မန္တလေးမြို့မှာ အိမ်နဲ့ ဆိုင်ခန်း နှစ်ရာကျော်ကို စစ်ကောင်စီ ဖျက်ဆီး
2025.01.26

မန္တလေးမြို့က အထင်ကရနေရာတွေဖြစ်တဲ့ ဗထူး အားကစားကွင်းနဲ့ အောင်မြေမန္တလာ ဘောလုံးကွင်း ပတ်လည်က ဆိုင်ခန်းအားလုံးကို စစ်ကောင်စီက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ဖျက်ဆီးဖယ်ရှားသွားတယ်လို့ အဖျက်ခံရတဲ့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။
အိမ်နဲ့ ဆိုင်ခန်းတွေကို သုံးရက်အတွင်း အပြီးဖယ်ရှားဖို့ စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်း အားကစားနဲ့ ကာယပညာဦးစီးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့က အကြောင်းကြားစာ ပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာ ဘောလုံးကွင်းဘေးက ဆိုင်ခန်းပေါင်း တစ်ရာကျော်နဲ့ ချမ်းအေးသာစံမြို့နယ် ဗထူးကွင်းဘေးက ဆိုင်ခန်းနဲ့ လူနေတိုက်ခန်းပေါင်း ၁၃၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ရက်အတွင်း အပြီး ဖျက်ဆီးသွားတာလို့ ပြောကြပါတယ်။
ဒီဆိုင်ခန်းနဲ့ အိမ်တွေဟာ ကျုးကျော်နေထိုင်တာမဟုတ်ဘဲ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ နှစ်ရှည်ငှားရမ်းစာချုပ်နဲ့ နေခဲ့တဲ့အတွက် နောက်ထပ် ရှစ်နှစ် ကျန်သေးတယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
"ကျွန်မတို့ကို ခွေးမောင်းထုတ်သလို မောင်းထုတ်တာပါ၊ နေရာမှာက ရှစ်နှစ် ကျန်သေးတယ်၊ ရှစ်နှစ်၊ ကျွန်မတို့ ဗထူးကွင်းတိုက်ခန်းတွေက ၂၀၃၂ အထိ စာချုပ်တွေ ရှိပါသေးတယ်ရှင့်။ သူတို့က မထွက်လို့ရှိရင် ရဲတွေ၊ တုတ်တွေနဲ့ ဆွဲထုတ်မယ်ဆိုပြီးတော့ မိုက်ကြီးနဲ့ ကြေညာတာ၊ ထွက်တော့ထွက်တော့ဆိုပြီး သူတို့လိုချင်လို့ပေါ့ဗျာ၊ သူတို့ ပြန်ရောင်းစားမှာပေါ့ဗျာ။ ကန်ထရိုက်ကို ရောင်းစားလိုက်တာပဲ၊ ရှင်းရှင်းပြောရရင်။ အားကစားနဲ့ ကာယပညာဦးစီးဌာနနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်မတို့ကို မတရားသဖြင့် ဆွဲထုတ်သွားတာပါ"
အဲဒီနောက်မှာတော့ နိုင်ငံပိုင်မြေ မကျူးကျော်ရဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲထားတယ်လို့ ပြောပါတယ်။
