အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာပြည်က လက်ရှိစစ်တပ်အရာရှိတွေဟာ သူတို့တရားဝင်ရရှိတဲ့ဝင်ငွေနဲ့ ဘယ်လိုနည်းနဲ့မှ ပိုင်ဆိုင်နိုင်ဖွယ်မရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ခံစားနေကြပါတယ်။ သူတို့အဲဒီလိုချမ်းသာမှုတွေကို ဘယ်လိုစတင်ရရှိခဲ့ပါသလဲ။
“အခုစစ်တပ်မှာရှိတဲ့ စစ်ခေါင်းဆောင် အကုန်လုံးက တရားမဝင်လုပ်ငန်းတွေကနေ ရရှိထားတဲ့ ငွေတွေချည်းပဲ”
CDM ဗိုလ်ကြီး ထက်မြက်က ဗိုလ်ချုပ်တွေရဲ့နောက်ကြောင်းကို လေ့လာရင် သူတို့အရာရှိငယ်ဘဝကတည်းက စစ်ဆေးရေးဂိတ်လို တရားမဝင်ဝင်ငွေရရှိနိုင်တဲ့ နေရာတွေမှာ တာဝန်ကျခဲ့ပြီး သူတို့ကို ဝင်ငွေရှာပေးမယ့် ကုန်သည်ပွဲစားလိုလူတွေနဲ့ စတင်ရင်းနှီးခဲ့ပြီးနောက် သူတို့အရာရှိကြီးတွေ ဖြစ်လာတဲ့အခါမှာလည်း မူလအဆက်အသွယ်တွေကို ဆက်လက်သုံးစွဲကာ ချမ်းသာလာကြတာကို မြင်ရလေ့ရှိတယ်လို့ ပြောပါတယ်။
“တချို့နေရာတွေမှာ မူးယစ်ဆေး ဖမ်းမိတယ် ဆိုပါတော့ တကယ်မြေပြင်မှာ ဖမ်းမိတာ လေးအိတ်ခန့်ဖမ်းမိတာ။ ဒါပေမဲ့ အထက်ကို တင်ပြရင် နှစ်အိတ်ပဲတင်ပြီး ကျန်တဲ့ နှစ်အိတ်ပြန်ရောင်းစားလိုက်တာတွေလည်း ရှိတယ်။ တစ်ခါတလေကျရင် ကုန်သည်က အဖမ်းခံလိုက်ရပြီဆိုတာနဲ့ သတင်းမတက်ခင်မှာ လူကြီးတွေ အဆင့်ဆင့်ကို ပိုက်ဆံပေးလိုက်တာတွေ ရှိတယ်။ တချို့ဟာတွေဆိုရင် ဖုံးလိုက်တာတွေရှိတယ်။ တစ်ခါတလေကျရင်လည်း တစ်ဝက် ပြန်ပြီးတော့ပေးပါ။ အဲ့လိုမျိုး လိုက်ပြီးတော့ ညှိတာတွေလည်းရှိတယ်။ မိတဲ့ပမာဏက အများကြီးဆိုရင် သိန်းထောင်ချီပြီး ပေးတာမျိုးတွေအထိလည်း ရှိတယ်။ မူးယစ်ဆေးဝါးမှာတော့ ကားနဲ့ သုံးစီးသယ်လာမယ်၊ တစ်စီးအဖမ်းပြတာမျိုးတွေ ဘာတွေရှိတယ်။ ဒါမှမဟုတ်လည်း နှစ်စီးပေါ့။ ဒါပေမဲ့ တကယ်တမ်းဖမ်းမိတဲ့ အဲ့ ၂ စီးက အကုန် မဟုတ်သေးဘူး။ သူတို့လွှတ်ပေးလိုက်တဲ့ အစီးရှိသေးတယ်။ သုံးစီးမြောက်အစီးရှိသေးတယ်။ အဲ့၃ စီးမြောက်အစီးလွတ်သွားရင် ခုနက အဖမ်းခံရတဲ့ အစီးရဲ့ နှစ်ဆလောက် ပမာဏထိ လွတ်သွားတဲ့ တစ်စီးမှာ ပါသွားတယ်။ မူးယစ်ဆေးဝါးမှ မဟုတ် ကျောက်ပဲဖြစ်ဖြစ် ဘိန်းပဲဖြစ်ဖြစ် သစ်ပဲဖြစ်ဖြစ် တကယ်ခွင်အကြီးကြီးတွေကနေ အရင်းအမြစ်တွေကနေ လိုက်ချိတ်ဆက်ပြီး ယူနေတာတွေ ရှိတယ်”
တရားမဝင်လုပ်ငန်းရှင် ကုန်သည်တစ်ယောက်က စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းဖို့ ပေးရတဲ့ငွေကို စစ်တပ်အရာရှိတွေ အဆင့်ဆင့် ဘယ်လိုခွဲဝေကြပါသလဲ။
