မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်နေပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ နိုင်ငံရေး၊ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်နေသလို ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး စီမံကိန်းတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
၂၀၂၃ ခုနှစ် ပထမ လေးလပတ်ထဲမှာပဲ ရခိုင်ပြည်နယ်မှာ လေအားလျှပ်စစ်စီမံကိန်း သုံးခု၊ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်စခန်း တစ်ခု၊ မြန်မာနဲ့ ယူနန်ပြည်နယ်ကြား ဆန်စပါးနဲ့ ဓာတ်မြေဩဇာ ထောက်ပံ့ရေး သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ်ရွေ့လျား ဆေးခန်း စီမံကိန်း စတဲ့ စီမံကိန်းတွေလုပ်ဖို့ တရုတ်အစိုးရနဲ့ သဘောတူထားကြောင်း ၂၀၂၃၊ ဇန်နဝါရီကနေ ဧပြီ ၂ ရက်အတွင်း စစ်ကောင်စီရဲ့ သတင်းစာတွေက ဖော်ပြပါတယ်။
တရုတ်-မြန်မာဆက်ဆံရေးအကြောင်း မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ့ မဟာဗျူဟာနဲ့ လေ့လာရေး အင်စတီကျု ISP (Myanmar) ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ ပို့ကုန်ထုတ်လုပ်ရေး ဥယျာဉ်ဇုန် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့လည်း မြန်မာဘက်နဲ့ တရုတ်ဘက်က လုပ်ငန်းရှင်တွေ သဘောတူထားပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် စစ်အစိုးရအဆက်ဆက် လက်ထက်ကတည်းက အာဏာရှိသူတွေနဲ့သာ ပူးပေါင်းပြီး စီးပွားရေးအကျိုးအမြတ်ကိုသာ အာရုံစိုက်ခဲ့တာမို့ ပြည်သူလူထုရဲ့ မုန်းတီးမှုနဲ့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရုတ်စီမံကိန်းတွေအကြောင်း သုတေသနပြုနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ပွင့်လင်းမြင်သာမှုအနေနဲ့ စာချုပ်တွေသိရဖို့ အရေးကြီးတယ်။ အရင်စစ်အစိုးရ လက်ထက်မှာလည်း မဖြစ်ခဲ့ဘူး။ အခုလက်ထက်မှာလည်း ပိုပြီးတော့ မဖြစ်တော့ဘူးပေါ့။ ဒါကြောင့်လည်း ဘာဖြစ်မလဲဆိုတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ ပိုပြီးတော့ မကျေနပ်မှုတွေက များလာတာပေါ့။ ပြည်သူတွေက မုန်းတီးတဲ့စိတ်တွေ ပိုများလာတယ်။ ဒါ့ကြောင့် တရုတ်အစိုးရအနေနဲ့ကလည်း ဒါကို ပြန်ပြီးတော့ စဉ်းစားသင့်တယ်။ ဒီလိုအခြေအနေကြီးမှာ လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာကို"
မြန်မာပြည်ထဲက တရုတ်ရဲ့ လျှပ်စစ်စီမံကိန်းတွေဟာ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းကြီးတွေရှိရာဒေသမှာပဲ အကောင်အထည်ဖော်နေတာကြောင့် မြန်မာပြည်သူတွေ အတွက် မဟုတ်ဘဲ တရုတ်ပိုင် စီးပွားရေးလုပ်ငန်းတွေအတွက်သာ ရည်ရွယ်ပုံရတယ် လို့လည်း သူက ထောက်ပြပါတယ်။
တရုတ်က လေအားလျှပ်စစ် ထုတ်လုပ်မယ့် ရခိုင်ပြည်နယ်မှာ တရုတ်အစိုးရရဲ့ ပိုးလမ်းမ စီမံကိန်း အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးတွေ ရှိပါတယ်။
တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းဟာ အာဏာသိမ်း နှစ်နှစ်အတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက် ဒုတိယအကြိမ် တွေ့ဆုံမှုမှာ စီးပွားရေးကိစ္စတွေ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ISP (Myanmar) ရဲ့ ပြီးခဲ့တဲ့လ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဟာ ကိုဗစ်အလွန် နယ်စပ်ဂိတ်တွေအဖွင့်မှာ ကုန်သွယ်ရေးပြန်ကောင်းဖို့နဲ့ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပိုပြီးအာရုံစိုက်လာတယ်လို့ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းမှုအလွန် ထိပ်သီးခေါင်းဆောင်ချင်း ထိတွေ့ဆက်ဆံမှုမျိုးကို သတိထား ရှောင်ရှားနေချိန်မှာ တရုတ်အစိုးရဟာ ယူနန်ပြည်နယ် ဒေသအာဏာပိုင်ကတစ်ဆင့် စစ်ကောင်စီနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဖို့ စဉ်းစားလာတယ်လို့ ISP Myanmar က သုံးသပ်ပါတယ်။
ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းနဲ့ မြန်မာဘက်က အောင်ရွှေထီး အများပိုင်ကုမ္ပဏီလီမိတက်တို့အကြား ပို့ကုန်ထုတ်လုပ်ရေး ဥယျာဉ်ဇုန် အကောင်အထည်ဖော်ဖို့ ၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလ ၂၇ ရက်က သဘောတူခဲ့ပါတယ်။ ရွှေတုံးဧရာ ပို့ကုန်ထုတ်လုပ်ရေး ဥယျာဉ်ဇုန်လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းကို ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အကောင်အထည်ဖော်မှာပါ။
မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ ပုဂ္ဂလိကစီးပွားရေးဆိုင်ရာ အသင်းအဖွဲ့ တစ်ခုဖြစ်တဲ့ ကုန်သည်များနဲ့ စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံအကြား စီးပွားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးမှု တွေလည်း ရှိနေပါတယ်။ RFA က စကားပြောခွင့်ရခဲ့တဲ့ UMFCCI ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အကောင်းဘက်က ရှုမြင်တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် တရုတ်က လယ်ယာ၊ သားငါး ကုန်ထုတ်လုပ်ငန်း၊ လျှပ်စစ်နဲ့ စွမ်းအင်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ် ဒေသခံတစ်ဦးကတော့ တရုတ်စီမံကိန်းတွေကြောင့် သူတို့ရဲ့ မိရိုးဖလာ ငါးဖမ်းလုပ်ကွက်တွေ ပျောက်ဆုံးပြီး စားဝတ်နေရေး ခက်ခဲသွားတယ်လို့ RFA ကို ပြောပါတယ်။
"ဒေသဖွံ့ဖြိုးတယ်ဆိုတာတော့ မရှိသလောက်ပါပဲ။ ဒေသခံတွေကတော့ လုပ်ကွက်တွေ ပျောက်တယ်။ အကျပ်အတည်းတွေ ဖြစ်တာပေါ့။ ကျနော်တို့ မဒေးကျွန်းဒေသခံတွေ ဆိုတာက ရေလုပ်ငန်းကနေပြီးတော့ အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ အဲဒီမှာ သူတို့စီမံကိန်းလုပ်လိုက်တော့ ငါးဖမ်းတဲ့ လုပ်ကွက်တွေ ပျောက်ကုန်တယ်။ မိသားစု စားဝတ်နေရေး မဖူလုံတော့ဘူး။ ငါးတွေ လွတ်လွတ်လပ်လပ် ဖမ်းခွင့်မရှိတော့ဘူး။ အရင်က ဒီစီမံကိန်းမလာခင် ပိုက်တစ်လလောက်ချလိုက်ရင် မိသာစုစားဝတ်နေရေး ဖူလုံတယ်။ အခုက တစ်နှစ်ပိုက်ချတာတောင် မဖူလုံတော့ဘူး"
အာဏာသိမ်းစစ်တပ်ကနေ အသွင်ပြောင်းထားတဲ့ လက်ရှိ စစ်ကောင်စီဟာ တရားဝင် အစိုးရ မဟုတ်တာကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာ သတိပေးထားပါတယ်။
"စစ်ကောင်စီနဲ့ ဘယ်လိုပဲ စီးပွားလုပ်လုပ်၊ ဗမာပြည်သူတွေအတွက်တော့ ဘာမှ သိပ်ပြီးဖြစ်လာမှာမဟုတ်ဘူး။ စစ်ကောင်စီကလည်း ရသမျှ သူ့အိတ်ထဲထည့်မှာပဲ"
မည်သူမဆို ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ စီးပွားရေး ပေါင်းလုပ်နေရင်တော့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံရလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တရုတ်ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦး က ပြောပါတယ်။
"တရားမဝင် အာဏာသိမ်းယူခဲ့တဲ့ (စစ်ကောင်စီ) က မြန်မာပြည်သူတွေကို နှိပ်ကွပ် နေခဲ့တာ အခုအထိ တစ်ကမ္ဘာလုံးလည်း အသိပဲလေ။ အဲလိုအခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တယ်ဆိုတာ စကစ (စစ်ကောင်စီ)ကို အားပေးအားမြှောက် ပြုရာလည်း ရောက်ပါတယ်။ စကစကို အကျိုးဖြစ်ထွန်းစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တကယ်တမ်း ပြောမယ်ဆို တရုတ်ပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆန့်ကျင်မှု ခံရမှာတော့ သေချာပါတယ်"
