ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ဆယ်ဦးကို အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်နဲ့ သားဖြစ်သူ ပယ်ရင်းချိန်၊ သမီးဖြစ်သူ ပယ်ရင်းလန့်၊ ကိုးကန့် သူဌေးတွေဖြစ်တဲ့ ဝေဟွိုင်ရန်၊ သားဖြစ်သူ ဝေချင်းစုန်း၊ သမီးဖြစ်သူ ဝေရုန်နဲ့ ကိုးကန့်လုပ်ငန်းရှင်တွေဖြစ်တဲ့ လျိုကျိန်ရှန်၊ လျိုကျိကွမ်း၊ လျိုကျိန်မောက်နဲ့ ရွီဖားကျိတို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"နိုင်ငံရေးပါတီဖြစ်ဖြစ် နိုင်ငံဝန်ထမ်းဖြစ်ဖြစ် သက်ဆိုင်ရာဥပဒေတွေနဲ့အတူ လိုက်လံဆောင်ရွက်ရမှာပဲလေ"
ပြည်တွင်းမီဒီယာတချို့မှာတော့ ပယ်ဆောက်ချိန်ရဲ့သား အသက် ၃၁ နှစ်အရွယ် ပယ်ရင်းချိန်ဟာ ကိုးကန့်ဒေသ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးဖြစ်ပြီး၊ အသက် ၆၅ နှစ်အရွယ် ဝေဟွိုင်ရန်က ကိုးကန့်ဒေသ အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ သားဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဝေချင်းစုန်းကတော့ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဝင်ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး RFA က လတ်တလော သီးခြားအတည်မပြုနိုင်သေးပါဘူး။
တရုတ်ဘက်က ဒီလိုဖမ်းဝရမ်းထုတ်တာဟာ ငွေလိမ်လုပ်ငန်းတွေရဲ့ အဓိကကျတဲ့ ကိုးကန့်ခေါင်းဆောင်တွေကို စစ်ကောင်စီက ပြတ်ပြတ်သားသား အရေးမယူတဲ့အပေါ် မကျေနပ်ကြောင်း ပြသတာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းတွေမှာ စစ်ကောင်စီက အသိအမှတ်ပြုထားတဲ့၊ နောက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်တွေ၊ သူတို့ကိုယ်စားပြုပြီးတော့ တက်ရောက်ခွင့် ပေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်နေတဲ့အခါကျတော့ တိုက်ရိုက်အနေနဲ့ဝင်ပြီး ဖမ်းဖို့ဆီးဖို့ ဆိုတာတော့ အခက်အခဲရှိတာပေါ့။ အဲဒါကြောင့် ဖမ်း၀ရမ်းထုတ်တယ်လို့ ယူဆတယ်။ တစ်နည်းအားဖြင့် စစ်ကောင်စီရဲ့ မပြတ်သားတဲ့လုပ်ရပ်တွေမှာ တရုတ်ဘက်က မကျေနပ်ချက်ရှိတယ်ဆိုတာကို ဖော်ပြလိုက်တယ်လို့ ကျွန်တော်တော့ ယူဆပါတယ်”
တရုတ်အစိုးဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကိုးကန့်လုပ်ငန်းရှင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် အမတ်ဟောင်း မြီရှောက်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်းနဲ့ မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို ဖမ်းဝရမ်းထုတ်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ လောက်ကိုင်မြို့က နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီလိုဖမ်းဆီးချိန် မြီရှောက်ချန်းက သူ့ကိုယ်သူ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီး မြီကော်ဖျင်းနဲ့ မြီကျိန်းကျိန်းတို့နှစ်ဦးကိုတော့ နယ်စပ်ကတစ်ဆင့် တရုတ်အစိုးရထံ ချက်ချင်းလွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေက နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ်လုံခြုံရေးဝန်ကြီးဌာနဟာ အောက်တိုဘာ ၁ ရက်နေ့တုန်းကလည်း တရုတ်နိုင်ငံ လင်ချန်းမြို့ ကုန်စည်ပြပွဲ သွားတက်တဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့က လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ၁၁ ဦးမှာ လောက်ကိုင်မြို့က ဟိုတယ်၊ ကာစီနိုလုပ်ငန်းရှင် Fully Light အုပ်စု အမှုဆောင် ဒါရိုက်တာလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်းလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင် (ခ) လျိုကျိန်ချိလည်း ပါဝင်ပါတယ်။
ဒါကြောင့် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ကိုးကန့်ဒေသ အွန်လိုင်း ငွေလိမ်းဂိုဏ်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ ဖမ်းဆီးသူ၊ ဝရမ်းထုတ်ခံရသူတွေထဲမှာ ပယ်ဆောက်ချိန်၊ မြီရှောက်ချန်း၊ ဦးမောင်မောင် (ခ) လျိုကျိန်ချိ စတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အမတ်ဟောင်း သုံးဦး ပါဝင်နေပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးလှသိန်းကို ဆက်သွယ် မေးမြန်းတဲ့အခါ တည်ဆဲဥပဒေတွေနဲ့ငြိစွန်းပြီး အရေးယူခံရရင်တော့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ပြီးသားဖြစ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။
“နိုင်ငံရေးပါတီဖြစ်ဖြစ် နိုင်ငံဝန်ထမ်းဖြစ်ဖြစ် သက်ဆိုင်ရာဥပဒေတွေနဲ့အတူ လိုက်လံဆောင်ရွက်ရမှာပဲလေ။ ဒါပါပဲ။ ဥပဒေအတိုင်း ဆောင်ရွက်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ ပါတီကတော့ နိုင်ငံတော်ရဲ့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ပါတီကလည်း ဒါက သူ့ဟာသူ ပါတီဝင်အဖြစ်ကနေ အလိုလို နုတ်ထွက်သွားရမှာ ဖြစ်ပါတယ်”
တရုတ်အစိုးရဟာ ကိုးကန့်ဒေသနဲ့ ဆက်စပ်နေတဲ့ ဝ ဒေသ၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း အွန်လိုင်းငွေလိမ် ဂိုဏ်းတွေနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့ကတည်းက ဖမ်းဝရမ်းထုတ် ထားပါတယ်။ မြန်မာစစ်ကောင်စီကလည်း သူတို့နှစ်ဦးကို ဖမ်းဝရမ်း ထပ်ထုတ်ခဲ့ပေမယ့် နောက်ဆက်တွဲ အခြေအနေကို အတိအကျ မသိရသေးပါဘူး။
ပယ်ဆောက်ချိန်တို့ ဆယ်ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထပ်ထုတ်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒီဇင်ဘာ ၅ ရက်နေ့တုန်းကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာပိုင်နက်ကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်အလုပ်တွေကို လက်မခံကြောင်း စစ်ကောင်စီပိုင် မီဒီယာတွေကတစ်ဆင့် ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ အိမ်နီးနားချင်းတွေအပေါ်မှာထားရှိတဲ့ မူဝါဒသည် ကျွန်တော်တို့ရဲ့ နယ်မြေ၊ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အသုံးပြုပြီး အိမ်နီးနားချင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အလုပ်တွေ၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် လုပ်ငန်းတွေကို လုံးဝလက်မခံဘူးလို့ အတိအလင်း ပြောကြားပြီး ဖြစ်ပါတယ်”
