ရုရှားနဲ့ စစ်ရေးလေ့ကျင့်ပြီး တစ်လမပြည့်ခင် တရုတ်စစ်သင်္ဘောတွေ ရန်ကုန်ရောက်လာ

RFA Burmese
2023.11.27
ရုရှားနဲ့ စစ်ရေးလေ့ကျင့်ပြီး တစ်လမပြည့်ခင် တရုတ်စစ်သင်္ဘောတွေ ရန်ကုန်ရောက်လာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ထားသည့် တရုတ် ဖျက်သင်္ဘော Zibo ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

Updated 6:15 PM Nov 28, 2023

မြန်မာနိုင်ငံမှာ စစ်ရေး လေ့ကျင့်ဖို့အတွက် တရုတ် စစ်သင်္ဘော သုံးစင်း နိုဝင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက ရန်ကုန် သီလဝါဆိပ်ကမ်းကို ရောက်ရှိလာကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝဘ်ဆိုက် အပါအဝင် စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေက အဲဒီနေ့ ညနေပိုင်းမှာပဲ ချက်ချင်း သတင်းထုတ်ပြန်ပါတယ်။

ရေကြောင်း လုံခြုံရေး လေ့ကျင့်ဖို့နဲ့ ချစ်ကြည်ရေး ခရီးအတွက် တရုတ်ရေတပ်က ဖျက်သင်္ဘော Zi Bo၊ ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နဲ့ ထောက်ပံ့ရေး စစ်ရေယာဉ် Qian Dao Hu တို့ စစ်အင်အား ခုနစ်ရာနီးပါးနဲ့အတူ ရောက်လာတာလို့ဆိုပါတယ်။ ဘယ်ရက်၊ ဘယ်နေရာမှာ ဘယ်လို လေ့ကျင့်မလဲ ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။

“စစ်ကောင်စီနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေး တင်းမာနေတယ်လို့ သတင်းတွေ ထွက်လာချိန်မှာပဲ တရုတ်စစ်သင်္ဘောတွေ မြန်မာနိုင်ငံထိ ရောက်လာတာပါ”

တရုတ်နဲ့ မြန်မာဟာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး နှစ်နိုင်ငံ စစ်တပ်အကြား ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှု ရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၇ ရက်နေ့မှာ နိုင်ငံပိုင် သတင်းမီဒီယာတွေကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ မနေ့က ကျွန်တော် ပြောခဲ့သလို မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို လေးစားလိုက်နာပြီး နှစ်နိုင်ငံ အစိုးရနဲ့ တပ်မတော် နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်း ပြောကြားလိုပါတယ်”

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေး တင်းမာနေတယ်လို့ သတင်းတွေ ထွက်လာချိန်မှာပဲ တရုတ်စစ်သင်္ဘောတွေ မြန်မာနိုင်ငံထိ ရောက်လာတာပါ။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် အခုလို လုပ်နေတာလို့ သုံးသပ်ပါတယ်။

“တရုတ် ဆန့်ကျင်ရေးလည်း သူတို့ (စစ်ကောင်စီ) ကပဲ ပြောတာပဲ။ အခုလည်း သံခင်း တမန်ခင်း အောင်မြင်မှုလို သူက ပြောပြန်တာပဲ။ တရုတ်က တစ်ကမ္ဘာလုံး လှည့်ပြီး စီးပွားရေး လုပ်နေတဲ့သူဗျ။ နိုင်ငံပေါင်း တစ်ရာကျော်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်ပဲ။ အဲ့တော့ သူက သူ့ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အားလုံး ပြေလည်အောင် ဆက်ဆံနေတာပါပဲ”

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ကလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ရှမ်းမြောက်ဒေသ တရုတ်-မြန်မာ နယ်စပ်အနီး ယူနန်ပြည်နယ် တောင်ပိုင်းမှာ နိုဝင်ဘာ ၂၅ ရက်ကစလို့ ကျည်အစစ်နဲ့ ပစ်ခတ်တဲ့ တိုက်ပွဲဝင် လေ့ကျင့်မှုတွေကို လုပ်နေပါတယ်။

တရုတ်အစိုးရပိုင် CCTV ရုပ်သံသတင်းအရ မြန်မာနဲ့ နယ်စပ်အနီး ကျယ်ပြန့်တဲ့ မြေပြင်မှာ တရုတ်စစ်သားတွေက သံချပ်ကာကားတွေနဲ့အတူ လက်နက်ကြီး၊ လက်နက်ငယ်တွေကို ပစ်ခတ်လေ့ကျင့်နေတာ တွေ့ရပါတယ်။ ဒီလေ့ကျင့်မှုမှာ တရုတ်စစ်သား ဘယ်လောက် များများ ပါဝင်ပြီး ဘယ်လောက်ကြာကြာ လေ့ကျင့်မယ်ဆိုတာကို အတိအကျ ပြောမထားပါဘူး။

