တပ်မတော်သား တပ်ကြပ်တစ်ဦး AA အဖွဲ့မှာ ခိုလှုံ


2019.10.14
aungnaing-aa-622.jpg ရက္ခိုင့်တပ်တော်(AA)ထံ လာရောက်ပူးပေါင်းခဲ့တဲ့ မြန်မာ့တပ်မတော်က တပ်ကြပ် အောင်နိုင် ကို တွေ့ရစဉ်
Photo: Arakan Army

တပ်ကြပ် အောင်နိုင်ဟာ တပ်မတော်မှာ ၂၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ခမရ - ၂၀၂ က ဗိုလ်ကြီးအဆင့်ရှိသူကို သေနတ်နဲ့ သုံးချက်တိတိပစ်ခတ်ပြီး ရက္ခိုင့်တပ်တော်(AA)ထံ လာရောက်ပူးပေါင်းခဲ့တာလို့ အေအေက ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ထဲမှာ တပ်ကြပ် အောင်နိုင်ဆိုသူက ပြောဆိုထားပါတယ်။

တပ်မတော်စစ်ကြောင်းလှုပ်ရှားသွားလာတဲ့အခါမှာ ရွာတစ်ရွာမှာ သူ့ရဲ့ညီဖြစ်သူနဲ့တွေ့တာကို ဗိုလ်ကြီးက အေအေနဲ့ တွေ့တယ်လို့စွပ်စွဲကြောင်း၊ လူမျိုးကိုအခြေပြုဆဲဆိုရာမှာ အပြန်အလှန် ပြောဆိုတဲ့အတွက် ပါးရိုက်ထိုးကြိတ် ခံရကြောင်း နောက်ဆုံး မခံချင်လို့ အဲဒီဗိုလ်ကြီးကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဗီဒီယိုဖိုင်မှာ ရှင်းပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုတုံ့ပြန်ပါတယ်။

ကျွန်တော်တို့က လက်အောက် ငယ်သားကို အဲလို ညှဉ်းပမ်းတယ်၊ နှိပ်စက်တယ်၊ ဒီလိုဟာမျိုး ခွဲခြားဆက်ဆံတယ်ဆိုတာ အဲလိုဟာမျိုးက မရှိဘူးခင်ဗျ

"အဲဒါကတော့ မရှိဘူးခင်ဗျ။ သူ့ဟာသူ ဒီလိုပြေးသွားတာတော့ ရှိတယ်။  အဲဒီအထဲကို ရောက်မရောက် ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ နောက်တစ်ခုက  ကျွန်တော်တို့ က လက်အောက် ငယ်သားကို အဲလို ညှဉ်းပမ်းတယ်၊ နှိပ်စက်တယ်၊   ဒီလိုဟာမျိုး ခွဲခြား ဆက်ဆံတယ်ဆိုတာ အဲလိုဟာမျိုးက မရှိဘူးခင်ဗျ။ ဒါပေမဲ့  ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို မလိုက်နာဘူး၊ ခဏခဏ  စည်းကမ်းဖောက်တယ်ဆိုရင်တော့ သူ့ဟာသူ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေအတိုင်းပဲ  အရေးယူတယ်။ ခွဲခြားဆက်ဆံတာတို့ ထုတာရိုက်တာတို့ ကျွန်တော်တို့မှာမရှိဘူး။  ကျွန်တော်တို့က ခွင့်ပြုမထားဘူး"

သေနတ်နဲ့ သုံးချက်ပစ်ခတ်ခံရတဲ့ အထက်အရာရှိဖြစ်သူ ဗိုလ်ကြီးဟာ သေသွားသလား၊ ဘယ်လိုဖြစ်ကျန်ခဲ့သလဲ ဆိုတာကို တပ်ကြပ် အောင်နိုင်ဆိုသူ ထည့်သွင်းပြောဆိုတာ မတွေ့ရပါဘူး။

အေအေအဖွဲ့ထံလာရောက်ပူးပေါင်းတဲ့ တပ်ကြပ် အောင်နိုင်ဆိုသူက ဗီဒီယိုဖိုင်မှာ အခုလိုဆက်ပြောထားပါတယ်။

"ကျွန်တော် ရက္ခိုင့်တပ်တော်သို့ လာရောက်ရတဲ့အကြောင်းက ကျွန်တော်တို့ လှုပ်ရှားသွားလာတဲ့ အခါမှာ တစ်ချို့ရွာတွေဆို စစ်ဘေးရှောင်နေရတယ်။ ရွာမှာလူမရှိဘူး။ ဈေးဆိုင်တွေ၊ အိမ်တွေ ဒီအတိုင်းပိတ်ထားပြီး ကျွန်တော်တို့ရောက်တဲ့အခါမှာ အကုန်လုံးဖွင့်တယ်။ တချို့ သေတ္တာတွေကအစ ရိုက်ဖွင့်တယ်။ ပစ္စည်းတွေကိုယူတယ်။ ရွှေတွေဘာတွေရှိရင် ရွှေတွေဘာတွေယူတယ်။ ငွေတွေ့ရင် ငွေယူတယ်။ ဆိုလာပြားတွေကအစ ဖြုတ်ယူတာရှိတယ်။ ပြီးရင် ဒီရွာကလူတွေကလည်း အကုန်လုံး အေအေတွေပဲတဲ့။ အေအေအမာခံတွေပဲတဲ့။ သူတို့ပြန်လာလို့ရှိရင် နေလို့ထိုင်လို့မရအောင် အိုးခွက်ပန်းကန်တွေကအစ ဓားတွေနဲ့ထိုးဖောက်ပြီး လွှင့်ပစ်တယ်"