အရင်စစ်အစိုးရခေတ်မှာ နှစ်ရှည်စာချုပ်နဲ့ ငှားထားတဲ့ မန္တလေးမြို့က ဌာနဆိုင်ရာ မြေနေရာပေါ်က အိမ်တွေ၊ ဆိုင်တွေကို ဖယ်ရှားဖို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မန္တလေး ခရီးစဉ်မှာ ညွှန်ကြားသွားတာလို့ မြို့ခံတွေက ပြောပါတယ်။
နိုင်ငံတော်က လိုအပ်လို့ ဖယ်ရှားပေးရမဲ့အခါမှာ မြေအစားထိုးနေရာပြန်ပေးမယ်ဆိုတဲ့ အချက် စာချုပ်ထဲမှာ ပါခဲ့ပေမဲ့ အခုဖျက်တဲ့အခါ မြေအစားထိုးပြန်ပေးမဲ့ အစီအစဉ်မရှိဘူးလို့ အိမ်ဖျက်ဆီးခံရတဲ့သူ နောက်တစ်ဦးက ပြောပါတယ်။
"တကယ်တော့ ဒီ ၁၃၃ ခန်းမှာ တကယ့်အခိုင်အမာ (စာချုပ်) တွေနဲ့ နေကြတာ။ ဦးသန်းရွှေလက်ထက်ကတည်းက ဝယ်ထားခဲ့တာ၊ ကားနှစ်စီး၊ တချို့ဆို ကားလေးစီးရောင်းပြီးမှ ဝယ်ရတာဗျာ။ တချို့ဆို ရွှေအစိတ်သား၊ ရွှေတစ်ပိဿာတို့ ရောင်းပြီးမှ ဝယ်ထားကြတဲ့ တိုက်ခန်းကြီးတွေပေါ့ဗျာ"
"တကယ်တော့ ဒီ ၁၃၃ ခန်းမှာ တကယ့်အခိုင်အမာ (စာချုပ်) တွေနဲ့ နေကြတာ။ ဦးသန်းရွှေလက်ထက်ကတည်းက ဝယ်ထားခဲ့တာ"
စစ်ကောင်စီတပ်က အိမ်တွေကို အင်အားသုံးပြီးဖယ်ရှားလိုက်တာကြောင့် အိမ်ငှားခတွေကြီးနေတဲ့ အချိန်မှာ နေရေးထိုင်ရေး ပိုပြီးအခက်အခဲရှိတော့မယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"အခုကာလကြီးမှာ တကယ်ကြီးကို ခက်ခဲနေကြတာဗျာ။ နေရေး ထိုင်ရေးက အိမ်ငှားခတွေအရမ်းတက်တယ်ဗျာ။ အခုချိန်မှာ၊ သုံးဆ၊ လေးဆ အဲလိုကြီးတွေ တက်နေတဲ့အချိန်မှာ ဒီလိုနေဖို့ ထိုင်ဖို့စပြီးတော့ ခက်ခဲသွားတာပေါ့ဗျာ။ လုပ်ကိုင်စားသောက်ဖို့ထက် နေဖို့တောင် ခက်သွားတဲ့ဟာ မဖြစ်သင့်ဘူးပေါ့ဗျာ၊ အဲဒီမှာ ကလေးတွေအတွက် လုံခြုံရေးကပါ ခက်သွားပြီ။ သူတို့မှာအရွယ်ရောက်တဲ့ ကလေးတွေကလည်း ရှိနေကြတာကိုး"
ဆက်နွှယ်သောသတင်းများ
မန္တလေးမြို့လယ်က လူနေဆိုင်ခန်း ၁၅၀ ကျော်မှာ နေထိုင်သူတွေကို ဖယ်ရှားခိုင်း
ပုသိမ်ကြီးမြို့နယ်က နေအိမ်တစ်သောင်းနီးပါးကို စစ်ကောင်စီ ဖယ်ရှားခိုင်း
နေပြည်တော် စစ်ရုံးအနီးက နေအိမ်တွေ ဖယ်ရှားခံရ
အဖျက်ခံရတဲ့ဆိုင်ခန်းနဲ့ နေအိမ်တွေဟာ စီးပွားရေး အချက်အချာကြတဲ့ မြို့လယ်ကောင်မှာရှိတဲ့အတွက် ကာလပေါက်စျေးဟာ ကျပ်သိန်းတစ်ထောင်ကျော် တန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ပြည်သူတွေရဲ့ထောင်နဲ့ချီတဲ့ နေအိမ်တွေကို ကျုးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။