တရုတ်လောင်းရိပ်အောက်က ဘယ်တော့လွတ်မလဲ

နေရိန်ကျော်
2020.01.15
flag-622.jpg တရုတ်ပြည်သူ့သမ္မတနိုင်ငံအလံ။
Photo: AFP

စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံတကာရေးတွေမှာ တရုတ်ကိုမှီခိုနေတဲ့ မြန်မာနိုင်ငံအနေနဲ့ တရုတ်လောင်းရိပ်အောက်က ဘယ်တော့လွတ်မလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

"တရုတ်ပစ္စည်းတွေနဲ့မြန်မာနိုင်ငံ"

မြန်မာပြည်သူတွေဟာ မနက်မိုးလင်းအိပ်ရာကထလို့ မျက်နှာသစ်သွားတိုက်ရတဲ့အချိန်မှာ သွားပွတ်တံနဲ့သွားတိုက်ဆေးကို ဈေးချိုတဲ့ တရုတ်ပစ္စည်းတွေ သုံးရသလို၊ အိပ်ယာခင်း၊ စောင်၊ အိုးခွက်ပန်းကန် မီးဖိုချောင်ပစ္စည်းလို မရှိမဖြစ်သုံးတွေမှာ တရုတ်ပစ္စည်းကို အများဆုံးအားထားနေရပါတယ်။ လူအတွက် စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးမှာ နေ့စဉ်သုံးအစားအသောက်တွေကစလို့၊ ကလေးတွေရဲ့ မုန့်ပဲသရေစာအထိ တရုတ်ပစ္စည်းတွေက နေရာယူထားသလို၊ အဝတ်အထည်နဲ့ နေထိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကလည်း တရုတ်ပစ္စည်းကို အများဆုံးသုံးနေရတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ မြန်မာပြည်သူတွေကြားမှာ တရုတ်ပစ္စည်းအများဆုံးစပြီး ဝင်လာတဲ့နှစ်ကို သတိထားမိသလောက်ဆိုရင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းလို့ ပြောရမှာပါ။

ဆင်းရဲသားပြည်သူတွေကြား လမ်းပမ်းဆက်သွယ်ရေးအတွက် မရှိမဖြစ်သုံးလာရတဲ့ ပစ္စည်းတွေထဲမှာ စက်ဘီးကစလို့ မော်တော် ဆိုင်ကယ်တွေထိလဲ တရုတ်ပစ္စည်းတွေဖြစ်နေပါတယ်။ လယ်ယာသုံးပစ္စည်းတွေမှာလဲ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့တွေက တရုတ်ကနေဝယ်နေရသလို၊ လယ်ယာထွက် ကောက်ပဲသီးနှံတွေရဲ့ဈေးကွက်ကလည်းတရုတ်မှာ အများစုဖြစ်နေပါတယ်။ အဲဒီအပြင် အနှစ် ၇ဝ ကျော်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကာလမှာ မြန်မာ့တပ်မတော်ထဲမှာရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာပါ တရုတ်ပစ္စည်းသုံး နေရတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာပြည်သူတွေအားလုံး မိုးလင်းမိုးချုပ် သုံးနေတဲ့ပစ္စည်းမှာ တရုတ်နဲ့လွတ်တာမရှိလှပါဘူး။  

"တရုတ်ရဲ့အကာအကွယ်"


စစ်အစိုးရအဆက်ဆက်အပြင် အခုနောက်ပိုင်း အရပ်သားအစိုးရအထိ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ ပြည်ပနိုင်ငံတွေက ပြစ်တင်အရေးယူလာတာတွေနဲ့ ပတ်သက်ရင် ကုလသမဂ္ဂမှာ လုံခြုံရေးကောင်စီဝင်ဖြစ်နေတဲ့ တရုတ်ရဲ့ ရင်ငွေ့လှုံရတာတွေ့ရပါတယ်။ တရုတ်ဟာ နိုင်ငံခြားရေးမူဝါဒမှာ သူများပြည်တွင်းရေးဝင်မစွက်ဘူးဆိုတဲ့မူ ချထားပေမယ့် မြန်မာပြည်ကိစ္စမှာတော့ ပြည်ပရေးရော၊ ပြည်တွင်းရေးမှာပါ ပါဝင်ပတ်သက်တာတွေ့ရပါတယ်။ ၂ဝဝ၇ ခုနှစ်ကဆိုရင် တရုတ်နဲ့ရုရှားဟာ လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရအတွက် ဗီတိုအာဏာသုံးခဲ့ပါတယ်။