ဒါပေမဲ့ ဒီလေ့ကျင့်မှုဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက ပြည်တွင်းစစ်ကြောင့် သက်ရောက် မှုတွေ ရှိလာတဲ့အခါ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ တရုတ် ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ဖြစ်တယ်လို့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ကို ကိုးကားပြီး တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့ပြီး တစ်လအတွင်း တရုတ်-မြန်မာ နယ်စပ်က စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၇၀ ကျော်နဲ့ နယ်မြေအချို့ကို သိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီစစ်ဆင်ရေးအတွင်း MNDAA က ဒရုန်းတွေကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်းနဲ့ အဲဒီဒရုန်းတွေကို တရုတ်နိုင်ငံကနေ အလွယ်တကူ ဝယ်ယူရရှိနေကြောင်း နိုဝင်ဘာလ ၈ ရက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်တပ် ထောက်ခံသူတွေက မြောက်ပိုင်း ညီနောင်မဟာမိတ်တွေကို တရုတ်က လက်နက် ထောက်ပံ့နေတယ်ဆိုပြီး ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတာ မျိုးတွေ လုပ်ခဲ့ပါတယ်။

ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားရေတပ်မှ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာသွားသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ကတွေ့ရစဉ်။ (Photo: Myanmar Military)
ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားရေတပ်မှ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာသွားသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ကတွေ့ရစဉ်။ (Photo: Myanmar Military)

လက်ရှိအခြေအနေမှာ စစ်ကောင်စီက တရုတ်အစိုးရအပေါ် သံသယဝင်မှာစိုးတဲ့အတွက် တရုတ်ဘက်က အခုလို စစ်ရေးလေ့ကျင်မှုနဲ့ ချစ်ကြည်ရေး ခရီးမျိုးကို လုပ်လာတာလို့ စစ်တပ်အရာရှိဟောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး မဟာဗျူဟာမိတ်ဖြစ် မူဝါဒကို ရှိနေပါတယ် ဆိုတဲ့သဘောကိုတော့ သူ အာမခံချက် တစ်ချက် ပေးလိုက်တာပေါ့။ နောက်တစ်ခုကတော့ မြောက်ပိုင်းကိစ္စမှာ တရုတ်အစိုးရ ပါဝင်ပတ်သက်မှု ရှိနိုင်တယ် ဆိုတာမျိုး တချို့က သံသယ ဝင်နေတဲ့အတွက်ကြောင့်မို့ ဒီသံသယကို ဖြေဖျောက်ဖို့လည်း ဖြစ်နိုင်တယ်။ နောက်တစ်ချက်ကတော့ ဒီနိုင်ငံကြီးရဲ့ အရှိန်အဝါဟာ တပ်မတော်နဲ့ တပ်မတော် ထောက်ခံသူတွေဘက်က ရှိနေတယ်ဆိုတဲ့သဘောပါ”

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီစစ်ရေး လေ့ကျင့်မှုဟာ အရင်ကတည်းက ကြိုတင် စီစဉ်ထားတာဖြစ်နိုင်ပြီး မြောက်ပိုင်း ကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်က စစ်ကောင်စီကို ထောက်ခံကြောင်း ပြသတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တရုတ်က မြန်မာပြည်နဲ့ပတ်သက်ပြီး အခုဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ကြားနေမယ် ဆိုတဲ့သဘောထားနဲ့ ငြိမ်းချမ်းရေးအရ စေ့စပ်ဆွေးနွေးဖို့ တောင်းဆို နေတဲ့ကာလမှာ အဲဒါတွေ (စစ်သင်္ဘောတွေ) ဟာ ချစ်ကြည်ရေးသဘောနဲ့ လာရောက်တာသာဖြစ်ပြီး အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခအတွက် တရုတ်က ပါဝင်ကူညီမယ့် အနေအထားလို့ ယူဆလို့မရပါဘူး”

ဒီစစ်ရေး လေ့ကျင့်မှုနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ တရုတ်အစိုးရဟာ မြောက်ပိုင်းဒေသက လက်နက်ကိုင် ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့၊ နှစ်ဖက် စေ့စပ်ညှိုနှိုင်းကြဖို့ စစ်ဆင်ရေး စတင်ချိန်ကနေ အခုရက်ပိုင်းအထိ မကြာခဏ တိုက်တွန်းနေပါတယ်။

စစ်ကောင်စီဘက်ကတော့ ရုရှားရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၇ ရက်ကနေ ၉ ရက်နေ့အထိ တနင်္သာရီတိုင်း မြိတ်မြို့အနီးက ကပ္ပလီ ပင်လယ်ပြင်မှာ လုပ်ဆောင်ခဲ့ပြီး ရုရှားရေတပ် ဖျက်သင်္ဘော သုံးစင်းနဲ့ စစ်သည်အရာရှိ ရှစ်ရာခန့် ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။