ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ အရေးပေါ်အကူအညီလိုနေ
2023.06.16

အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံမှုတွေ နေရာတိုင်းနီးပါး ပေါ်ပေါက်ခဲ့တဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က အင်အားသုံးနှိမ်နင်းနေတာ နှစ်နှစ်ကျော်လာပါပြီ။
အရပ်သား တစ်သိန်းကျော်လည်း စစ်တပ်ရဲ့ဘေးကနေလွတ်အောင် အိုးအိမ်စွန့်ခွာနေရပြီး အများစုက တောတောင်တွေထဲမှာ တဲထိုးပြီးနေရတာပါ။
အခုဆိုရင် စစ်ကောင်စီတပ်တွေဟာ မင်းတပ်နဲ့ မတူပီလမ်းမကြီး တစ်လျှောက်က ရွာတွေကို ရောက်နေပါတယ်။ ဇွန်လ ၁ ရက်က စပြီး အဲဒီနယ်မြေမှာ စစ်ဆင်ရေး လုပ်နေတဲ့အတွက် ခြမ်းပြန်း၊ ရမ်တိန်း၊ မွှန်တုန်းရွာတွေက ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီလိုတိမ်းရှောင်ရင်း မွေးကင်းစကလေးငယ် တစ်ယောက်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက် အအေးမိပြီး သေဆုံးသွားတယ်လို့ မင်းတပ်စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုယောကီက RFA ကိုပြောပါတယ်။
“လောလောဆယ် ရာသီဥတုအခြေနေက မိုးက တောက်လျှောက်ရွာနေတာ။ မိုးတအားကောင်းနေတာ။ မိုးရွာထဲမှာ သူတို့ပြေးလာတဲ့အချိန်မှာ ကလေးလေးကတော့ အအေးမိသွားတယ် ထင်တယ်။ သူတို့ ရောက်လာပြီး တစ်ရက် နှစ်ရက်လောက် ဒီတိုင်းပဲ နေမကောင်းဖြစ်တာပဲ ထင်တာပေါ့နော်။ ကလေးက တအားနုတာကို၊ တစ်ပတ်သားပဲ ရှိသေးတယ်။ အဲမှာဆုံးသွားတာ။ ၆၅ နှစ်အရွယ် အဖွားတစ်ဦးကတော့ နဂိုကတည်းက ကျန်းမားရေး နည်းနည်းချို့တဲ့တယ်။ မိုခါမုန်တိုင်းဝင်ပြီးနောက် မိုးတောက်လျှောက် ပြန်ရွာပေါ့၊ ကျွန်တော်တို့ တောင်ပေါ်မှာ။ သူကလည်း ဆုံးသွားတာ။”
ဒုက္ခသည်တွေဟာ မေလ ၁၄ ရက်တိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် သူတို့ရဲ့ တဲအိမ်တွေ ပျက်စီးခဲ့သလို မိုးအဆက်မပြတ်ရွာတဲ့အတွက်နေစရာ၊ စားစရာပိုပြီး ခက်လာပါတယ်။
အခုချိန်အထိလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မရတဲ့အတွက် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ပြန်မပြင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဒဏ်၊ ရာသီဥတုဒဏ်ကြောင့် အမိုးအကာ၊ အဝတ်အထည်နဲ့ ဆန်အဓိက လိုအပ်နေတာလို့ မင်းတပ်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“နှစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ဘေးရှောင် တော်တော်များများက တောင်ယာခုတ်ပြီးတော့မှ စားဝတ်နေရေး ဖြေရှင်းကြတယ်။ အသားတို့၊ ငါးတို့ အဲလို ဟင်းတော့ မကောင်းဘူး၊ မစားနိုင်ဘူးပေါ့။ ဒါပေမဲ့ အဓိက ပြဿနာက ကျွန်တော်တို့ စစ်ကြောင်းထိုးတဲ့အခါမှာ အစားသောက်တွေ ထားခဲ့ပြီး အဝတ်အစားလေး သယ်ပြီး ထွက်ပြေးရတာကိုး။ ရာသီဥတုက တအားကြမ်းတော့ အမိုးအကာတွေ မလုံလောက်တော့ အဆောက်အအုံတွေမှာ နေထိုင်ရတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ဖို့ စစ်ကြောင်း ထိုးလာတဲ့အခါမှာ လိုအပ်ပါတယ်။ အဓိက လိုအပ်ကတော့ ဆန်ပဲ၊ ဆန်က အမြဲလိုနေတယ်။”
ချင်းပြည်နယ်မှာ ဒီရက်ပိုင်း မိုးအဆက်မပြတ် ရွာနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အအေးဒဏ်ခံနေရသလို မြေပြိုတဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒုက္ခသည်စခန်း အများစုမှာ ရာသီတုပ်ကွေး ဖြစ်ပွားနေပြီး ဆေးဝါးလည်း အလုံအလောက်မရှိဘူးလို့ ပြောပါ တယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
"နှစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ဘေးရှောင် တော်တော်များများက တောင်ယာခုတ်ပြီးတော့မှ စားဝတ်နေရေး ဖြေရှင်းကြတယ်။"
ချင်းပြည်နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို ကူညီထောက်ပံ့နေတယ်လို့ စစ်ကောင်စီအာဘော် သတင်းစာတွေက ဖော်ပြနေပေမယ့် လက်တွေ့မှာတော့ တကယ် လိုအပ်နေတဲ့သူတွေဆီ မရောက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်ဟာ စစ်ဆင်ရေး လုပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့၊ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန်က ဝေဖန်ပါတယ်။
“မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီးတော့ ဒုက္ခရောက်တဲ့ ပြည်သူတွေကို ကူညီမယ့်အစား အဲဒါကို အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်မှု၊ တိုက်ခိုက်မှုတွေ ပိုပြီး လုပ်လာတယ်။ ပြည်သူလူထုတွေကလည်း အခုအချိန်ထိ သူတို့ နေရာလေးမှာ ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး မနေရဘူး။ ဒါမျိုးလုပ်ရပ်က ပြည်သူလူထုအတွက် လူသားချင်းစာနာမှု ကင်းမဲ့ပြီးတော့ ပြည်သူလူထုရဲ့ အကျပ်အတည်းကို အခွင့်ကောင်း ယူပြီးတော့ စစ်ရေးအရ အခွင့်ကောင်းယူပြီး အသုံးချတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။”
ချင်းပြည်နယ်ထဲမှာ ပြည်တွင်း စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်ရှိနေပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေရတဲ့သူက ငါးသောင်းကျော် ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။