စစ်အစိုးရဘက်က အဲဒီလိုရပ်တည်ခဲ့သလို တဖက်မှာလည်း တရုတ်နဲ့နယ်မြေချင်းထိစပ်နေတဲ့ မြန်မာပြည်မြောက်ပိုင်းက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ အထူးပတ်သက်နေတာတွေ့ရပြီး အခုနောက်ပိုင်းမှာဆိုရင် ကမ္ဘာကအာရုံစိုက်နေတဲ့ ရိုဟင်ဂျာအရေးမှာ တရုတ်ရဲ့ပတ်သက်မှုကို ထဲထဲဝင်ဝင်တွေ့နေရပါတယ်။

"မြန်မာ့ဒီမိုကရေစီရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်"

၁၉၈၉ ခုနှစ်ကစလို့ တံခါးဖွင့်စီးပွားရေးမူဝါဒ ပြောင်းလိုက်တဲ့ တရုတ်ကွန်မြူနစ်အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း စီးပွားရေးအကျိုးစီးပွားကိုသာ အဓိကထားပြီး လူ့အခွင့်အရေး ဒီမိုကရေစီရေးဆိုတာကို နောက်တမ်းမှာပဲထားလေ့ရှိတာ တွေ့ရပါတယ်။ မှတ်တမ်းအရဆိုရင် ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရတုန်းက NLD ခေါင်းဆောင်တွေကို ပထမဆုံးသွားတွေ့တဲ့ သံတမန်က တရုတ်သံအမတ်ကြီးပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က စစ်အစိုးရက သြဇာအာဏာကို လုံးဝထိန်းချုပ်ထားပြီး ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ကို အာဏာမလွှဲတဲ့အခါမှာတော့ NLD နဲ့ဆက်ဆံရေးကို နောက်ဆုတ်လိုက်ပြီး အာဏာရှိတဲ့စစ်အစိုးရနဲ့ ဆက်ဆံရေးထူထောင်ခဲ့တာ တွေ့ရပါတယ်။

အဲဒီအချိန်မှာ နဝတစစ်အစိုးရက တရုတ်နယ်စပ်မှာရှိနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို အနိုင်ယူချင်တဲ့အတွက် ကွန်မြူနစ်ပါတီရဲ့အခြေခံဖြစ်နေတဲ့ ဝ တိုင်းရင်းသားတွေကို မျက်နှာသာပေးပြီး နိုင်ငံရေးကစားခဲ့ရာကနေ အခုဆိုရင် UWSA ဆိုတဲ့အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ စစ်ရေးအရအင်အားအကြီးဆုံးအဖွဲ့ဖြစ်ခဲ့ပါတယ်။ UWSA အဖွဲ့ထိန်းချုပ်တဲ့နယ်မြေဟာလည်း တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့အတွက် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေရော၊ ကာကွယ်ရေးအတွက် စစ်လက်နက်ပစ္စည်းတွေပါ တရုတ်ဘက်ကနေ ရထားတယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။

"တရုတ်ရဲ့မြန်မာ့ပြည်တွင်းရေးပတ်သက်မှု"

တကယ်တော့ မြန်မာပြည်ရဲ့ပြဿနာကိုပြန်ကြည့်ရင်၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ် ယုံကြည်ရာတွေ လုံးဝမတူတဲ့လူမျိုးတွေ စုဝေးနေထိုင်တဲ့ နိုင်ငံဖြစ်နေပြီး အဲဒီလူမျိုးတွေကြား နိုင်ငံရေး စီးပွားရေး ပညာရေး ကျန်းမာရေး စတဲ့အခွင့်အလမ်းတွေ တန်းတူမရှိကြလို့ ဖြစ်နေတဲ့ ပြည်တွင်းစစ်လို့ ကောက်ချက်ချရမှာပါ။ ဒီပြဿနာကို အာဏာရှိထားတဲ့ မြန်မာ့တပ်မတော်ဘက်ကရော၊ တိုင်းရင်းသားတွေဘက်ကပါ တဖက်နဲ့တဖက် ဘယ်လိုမှစစ်နဲ့အနိုင်မတိုက်နိုင်ဘူးဆိုတာ အချိန်ကာလတွေက သက်သေပြနေပါပြီ။