တရုတ်အစိုးရဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခံထားရတာကို အခွင့်ကောင်းယူပြီး စီမံကိန်းသစ်တွေ ထပ်လုပ်တာ၊ ရှိပြီးသား စီမံကိန်းတွေကို တိုးချဲ့တာတွေ လုပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ တာဝန်ခံ ယိင်းလျန်းဟန် က ထောက်ပြပါတယ်။
"အာဏာသိမ်းမှု ဖြစ်စဉ်အပြီး စစ်အစိုးရလက်ထက်မှာ သူတို့အတွက် ရင်းနှီး မြှုပ်နှံမှုတွေနဲ့ အရင် လုပ်ငန်းလည်ပတ်မှုတွေကို ပြန်စဖို့ ဒါတွေကတော့ သူတို့အတွက် ပိုပြီးတော့မှ လွယ်ကူသွားတယ်။ အရင်ကလို ကန့်ကွက်မှုတွေ မရှိနိုင်တော့တဲ့ အတွက်ကြောင့် သူတို့ အတွက် ပိုပြီးတော့မှ အဆင်ပြေသွားတယ်ပေါ့။ တရုတ်ကုမ္ပဏီ အများစုက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ နောက်တစ်ခုက စစ်ကောင်စီနဲ့ ပူးပေါင်း ထားပြီးတော့မှ လူ့အခွင့်အရေးတွေ မရှိဘူး။ ပိုပြီး ဖိနှိပ်တယ်။ အဓိကတော့ စကစနဲ့ ပေါင်းနေပြီးတော့မှ သူတို့အကျိုးအတွက် ဦးစားပေးပြီးမှ ဒေသခံတွေကို မကြည့်တဲ့ အတွက် ဆိုးကျိုးများပါတယ်"
"တရုတ်ကုမ္ပဏီအများစုက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ နောက်တစ်ခုက စစ်ကောင်စီနဲ့ ပူးပေါင်းထားပြီးတော့မှ လူ့အခွင့်အရေးတွေ မရှိဘူး။ ပိုပြီး ဖိနှိပ်တယ်"
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ ဒေါက်တာ လှကျော်ဇော ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေဟာသူတို့ အကျိုးစီးပွားသက်သက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် မြန်မာပြည်သူတွေအနေနဲ့ စစ်ကောင်စီရှိနေသရွေ့ စီးပွားရေးဖွံ့ဖြိုးမှုတွေလုပ်လို့မရဘူးဆိုတာ တရုတ်နိုင်ငံဘက်ကို ထင်ထင်ရှားရှား သတင်းစကားပါးဖို့လို့တယ်လို့ RFA ကို ပြောပါတယ်။
"တရုတ်ဘက်က သေနင်္ဂဟဗျူဟာက သူ့နိုင်ငံအတွက်ပဲ။ သူ့နိုင်ငံ အကျိုးရှိရေး အတွက်ပဲ သူလုပ်မှာ။ စစ်ကောင်စီနဲ့ ဘယ်လိုပဲ စီးပွားလုပ်လုပ်၊ ဗမာပြည်သူတွေ အတွက်တော့ ဘာမှ သိပ်ပြီးဖြစ်လာမှာ မဟုတ်ဘူး။ စစ်ကောင်စီကလည်း ရသမျှ သူ့အိတ်ထဲ ထည့်မှာပဲ။ ကျမတို့ဘက်က ပြတ်သားနေဖို့က စစ်ကောင်စီကို အပြတ်ဖြတ်ဖို့ ဖြစ်တယ်။ တရုတ်ကိုလည်း မြင်အောင် ပြရမယ်လေ။ ဘယ်လောက် စီးပွားရေးလုပ်လုပ် စစ်ကောင်စီ ရှိနေသရွေ့ ဗမာပြည်ကြီး ဘယ်လိုမှ မငြိမ်းချမ်းနိုင် ပါဘူး။ ဘယ်လိုမှ မတိုးတက်နိုင်ပါဘူးဆိုတာ ကျမတို့ ပြည်သူတွေဘက်ကပဲ ပြတ်ပြတ် သားသား ပြဖို့ရှိတာ"
အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်နေတာနဲ့ပတ်သက်ပြီး RFA က ရန်ကုန်ရှိ တရုတ်သံရုံးကို အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
တရုတ်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် မြန်မာဘက်က ဘယ်လိုသဘောထားနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ကို RFA က နှစ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် စာရင်းတွေအရ ၂၀၂၃ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံကို အမေရိကန် ဒေါ်လာ ၁၁၃ သန်းကျော် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တရုတ်ဟာ စင်ကာပူပြီးရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး ဖြစ်ပါတယ်။