“ဗိုလ်ကြီးအဆင့်နဲ့ ဂိတ်မှာ တာဝန်ယူကောက်ခံမယ်ဆိုရင် အဲဒီဂိတ်က ဗိုလ်ကြီးက သူတို့ထက် ကြီးတဲ့ တပ်ရင်းမှူး၊ တပ်ရင်းမှူးကနေ ဗျူဟာမှူး၊ ဗျူဟာမှူးကနေ တိုင်းမှူး၊ တိုင်းမှူး ကနေ ကစထမှူး၊ ကစထမှူးကနေမှ ဒုချုပ်တို့ တပ်ချုပ်တို့ဆီ သူက ဆက်သွားတာပေါ့ အဆင့်ဆင့်။ မင်းအောင်လှိုင်ဆိုရင် သူ့ဝင်ငွေက သိန်း ၃၀ ပေါ့။ သိန်း ၃၀ နဲ့ သူ့ရဲ့ အခုပိုင်ဆိုင်မှုတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အများကြီးကွာခြားတယ်။ သူ့ပိုင်ဆိုင်မှုတွေက ဒီလစာနဲ့ ဝယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ စစ်တပ်မှာရှိတဲ့ ခေါင်းဆောင်လို့ ပြောလိုက်တဲ့ကောင်၊ အဲ့ကောင်တွေ အကုန်လုံးက ဒီလုပ်ငန်းတွေကို စိတ်ဝင်စားတယ်။ သူတို့နေရာတစ်ခုပြောင်းလာတယ်။ ပြောင်းလာပြီဆိုတာနဲ့ ဒီနယ်မှာ ဘယ်လုပ်ငန်းတွေ လုပ်ကြသလဲဆိုတာ အရင်ဆုံး စုံစမ်းတယ်။ သူတို့ရဲ့တပ်က ကိစ္စတွေကို အဲ့ဒီလောက် စိတ်မဝင်စားဘူး။ ဒီနယ်မှာ တရားမဝင်လုပ်ငန်း ဘယ်သူလုပ်သလဲ။ အဲ့လိုလုပ်တဲ့ အထဲမှာ ဘယ်သူက အကြီးဆုံးလဲ။ ဘယ်သူကတော့ ဘာလုပ်ငန်းလုပ်သလဲ အဲ့လူတွေကို သူနဲ့တွေ့မယ်။ ငါ့ကို လာတွေ့ဖို့ စီစဉ်ပေး ဒါမျိုးကအစ အရင်ဆုံး လိုက်လုပ်တယ်။ မင်းအောင်လှိုင်မှ မဟုတ်ဘူး အခုစစ်တပ်မှာရှိတဲ့ စစ်ခေါင်းဆောင် အကုန်လုံးက တရားမဝင်လုပ်ငန်းတွေကနေ ရရှိထားတဲ့ ငွေတွေချည်းပဲ”

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်စွာထွန်းကလည်း နေပြည်တော်မှာ ဝန်ကြီးဌာန ရုံးအဆောက်အအုံတွေ ထူထောင်ကာစက ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဝန်ကြီးအဆင့်အထိ တရားမဝင်ငွေရှာကြတာကို ကြုံခဲ့ဖူးတယ်လို့ RFA ကိုပြောပါတယ်။
“နေပြည်တော်မှာ ဝန်ကြီးဌာနတွေ စတည်တော့ ရုံးတွေက တစ်ရုံးတည်းပဲ။ ဝန်ထမ်းဦးရေနဲ့ မလောက်တဲ့ အခါကျတော့ ရုံးတွေ တိုးချဲ့။ ရုံးတွေ တိုးချဲ့တဲ့ အခါကျတော့ ဘတ်ဂျက်တင်တယ်။ ဘတ်ဂျက်တင်တဲ့ အခါမှာ နဂိုထက် ၂ ဆ ၃ ဆပိုတယ်။ ၂ဆ ၃ဆပိုတဲ့ ဟာနဲ့ အခုအထက်ပိုင်းလူကြီးတွေ ကြွယ်ဝချမ်းသာနေတာ။ ဒါတွေက ဥပမာသေးသေးလေးတွေပါ။ အခုလက်ရှိ မှော်ဘီနားမှာ စစ်တပ်ပိုင် မြေအနေနဲ့ သူတို့သိမ်းထားတဲ့မြေ လက်ရှိသိမ်းယူနေတဲ့ မြေဧကတွေဆိုရင် နည်းနည်းနောနောမှ မဟုတ်တာ။ အဲဒီအထဲကမှ သူတို့ အထက်ပိုင်းအရာရှိတွေကို အချိုးကျ ခွဲဝေပေးနေတယ်။ သူတို့ရတဲ့ မြေကွက်ဆိုတာ လူတစ်ဦးကို အနည်းဆုံး ၃ ဧကနဲ့ ၁ဝ ဧက ရှိတယ်။ အကျိုးအမြတ်က အနည်းဆုံး သိန်း ၃ဝဝ သို့ ၄ဝဝ ရှိပါတယ်”
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် ကတော့ စစ်တပ်ခေါင်းဆောင်တွေဟာ ကိုယ်ကျိုးစီးပွားအပေါ်အခြေခံပြီး ညီညွတ်နေကြတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
တစ်ဆက်တည်းမှာပဲ အခုလို စစ်တပ်ခေါင်းဆောင်တွေ မတရားဝင်ငွေတွေနဲ့ ချမ်းသာကြွယ်ဝနေကြတာကို အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားတွေ တစ်နေ့တခြား ပိုမိုသိရှိနားလည်လာကြတာနဲ့အမျှ ပြည်သူတွေဘက်က သူတို့ရပ်တည်လာကြမှာဖြစ်တယ်လို့ မျှော်လင့်ကြောင်းလည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဒီဆောင်းပါးပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရှိနိုင်သေးပါဘူး။