တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2025.01.11

စစ်ရိပ်သန်းလာတာကြောင့် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ပုသိမ်မြို့နယ်အတွင်းက ရွှေသောင်ယံမြို့ ပင်လယ်ကမ်းခြေအနီးက ကျေးရွာဆယ်ရွာက ဒေသခံတစ်သောင်းကျော်ဟာ ဇန်နဝါရီလ ၉ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီသူနေကြသူတွေက RFA ကို ပြောပါတယ်။
မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမှာ စိုးရိမ်တာကြောင့် တိုက်ပွဲလွတ်ကင်းရာ ဒေသတွေကို ပြောင်းရွှေ့နေကြရတာပါ။
"ချောင်းသာဘက်က တချို့ဟိုတယ်တွေ ဈေးဆိုင်တွေ၊ ဆိုင်ကြီးတွေတောင်မှ ပိတ်ပစ်လိုက်ပြီလို့ ပြောတယ်၊ အခုသူတို့လည်း ကုန်ကားတွေ မထွက်တော့ဘူး။ အိမ်ကိုတော့ ပြန်ရောက်လာကြပြီ"
ရွှေသောင်ယံမြို့အနီးမှာ ရှိနေတဲ့ ချောင်းဝဂျိုင်၊ ဂျိုင်လယ်၊ ဘောမိ၊ ကုလားချောင်း၊ မကျီးဇင်၊ မကျီးဇင်းဖျား၊ ပေါက်လှဂျိုင်၊ ပေါက်တူးကွင်း၊ ပုန်းညှက်မှော်၊ သမာန်ကြိုင် စတဲ့ကျေးရွာဆယ်ရွာလောက်က ဒေသခံတွေဟာ ပုသိမ်မြို့ပေါ်နဲ့ သာပေါင်းမြို့တို့ကို ထွက်ပြေးတိမ်းရှောင်ကြတာပါ။
ဆက်နွှယ်သောသတင်းများ
ပုသိမ်မြို့နယ် မကျီးဇင်ရွာရဲစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်
ရခိုင်နဲ့ ထိစပ်တဲ့ တိုင်းတွေအထိ တိုက်ပွဲကျယ်ပြန့်လာကြောင်း ဒေသခံတွေပြော
ဧရာ၀တီတိုင်းနဲ့ ရခိုင်ရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး
အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးကတော့ မကျီးဇင်ရွာ စခန်းသိမ်းတိုက်ပွဲကို မျက်မြင်ကြုံလိုက်ရတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေး ကုန်ကြတာလို့ ပြောပါတယ်။
"ညကမှရောက်တဲ့ကလေးဆိုရင် သူ့မျက်စိအောက်မှာတင် ရဲတွေသေတာ အတုံးအရုံး၊ အခု သူ့မှာ အဲဒီဟာကြည့်ပြီးတော့ နည်းနည်းသွေးပျက်တဲ့ အနေအထားရှိလာတယ်။ မြင်ခဲ့ရတဲ့အနေထားကတော့ ရေတပ်ကနေ အမြောက်ကြီးတွေနဲ့ ပစ်တာတွေ့ခဲ့တယ်၊ လေယာဉ်ကနေပစ်လို့ ရဲတွေသေသွားတယ်။ အဲဒါသူ့မျက်စိအောက်မှာတင်မြင်တာ၊ သူကလည်း ချုံထဲဝင်ပုန်းလိုက်လို့လွတ်တာ၊ ကွင်းပြင်ကို ဖြတ်ပြေးမယ်ဆိုရင် သူလည်း အပစ်ခံရမှာ"
စစ်ကောင်စီတပ်ဟာ မကျီးဇင်ရွာ ရဲစခန်းကို လက်မလွှတ်ရဖို့အတွက် လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။
ရွှေသောင်ယံမြို့နဲ့ ရှစ်မိုင်လောက်ဝေးတဲ့ ချောင်းသာကမ်းခြေမှာလည်း ပစ်ခတ်သံတွေကြားနေရတာကြောင့် ဟိုတယ်နဲ့ ဈေးဆိုင်ခန်းတချို့ ပိတ်ထားတယ်လို့ ပုသိမ်မြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပုသိမ်မြို့ခံတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ချောင်းသာ ကားဆွဲနေတဲ့ အစ်ကိုပြောတာက မနေ့က ရွှေသောင်ယံမှာ တိုက်နယ်ဆေးရုံဘက်ကို အေအေဘက်က သိမ်းသွားပြီဆိုတဲ့ သတင်းကို ကြားရတယ်ပေါ့နော်၊ ဒီနေ့ဘာတွေဆက်ပြီးဖြစ်လာလဲဆိုရင် ချောင်းသာဘက်က တချို့ဟိုတယ်တွေ ဈေးဆိုင်တွေ၊ ဆိုင်ကြီးတွေတောင်မှ ပိတ်ပစ်လိုက်ပြီလို့ ပြောတယ်၊ အခုသူတို့လည်း ကုန်ကားတွေ မထွက်တော့ဘူး။ အိမ်ကိုတော့ ပြန်ရောက်လာကြပြီ"
ဒေသအာဏာပိုင်တွေဘက်ကတော့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေနဲ့ ဈေးဆိုင်ခန်းတွေ မပိတ်ဖို့ ဇန်နဝါရီလ ၁၁ ရက် မနက်ပိုင်းမှာ ဖိအားပေးအကြောင်းကြားတယ်လို့ ပြောပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်ထားတဲ့ (CDM) ကြည်းတပ် အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဇင်ယော်ကတော့ ရွှေသောင်ယံမြို့ကို လက်မလွှတ်ရဖို့အတွက် စစ်ကောင်စီက အစွမ်းကုန်ကြိုးစားနေ တယ်လို့ သုံးသပ်ပါတယ်။
"ရွှေသောင်ယံပေါ့နော်၊ NLD ပြည်သူ့အစိုးရလက်ထက်မှာတုန်းကလည်း အလုပ်မရှိ အလုပ်ရှာပြီးတော့ ဆင်ဖြူရှင်စစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ဆင်ရေးဆိုပြီးတော့ ကြည်း၊ ရေ၊ လေ တင့်ပေါ့နော်၊ အလုံးစုံ လေ့ကျင့်ခဲ့တဲ့နေရာ၊ သူတို့ကမ္ဘာကြီးကို ကြွားလုံးထုတ်ခဲ့တဲ့နေရာကိုပါ အာရက္ခတပ်တော်က သိမ်းလိုက်ပြီဆိုရင် သူ (စစ်ကောင်စီ)တို့ အရှက်ကွဲမှာပေါ့နော်၊ အဲဒီ အနေအထားမျိုးဖြစ်လာမှာစိုးလို့ ဒီဘက်တွေကို ကာနေတယ်လို့ မြင်ရပါတယ်ဗျ"
ဒါ့အပြင် စစ်ကောင်စီတပ်အနေနဲ့ ဧရာဝတီတိုင်းကို စစ်ဘောင်ကျယ်ပြန့် မလာဖို့အတွက် ရေကြောင်း၊ လေကြောင်းနဲ့ ကုန်းကြောင်းတို့ကနေ အစွမ်းကုန်တားဆီးမဲ့ အနေအထားကို တွေ့နေရတယ်လို့ သူက ဆိုပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို ဧရာဝတီတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ တိုက်ပွဲအခြေအနေတွေကို သူ့အနေနဲ့ လတ်တလော မသိရသေးကြောင်း တုံ့ပြန်ဖြေဆိုပါတယ်။