တပ်ကြပ် အောင်နိုင်ဟာ ရခိုင်လူမျိုးဖြစ်တဲ့အတွက် တပ်ထဲမှာ တာဝန်ထမ်းဆောင်နေသူတွေက ရခိုင်လူမျိုးတွေ အပေါ် ဆဲဆိုတာ၊ လူတွေကိုတွေ့ရင် ကြိုးတုပ်ပြီး အေအေအဖွဲ့နဲ့ပတ်သက်လို့ ရိုက်နှက်မေးမြန်းတာကိုနေ့စဉ် ကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဗီဒီယိုဖိုင်မှာပြောဆိုထားပါတယ်။

ရခိုင်ရွာတွေကိုဝင်တဲ့အခါမှာ မသင်္ကာရင် ရွာထဲကို ပစ်ခတ်ရကြောင်း၊ မသင်္ကာသူတွေကို ဖမ်းဆီးခိုင်းတာတွေ ရှိကြောင်းလည်း တပ်ကြပ် အောင်နိုင်ဆိုသူက ပြောဆိုထားပါတယ်။

"ကျွန်တော်တို့ လှုပ်ရှားစစ်ကြောင်းတွေအနေနဲ့ သွားတယ်၊ လာတယ်အခါမှာ  ရခိုင်လူမျိုးဆိုတာနဲ့ တွေ့တာနဲ့ စစ်ဆေး မေးမြန်းတာတွေရှိပါတယ်။  ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်လို့ မသင်္ကာရင် ကြိုးတွေတုပ်၊  ရိုက်နှက်မှုတွေလည်း ရှိပါတယ်။ နောက် သူတို့ကို ရှေ့ကသွားခိုင်းပြီးတော့  လူသား ဒိုင်းကာအဖြစ် ခေါ်ဆောင်သွားတာတွေလည်း ရှိပါတယ်။  တချို့ရွာတွေမှာဆိုရင်လည်း ဝင်တဲ့အခါမှာ ရွာသားတွေကို ခေါ်၊  မသင်္ကာတဲ့သူတွေကို ကြိုးတွေတုပ်၊ ရိုက်နှက်တာတွေ၊  ပုံစံမျိုးစုံနဲ့စစ်ဆေးတာတွေကို ကျွန်တော် တွေ့ခဲ့ရပါတယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒါဟာတပ်မတော်အပေါ် သိက္ခာချဖို့အတွက် ဝါဒဖြန့်တာလို့ တုံ့ပြန်ပါတယ်။

"ခုနကဟာတွေသည် သူတို့လိုရာဆွဲပြီးတော့မှ ကျွန်တော်တို့ တပ်မတော်ကိုလည်း သိက္ခာကျအောင်ပေါ့နော် ပြီးရင် လူမျိုးရေးအရလည်း ဝါဒဖြန့်တာဖြစ်လိမ့်မယ်"

၇ မိနစ်နဲ့ ၁၉ စက္ကန့်ရှည်တဲ့ ဒီဗီဒီယိုအင်တာဗျူးကို အေအေက ရခိုင်ဘာသာစကားနဲ့ မေးမြန်းထားတာဖြစ်ပြီး မြန်မာဘာသာနဲ့ စာတန်းရေးထိုးထားပါတယ်။

တပ်မတော်ထဲမှာရှိနေတဲ့ ရခိုင်လူမျိုးတပ်မတော်သားတွေအနေနဲ့ သူ့လိုညှဉ်းပမ်းနှိပ်စက်မှုမရှိရအောင် တပ်မတော်က ထုတ်ပေးထားတဲ့လက်နက်တွေနဲ့ အေအေထံ လာရောက်ပူးပေါင်းဖို့ကိုလည်း တပ်ကြပ် အောင်နိုင် ဆိုသူကပြောဆိုထားပါတယ်။

ရခိုင်လူမျိုးတွေအနေနဲ့ သွားတာလာတာကအစ သတိထားဖို့နဲ့ စည်းစည်းလုံးလုံးရှိကြဖို့ သူက တိုက်တွန်း ထားပါတယ်။

ဒီအင်တာဗျူး ဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဒီနေ့ညနေပိုင်းမှာ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကလည်း အေအေအဖွဲ့ထံ ရောက်လာခဲ့တဲ့ တပ်မတော်မှာ ၁၇ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ ရခိုင်လူမျိုး ဗိုလ်မှူး အောင်မြင့်စိုး ရဲ့ ရုပ်သံဖိုင်ကို အေအေအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။