ပြည်တွင်းစစ် ဝဲဂယက်မှာနစ်နေတဲ့ မြန်မာမှာအိမ်နီးချင်း ငါးနိုင်ငံရှိပြီး၊ မြန်မာ့နိုင်ငံရေးမှာ အများဆုံးပါဝင်ပတ်သက်နေတဲ့ အိမ်နီးချင်းနိုင်ငံဟာ တရုတ်နိုင်ငံပဲဖြစ်နေပါတယ်။

မြန်မာနိုင်ငံအနေနဲ့လဲ ပြည်တွင်းစစ်အဆုံးမသတ်နိုင်သေးသလို ကုန်ထုတ်လုပ်မှုနည်းပညာ ချို့တဲ့လွန်းတဲ့အတွက် ပထဝီအရအိမ်နီးချင်းဖြစ်နေတဲ့ တရုတ်နိုင်ငံနဲ့ ကင်းအောင်နေဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေရောက်နေတာတွေ့ရပါတယ်။ မှတ်မှတ်ရရဆိုရင် အရင်သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးအောင်မင်းက - တရုတ်ကိုကြောက်ရပါတယ်လို့ ထုတ်ပြောတဲ့အထိ တွေ့ခဲ့ရပါတယ်။

အခု NLD အစိုးရလက်ထက်မှာလဲ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ၊ အရာရှိကြီး တွေအပြင် NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေကို တရုတ်ပြည်ကို လေ့လာရေး စဉ်ဆက်မပြတ်ခေါ်နေတာတွေ့ရပါတယ်။

"တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာလွှမ်းမိုးရေးအိပ်မက်နဲ့မြန်မာနိုင်ငံ"

ပထဝီအနေအထားအရဆိုရင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူကို မိုင် တစ်ထောင့်သုံးရာဝန်းကျင်ပဲရှိပါတယ်။ ဒီအကွာအဝေးဟာ ကားလမ်းကောင်းရင် တရက်အတွင်း ရောက်နိုင်ပြီး၊ လေယာဉ်နဲ့ ဆိုရင်တော့ နှစ်နာရီကျော် ခရီးလောက်ပဲရှိပါတယ်။တရုတ်ပြည်ရဲ့ကုန်းတွင်းပိတ်ဖြစ်နေတဲ့ ယူနန်ပြည်နယ်အတွက် အိန္ဒိယသမုဒ္ဒရာကို အနီးဆုံးထွက်နိုင်မယ့်နေရာဟာ ရခိုင်ပြည်နယ် ဖြစ်နေပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းက ရေနံ၊ ရခိုင်ကမ်းလွန်ပင်လယ်ပြင်က သဘာဝဓာတ်ငွေ့တွေကို ကျောက်ဖြူကနေ ပို့တာဟာ တရုတ်အတွက် တွက်ခြေကိုက်နေပါတယ်။

ဒါ့အပြင် ဒီနေ့ခေတ်မှာ ဓနအင်အားအရ ကမ္ဘာမှာထိပ်ဆုံးရောက်လာတဲ့ တရုတ်ဟာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကတိုက်တွေထဲက ဆင်းရဲတဲ့နိုင်ငံတွေမှာ သူ့ပစ္စည်းတွေ အလုံးအရင်းနဲ့ တင်ပို့ရောင်းချနေသလို၊ ခေတ်သစ်ပိုးလမ်းမလို့ခေါ်တဲ့ ကမ္ဘာပတ်စီးပွားရေးစင်္ကြန်လမ်းကိုလဲ ဖောက်နေပါပြီ။ ဒီမဟာစီမံကိန်းက လက်ရှိသမ္မတ ရှီကျင်းဖျင်ရဲ့အိပ်မက်ဖြစ်ပြီး ဒီထောင်စုနှစ်မှာ တရုတ်က ဖော်ဆောင်ခဲ့တဲ့ ဧရာမစီမံကိန်းကြီးအဖြစ်နဲ့ ကမ္ဘာ့သမိုင်းဝင်ဖြစ်ဖို့ မှန်းဆနေတာတွေ့ရပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ အမေရိကန်က နေရာယူထားနိုင်သလို၊ တရုတ်ကလည်း နေရာယူချင်နေပါ တယ်။ အဲဒီအိပ်မက်ကြီး အကောင်အထည်ပေါ်ရေးမှာ မြန်မာကလဲ အဓိကဇာတ်ကောင်နေရာမှာ ရောက်နေပါတယ်။ ဒါပေမယ့် ဥစ္စာဓနအင်အားကြီးမားနေပေမယ့် နည်းပညာအရ အမေရိကန်ကို မယှဉ်နိုင်သေးတဲ့ တရုတ်အစိုးရဟာ သူ့နည်းသူဟန်နဲ့ ကမ္ဘာမှာနေရာယူဖို့ အားထုတ်တဲ့အထဲ၊  အိန္ဒိယသမုဒ္ဒရာမှာ သူ့အင်အားတွေ ဖြန့်ကျက်ထားနိုင်ဖို့က အရေးပါတဲ့လမ်းကြောင်းတခုဖြစ်နေပါတယ်။

