်ငန်းလည်း ထိခိုက်မှုမရှိအောင် ကျွန်တော်တို့အနေနဲ့ အစဉ်အမြဲမပြတ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်နေပါတယ်"

ဟိုတယ်ဝင်းထဲမှာ ရောက်နေတဲ့ ဘုရားတွေကို အများပြည်သူ ဝင်ရောက်ဖူးမြော်နိုင်အောင် ညွန်ကြားထားသလို ရှေးဟောင်းဘုရား၊ စေတီ၊ အဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းမှုကိုလည်း နိုင်ငံတကာနည်းပညာတွေ အကြံဉာဏ်တွေနဲ့ ဆောင်ရွက်နေတယ်လို့ ဦးညီမွန်က ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။  ( RFA Photo)
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ ( RFA Photo)

ဒီလို သော့ခတ်ထားတဲ့ ခြံဝင်းတွေထဲက ဘုရားတွေဟာ တစ်ဦးတစ်ယောက်ပိုင်သလို ဖြစ်နေတယ်လို့ ပုဂံဒေသခံတစ်ဦးက ထောက်ပြပါတယ်။

"ဆိုင်းဘုတ်မှာတော့ ဗီနိုင်းလေးရိုက်ပြီးတော့ ဘုရားအမှတ် ဘယ်လောက်၊ ဘယ်လောက် ဘွဲ့တော်၊ ဘယ်လောက် ဘယ်လောက် ဝင်လို့ရပါတယ်။ အများပြည်သူတွေ အယောင်ပြလေး လုပ်ထားပြီးတော့ အထဲထဲက သော့ခတ်ထားတယ်။ ဒီဘုရားသော့တွေက ရှေးဟောင်းသုတေသနမှလွဲ၍ ကျန်တဲ့သူ ကိုင်ခွင့်မှ မရှိတာကို။ အဲတော့ ရှေးဟောင်းသုတေသနက ရှေးဟောင်းဘုရားတွေကို အရပ်သား တခြားပိုင်တဲ့ နိုင်တဲ့သူတွေပါ ကိုင်နေတယ်ဆိုတော့ ဒီအမွေအနှစ်တွေကို ဘယ်လောက်ယုံကြည်ရမလဲ ကျွန်တော်တို့က၊ ဟို အမွေအနှစ်စစ်စစ်တွေရော ကျန်သေးရဲ့လား"

ဘုရားရှိတဲ့မြေတွေကို ဆောက်လုပ်ခွင့်ဂရန်ချပေးရတဲ့ အာဏာပိုင်အဖွဲ့တွေထဲမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဌာန၊ သာသနာရေးဝန်ကြီးဌာနနဲ့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ခြံဝင်းထဲရောက်နေတဲ့ ဘုရားစေတီတွေ အများပြည်သူပိုင်မြေအဖြစ် ပြန်ရောက်အောင် သာသနာရေးဝန်ကြီးဌာနကလည်း ဆောင်ရွက်ပေးနိုင်တာ မရှိဘူးလို့ ထောက်ပြကြပါတယ်။

ပုဂံဒေသခံတွေကတော့ ၁၉၉၀ ခုနှစ် စစ်အစိုးရလက်ထက်မှာ လူနေအိမ်တွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရောထွေးနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဓမ္မဖယ်ရှားခံရပြီး ပုဂံမြို့သစ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ဌာနဆိုင်ရာတွေရဲ့ ခြံဝင်းတွေထဲမှာတော့ အများပိုင်တန်ဖိုးကြီး ရှေးဟောင်းဘုရားတွေ ရှိနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။