ချင်းပြည်နယ်မှာ ဧပြီလအတွင်း လေကြောင်းဗုံးကြောင့် ၁၉ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ

RFA Burmese
2023.04.27
ချင်းပြည်နယ်မှာ ဧပြီလအတွင်း လေကြောင်းဗုံးကြောင့် ၁၉ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ သေဆုံးသွားသူများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က သင်္ဂြိုဟ်ပေးနေစဉ်။
Citizen Journalist

ချင်းပြည်နယ်မှာ အခုဧပြီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄၇ ကြိမ်နဲ့ ဗုံးအလုံး ၈၀ ကျော် ကြဲချခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား ၁၇ ဦး၊ စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး ဒေသခံအရပ်သား ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန် က ပြောပါတယ်။

“ဧပြီလအတွင်းမှာ ကျွန်တော်တို့ CHRO ရဲ့ အတည်ပြုချက်အရ လေကြောင်းတိုက်ခိုက်မှု ၄၇ ကြိမ် တွေ့ခဲ့ရတယ်။ ဒီလိုလေကြောင်းကနေ တိုက်ခိုက်ပြီး ဗုံးကြဲတဲ့ အလုံးက ၈၀ ကျော် ဗုံးကြဲတိုက်ခိုက်တာကို ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီမှာ သေဆုံးမှုက ၁၉ ယောက်ပေါ့နော်။ စုစုပေါင်း ဒဏ်ရာရတဲ့လူက ၃၄ ယောက်ပေါ့နော်။ အဲဒီ သေဆုံးတဲ့ ၁၉ ယောက်ထဲမှာ အရပ်သားက ၁၇ ယောက်ပါတယ်။ ကျွန်တော်တို့ ဒဏ်ရာရသူ ၃၄ ထဲမှာ အဓိက ကတော့ ပြည်သူလူထုတွေ ဖြစ်နေတာပဲ ကျွန်တော်တို့ တွေ့ရတယ်”

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာအနီးက ဆုတောင်းတောင်ပေါ် ကို ဂျက်တိုက်လေယာဉ် တစ်စင်းနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့တာကြောင့် ခရစ်ယာန်ဘာသာဝင် တွေရဲ့ ဆုတောင်းအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟားခါး မြို့နယ်၊ ချွန်ကျုံးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာယာဉ်နှစ်စီးအပါအဝင် ကားအစီးရေ ၃၀ ပါတဲ့ စစ်ယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ လည်း ဆက်လက် ပြင်းထန်နေတယ်လို့လည်း ပြောပါတယ်။

"ကျွန်တော်တို့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကကျတော့ ဒါက သူရဲဘောကြောင်ရာ ကျတယ်"

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းပါ စစ်ကောင်စီ တပ်သားတွေဟာ ဟားခါး မြို့ကို ရှေ့ဆက်မသွားနိုင်ဘဲ ချွန်ကျုံးရွာမှာ တပ်စွဲထားပြီး ဟားခါးမြို့ကနေ စစ်ကူလိုက်လာတဲ့ စစ်ကြောင်းနဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦးက ပြောပါတယ်။

ချင်းဒေသ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ချင်းပြည်နယ် ကိုးမြို့နယ်မှာ ၇ဝ ရာခိုင်နှုန်း လောက်ကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

“ချင်းပြည်နယ် ကိုးမြို့နယ်ပေါ့၊ အဲဒီမှာဆိုရင် ၁၀၀ မှာ ၇၀ ကတော့ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရပါတယ်။ အခုနောက်ဆုံး ကလေးမြို့ကနေ တက်လာတဲ့ စစ်ယာဉ်တန်းပေါ့၊ အဲဒီစစ်ယာဉ်တန်းအားလုံး ဟားခါး မရောက်နိုင်ဘူး။ အားလုံးပျက်စီးသွားပါတယ်။ အဲဒီမှာ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်က အဲဒီနောက်ဆုံး ရောက်တဲ့ ချွန်ကျုံးရွာမှာ အင်အား ၃၀ လောက်တော့ ရှိသေးတယ်ပေါ့။ သူတို့က အဲဒီမှာ နေပြီးမှ အခုကျွန်တော် တို့နဲ့ တိုက်ပွဲ ဆက်ဖြစ်နေတယ်”

ဧပြီ ၂၁ ရက်နေ့မှာလည်း အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ တီးတိန်မြို့နယ်ထဲက ချင်းအမျိုးသားတပ်မတော် CNA ရဲ့ တပ်မဟာ အမှတ် ၄ စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့ တယ်လို့ CNF က ပြောပါတယ်။

ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းမှာ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ပန်းပါရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၁၀ ရက်နေ့က မနက် ၉ နာရီဝန်းကျင်လောက်မှာ ဖလမ်းမြို့နယ်၊ ဗားရ်ရွာအနီးကို ဗုံးခြောက်လုံး၊ မနက် ၁၁ နာရီလောက်မှာ ဝေဘူလမြို့က စာသင်ကျောင်းအနီးကို ဗုံးလေးလုံး၊ ညနေ ၄ နာရီလောက်မှာ ရမ်ထလိုရွာအနီး ကို ဗုံးခြောက်လုံး ဂျက်တိုက် လေယာဉ်တစ်စင်းနဲ့ ကြဲချခဲ့ပြီး တစ်နေ့တည်းမှာ စစ်ကောင်စီတပ်က ဖလမ်း မြို့နယ်က သုံးနေရာကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၀ ရက် မနက် ၁၁ နာရီလောက်မှာ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ အခြေခံပညာ အထက်တန်းကျောင်းအနီးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာ ကြောင့် ကျောင်းအုပ်ဆရာကြီး၊ ဇနီးနဲ့ သားဖြစ်သူ တို့အပါအဝင် အရပ်သားကိုးဦးသေဆုံး ခဲ့ပြီး လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကိုကာကွယ်ဖို့အတွက် ကတုတ်ကျင်းတွေ တူးထားပေမယ့် လေကြောင်းကနေ ဗုံးကြဲချတဲ့အပေါ်မှာတော့ ကြိုတင်ကာကွယ်ဖို့ ခက်ခဲတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါး မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“လေကြောင်းရန်ကာကွယ်ဖို့ ကျွန်တော်တို့ လုံခြုံရာ ကတုတ်ကျင်းတို့ ဘာတို့ အဲ့လိုမျိုး ကျေးရွာတိုင်းမှာ ကျွန်တော်တို့ ပြင်ဆင်ထားတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ဒီမှာမျိုး ဆိုတာက မထင်မှတ်ပဲလုပ်တဲ့ ကိစ္စ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ပြီး ကာကွယ်ဖို့ လည်း အရမ်းခက်တယ်ပေါ့နော်။ ဘယ်လောက်ပဲ ခြောက်ခြောက်၊ ဘယ်လောက်ပဲ ကြောက်ကြောက်ပေါ့နော်။ ကျွန်တော်တို့ ဒေသခံပြည်သူတွေအနေနဲ့ ဒေသကာကွယ် ရေးတပ်တွေကို ပိုပြီးအားကောင်းအောင် ထောက်ပံ့ပေးဖို့ပဲ ရှိတယ်”

မတ်လ ၃၀ ရက်နေ့က ထန်တလန်မြို့နယ်၊ ခွာဖိုး ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲချမှုကြောင့် ဗုံးမှန်ပြီး ခွာဖိုးရွာက ခရစ်ယာန်ဘုရား ကျောင်း အပါအဝင် နေအိမ်အချို့ မီးလောင်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့ ချွန်ကျုံးကျေးရွာက ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းနဲ့ ဆုတောင်းနေအိမ်၊ မင်းတပ်မြို့ ပန်းပါကျေးရွာက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်း စတဲ့ ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ် ၂၀ ကျော်လောက် ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

တိုက်ပွဲမရှိ၊ ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

“ခွာဖိုးကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အဲ့နေရာမှာ တိုက်ပွဲဖြစ်ခြင်း လည်း မရှိဘူး၊ အဲ့နေရာမှာ တပ်စွဲထားခြင်းလည်း မရှိဘူး။ ဒီတိုင်းပြည်သူတွေကို ကြောက်အောင် ခြောက်တဲ့သဘောလို့ ကျွန်တော်တို့ ထင်တယ်။ တကယ်သတ္တိရှိရင် သေနတ်တွေ အချင်းချင်း ပစ်ကြပေါ့နော်။ အဲလိုမှမဟုတ်ဘဲနဲ့ ကျွန်တော်တို့ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကကျတော့ ဒါက သူရဲဘောကြောင်ရာ ကျတယ်။ တစ်နည်း အားဖြင့် အခြောက်လုပ်ရပ်ပေါ့နော်”

ဒီလေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ဂျီနီဗာကွန်ဗင်းရှင်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားမတိုက်ခိုက်ရဘူးလို့ပါရှိပြီး ပြည်တွင်းစစ်ပွဲတွေမှာ လေကြောင်းနဲ့ တိုက်ခိုက်တာကို ကန့်သတ်တားမြစ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံအပါအဝင် လက်မှတ်ထိုးထားတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဂျီနီဗာ ကွန်ဗင်းရှင်း မှာ တကယ်လို့ စစ်ပွဲ ဖြစ်တယ်၊ ဒါမှမဟုတ် ပြည်ပကျူးကျော်လို့ ခုခံတဲ့ စစ်ပွဲမှာပဲ ဖြစ်ဖြစ် အဲဒီစစ်ပွဲဇုန်ထဲမှာ ပါဝင် တိုက်ခိုက်ကြတဲ့ တပ်ဖွဲ့တွေ၊ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်ပြီး တိုက်ခိုက်တာမျိုး မလုပ်ရဘူးဆိုပြီး ပြဋ္ဌာန်းထားတယ်။ ဒါက နံပါတ်တစ်ပါ၊ နံပါတ်နှစ်ကတော့ ဒီပြည်တွင်းမှာ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ပွဲတွေမှာ ခုနက လေကြောင်းတပ်တွေ၊ ပျက်စီးမှုကြီးမားတဲ့ ဗုံးလိုမျိုး၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ရဘူးလို့ ဒီလို သတ်မှတ်ထားတာ တွေ ရှိပါတယ်”

စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တီးတိန်မြို့ကို တက်လာပြီး ဧပြီ ၁၉ ရက်နေ့ ကနေဒီတောင်အရောက်မှာ စီးယင်း ချင်းဒေသကာကွယ်ရေးအဖွဲ့  (CDF CDM Siyin) က မိုင်းဆွဲ ပြီး တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ တီးတိန်မြို့ကို မသွားတော့ဘဲ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီ ၂၂ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ CDF CDM Siyin အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင် ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး ထပ်တိုးလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ နီးပါးရှိနေပြီး ကြဲချခဲ့တဲ့ ဗုံးအလုံး ၃၅၀ ကျော် ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသကာကွယ်ရေး တပ်သားတွေအပါအဝင် အရပ်သားပြည်သူ ၃၈ ဦး သေဆုံး ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါး ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။