ဒါကြောင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံတွေမှာ တရုတ်က ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံတွေ တည်ဆောက်နေတာပါ။ ဒီအတွက် အဓိကလမ်းကြောင်းကြီးတကြောင်းကတော့ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်း၊ သီရိလင်္ကာဆိပ်ကမ်းနဲ့ ပါကစ္စတန်ဆိပ်ကမ်း ဆိုတဲ့ သုံးနေရာဖြစ်ပါတယ်။ ဒီသုံးနေရာမှာခြေချနိုင်တဲ့အခါ ကမ္ဘာတဝှမ်းမျက်စိကျတဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ တံခါးဝကို တရုတ်ရောက်နေပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။

ဒီအတွက် သီရိလင်္ကာဆိပ်ကမ်းနဲ့ ပါကစ္စတန်ဆိပ်ကမ်းအတွက်ကိုတော့ တရုတ်ကသေချာပြီးဖြစ်သလို မြန်မာပြည်က ကျောက်ဖြူဆိပ်ကမ်းကိုလဲ သေချာအောင် ကြိုးစားနေခဲ့ပါတယ်။ အခုတော့ အဲဒီကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာအစိုးရဘက်က သဘောတူပြီဖြစ်တဲ့အတွက် အရေးကြီးလှတဲ့စီမံကိန်း စာချုပ်ချုပ်ဖို့ကို တရုတ်သမ္မတကိုယ်တိုင်လာမှာလို့လည်း လေ့လာသူတွေက ရှုမြင်ထားပါတယ်။

"မြန်မာ့ထွက်ရပ်"

အထက်မှာတင်ပြခဲ့သလို မြန်မာနဲ့ပထဝီမြေထိစပ်ပြီး အင်အားကြီးလှတဲ့ တရုတ်က ပြဿနာတွေနဲ့ ရှုပ်ထွေးလွန်းတဲ့မြန်မာကို ကောင်းကောင်းကစားထားနိုင်တဲ့အတွက် အမှီလိုနေတဲ့ မြန်မာအာဏာပိုင်အဆက်ဆက်နဲ့ မြန်မာအစိုးရကို တိုက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ တရုတ်နဲ့ ကင်းအောင်နေဖို့ မဖြစ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။ ဒီ့အပြင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အကြီးဆုံးနိုင်ငံက တရုတ်ဖြစ်ပါတယ်။ မြစ်ကူးတံတားကြီးတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာလည်း တရုတ်က ပတ်သက်နေပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးကိုလည်း တပ်မတော်ရဲ့ဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။

အသေးစားလုပ်ငန်းရှင်တဦးက - သူတို့ထုတ်နေတဲ့ ဖျော်ရည်တွေထည့်မယ့် ပလတ်စတစ်ဗူးတွေကို တရုတ်ကိုအပ်ရတာလို့ RFA ကို ပြောပြပါတယ်။ ဒါကြောင့် အကြီးစားစက်မှုလုပ်ငန်းတွေကနေ၊ အသေးစားလုပ်ငန်းထိ တရုတ်ရဲ့ပတ်သက်မှုလည်း ရှိနေပါတယ်။

ဒီအခြေအနေကြောင့် တရုတ်ရဲ့လောင်းရိပ်အောက်ကနေ ထွက်နိုင်ဖို့ဆိုရင်တော့ အဓိကအချက် နှစ်ချက်တွေ့ရပါတယ်။ တစ်အချက်က ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရဖို့ဖြစ်ပါတယ်။ နှစ်အချက်ကတော့ မြန်မာပြည်တွင်လုပ်သည် ဆိုတဲ့စာတမ်းတွေနဲ့ မြန်မာနိုင်ငံသားတွေကိုယ်တိုင် ကုန်ပစ္စည်းတွေထုတ်လုပ်နိုင်ဖို့ ပဲဖြစ်ပါတယ်။ ဒါမှသာ တရုတ်အမှီခိုကင်းတဲ့နိုင်ငံဘဝကနေ လွတ်မှာဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။