ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို အာဏာသိမ်း စစ်ကောင်စီက မနေ့က ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုပေမယ့် အလားတူ အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာသတင်းထောက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတဲ့အတွက် ဒီလူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်း မြန်မာ စာနယ်ဇင်းသမားတွေ၊ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေးအဖွဲ့တွေနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရေးသားထုတ်ဝေတဲ့ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ အယ်ဒီတာ အမေရိကန် သတင်းထောက် ဒန်နီဖန်းစတားဟာ ပြီးခဲ့တဲ့ မေလက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရပြီး၊ ယခင် မြန်မာနောင်းသတင်းဌာနမှာ အလုပ်လုပ်ခဲ့တဲ့အတွက် ပုန်ကန်မှု ဖြစ်အောင် လှုံ့ဆော်မှု၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေအပြင်၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေတွေနဲ့ တရားစွဲဆိုပြီး၊ နိုဝင်ဘာလ ၁၂ ရက်နေ့က စုစုပေါင်း ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်းထောက် ဒန်နီဖန်းစတားကို အင်းစိန်ထောင်နေ ပြန်လွှတ်ပေးလိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို မနေ့က ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ချက်မှာတော့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ဘီလ်ရစ်ချက်ဆန်တို့ရဲ့ မေတ္တာရပ်ခံချက်နဲ့ နိုင်ငံအချင်းချင်း မိတ်မပျက်စေဖို့နဲ့ လူသားချင်း စာနာထောက်ထားမှု အကြောင်းပြချက် တွေကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ ဒန်နီဖန်းစတားကို ရာဇဝတ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားဟာ မြန်မာနိုင်ငံ အကျဉ်းထောင် ကနေ လွတ်မြောက်ပြီး အမေရိကန်နိုင်ငံကို ပြန်လာနေပြီလို့ နိုဝင်ဘာလ ၁၅ ရက် မနေ့က သံအမတ်ဟောင်း ဘီလ် ရစ်ချက်ဆန်ရဲ့ "ရစ်ချတ်ဆန်စင်တာ" က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နှစ်ဦးချင်း တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန်ဟာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ခရီးစဉ်နဲ့ သွားခဲ့တဲ့အခါ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လမ်းညွှန်ချက်အရ သတင်းထောက် ဒန်နီဖန်းစတား လွတ်မြောက်အရေးကိစ္စကို ပြောဆိုခဲ့တာ မရှိဘူးလို့ RFA နဲ့ သီးသန့်မေးမြန်းချက်မှာ ပြောထားပါတယ်။
အမေရိကန်သတင်းထောက် ဒန်နီရယ် ဖန်းစတားကို ၆ လနီးပါးကြာအောင် မှားယွင်းစွာ ဖမ်းဆီးထားခဲ့ရာ ကနေ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးက သံအမတ်ကြီး သောမတ် ဗိုင်ဒါနဲ့ သံရုံးဝန်ထမ်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဒန်နီဖန်းစတား လွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းခဲ့တဲ့ သံအမတ်ဟောင်း ဘေလ် ရစ်ချက်ဆန်တို့အားလုံးကို ချီးကျုးဂုဏ်ပြုကြောင်းနဲ့ မတရားဖမ်းဆီးခံထားရတဲ့သူအားလုံး လွတ်မြောက်ဖို့ ဆက်လက်တောင်းဆိုကြောင်း လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ဒန်နီဖန်းစတားရဲ့ အစ်ကိုဖြစ်သူ ဘရိုင်ယန် ဖန်းစတားက သူ့ရဲ့ညီ ဖမ်းဆီးခံရပြီး ၁၇၆ ရက်မြောက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့အကြောင်းနဲ့ အမေရိကန် သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန် အပါအဝင် ညီဖြစ်သူ လွတ်မြောက်ရေး ကူညီဆောင်ရွက်ခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အခုလို ဒန်နီဖန်းစတား ပြန်လည်လွတ်မြောက်လာတဲ့အတွက် စိတ်အေးရပေမယ့် သူဟာ ထောင်ဒဏ်ချမှတ် ခံရသင့်တဲ့သူ မဟုတ်ဘူးလို့ ဒန်နီဖန်းစတား အလုပ်လုပ်ခဲ့တဲ့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် သောမတ်ကင်းန်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ပြည်တွင်းဝါရင့်သတင်းထောက် တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ အမေရိကန်နိုင်ငံသား သတင်းထောက် တစ်ဦးတည်းကို ပြန်လွတ်ပေးလိုက်ပေမယ့် မတရားသဖြင့် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ အမြောက်အများကျန်နေသေးတဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ကလည်း အခုလို ခြောက်လနီးပါး ကြာအောင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ဒန်နီဖန်းစတားကို ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုကြောင်းနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး သတင်းရေးသားခဲ့တဲ့အတွက် ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက် ဒါဇင်ပေါင်းများစွာကိုလည်း မြန်မာနိုင်ငံက အာဏာပိုင်တွေ အနေနဲ့ ပြန်လွှတ်ပေးသင့်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမေရိကန်သတင်းထောက် ဒန်နီဖန်းစတား အပြင် အခြားနိုင်ငံခြား သတင်းထောက်တွေ ဖြစ်တဲ့ ပိုလန်နိုင်ငံသား အလွတ်သတင်းထောက် ရောဘတ် ဘိုစီရာဂါနဲ့ ဂျပန် သတင်းထောက် ယူကီ ကီတဇူမီတို့လည်း အလားတူစစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ကနေ ပြန်လွတ်မြောက်လာပြီးတဲ့နောက် ပြည်နှင်ဒဏ်ပေးတာ ခံခဲ့ကြရပါတယ်။