အွန်လိုင်းငွေလိမ်းဂိုဏ်တွေကို နှိမ်နင်းမှုတွေမှာလည်း တက်ကြွစွာပူးပေါင်းပါဝင်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
တရုတ်ပြည်မှာဖြစ်နေတဲ့ ကိစ္စတွေကို မြန်မာက မျက်နှာလွှဲခဲပစ် လုပ်လို့မရတာကြောင့် အခုဖမ်းဝရမ်း ထပ်ထုတ်သူတွေကို တရုတ်ဘက် လွှဲမလား၊ မြန်မာဘက်က ကိုင်တွယ် မလားဆိုတာ အသေအချာ စစ်ဆေးရမယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်မျိုး က ပြောပါတယ်။
“တရုတ်ပြည်မှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုကို ဒီဘက် (မြန်မာ) ကနေပြီးတော့ လုံးဝ မျက်နှာလွှဲ ခဲပစ်လုပ်လို့ မသင့်တော်ပါဘူး။ အဲဒီအတွက် သဘောကတော့ အရေးယူတဲ့ကိစ္စကတော့ အရေးယူရမယ်။ တစ်ခုပဲရှိတာက သူ့ (တရုတ်) လွှဲမလား၊ ကိုယ် (စစ်ကောင်စီ) က အရေးယူရမလားဆိုတဲ့ ပြသနာကလည်း အဓိကဖြစ်ပါတယ်။ တချို့က အဲလိုမပြတ်သားတဲ့ (တရုတ်) မှတ်ပုံတင် ကိုင်ထားတာတွေရှိတယ်။ ဒီလူတွေကရော ဟိုဘက်မှာ တရုတ်နိုင်ငံသား လုပ်ထားသလားဆိုတာ ကျွန်တော်တို့က ကြည့်ဖို့တော့ လိုတာပေါ့၊ ဟုတ်တယ် လုပ်ထားတယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဥပဒေအရ သူကတော့ မြန်မာနိုင်ငံသား ပယ်ဖျက်လိုက်တာနဲ့ တရုတ်ဘက်ကို လွှဲပေးလို့ရသွားပြီ”
အခုဖမ်း၀ရမ်းထုတ်ခံရတဲ့ ကိုးကန့်ဦစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်တို့ ဆယ်ဦးကိုရော မြီရှောက်ချန်းတို့ မိသားစုဝင်တွေလိုမျိုး ကိုးကန့်ဒေသ နေအိမ်ထဲထိ ဝင်ဖမ်းမှာလား၊ ဘယ်လိုဆက်လက်အရေးယူမလဲဆိုတာ သိနိုင်ဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး သက်ရောက်နေတာကြောင့် တရုတ်နိုင်ငံ အနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာ ၈ ရက် မဲခေါင်-လန်ချန်း ညီလာခံမှာ ပြောထားပါတယ်။
တရုတ်-မြန်မာနယ်စပ် မြန်မာပိုင်နက်ထဲက ငွေလိမ်ဂိုဏ်းတွေမှာ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေပေမယ့် ထိထိရောက်ရောက် အရေးမယူတဲ့အပေါ် တရုတ်ဘက်က အကြီးအကျယ် စိတ်ဆိုးနေတာလို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“အရင်တုန်းက ကိုးကန့်မှာ မိသားစုကြီး လေးစုတို့ ဘာတို့၊ ကိုးကန့်မှာတင်မဟုတ်ဘူး “ဝ” တို့ မိုင်းလားတို့မှာလည်းရှိတယ်။ ဒါပေမဲ့ တရုတ်က ပြောတဲ့အခါမှာ လူတွေက စောစောစီးစီး ပိတ်ပေးတာပါတယ်။ တချို့ကျတော့ ကိုးကန့်ကတော့ လုပ်မပေးဘူးနဲ့ တူတယ်။ ဒါကြောင့်မိုလို့ တရုတ်ကလည်း ဒေါသတကြီးနဲ့ ဖြစ်နေတာဖြစ်မယ်။ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ တစ်ဦးတစ်ယောက်တည်းမှာတင် မဟုတ်ပါဘူး”
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား သုံးသောင်းကျော်ကို လက်ခံလွှဲပြောင်းယူခဲ့ကြောင်း ဖော်ပြထားပါတယ်။