မြဝတီက စစ်ရေးပစ်မှတ်တွေကို ဒရုန်းနဲ့ထပ်တိုက်မယ်လို့ Federal Wings ပြော

RFA Burmese
2023.09.12
မြဝတီက စစ်ရေးပစ်မှတ်တွေကို ဒရုန်းနဲ့ထပ်တိုက်မယ်လို့ Federal Wings ပြော Federal wings ဒရုန်းအဖွဲ့မှ တပ်ဖွဲ့ဝင် တချို့အား ၂ဝ၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Federal wings/Facebook

မြဝတီမြို့နယ်အတွင်းက စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကို ဒရုန်းနဲ့ ထပ်ပြီးတိုက်ခိုက်ဖို့ရှိတာကြောင့် စစ်တပ်ဌာနဆိုင်ရာနေရာတွေနဲ့ မီတာ ၄ဝဝ၊ ၅ဝဝ အကွာအဝေးအတွင်း မသွားကြဖို့နဲ့ အဲဒီအကွာအဝေးအတွင်း နေထိုင်ကြသူတွေ ရွှေ့ပြောင်းထားဖို့ KNLA ပူးပေါင်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူ ကိုနေမင်းထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ ဒီဒရုန်းတွေက လက်ရှိဒရုန်းတွေက အကွာဝေးတော်တော်များများကိုလည်း သွားနိုင်တယ်၊ တည်နေရာ location ကိုလည်း တိတိကျကျ ပစ်ခတ်ချေမှုန်းနိုင်တယ်၊ ဒီ စကစရဲ့ရုံးတွေ၊ ဌာနတွေနဲ့ စကစနဲ့ အနီးဆုံးပေါ့နော်။ ဖြစ်နိုင်ရင်တော့ မီတာ ၄ဝဝ၊ ၅ဝဝ အတွင်းမှာ လုံးဝမနေကြဖို့ပေါ့နော်၊ မနေကြဖို့ ကျွန်တော်တို့က တိုက်တွန်းလိုတယ်။”

စက်တင်ဘာလ ၃ ရက်က မြ၀တီခရိုင်ရဲစခန်း တိုက်ခိုက်ခံရတာမှာ စစ်ဘက်၊ အရပ်ဘက်အရာရှိနဲ့ အခြားအဆင့်ဝန်ထမ်း ခြောက်ဦး သေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို နောက်ထပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ လုပ်ဆောင်နေရာမှာ ဒေသခံပြည်သူတွေ အထိအခိုက်မရှိအောင် ဂရုစိုက်လုပ်ဆောင်နေတယ်လို့လည်း ကိုနေမင်းထွန်းက ဆက်ပြောပါတယ်။

“ဒရုန်းတိုက်ခိုက်မှု ကျွန်တော်တို့ဘက်က လုပ်တဲ့အနေအထားက စကစ လက်နက်ကြီးလိုမျိုး ရမ်းသန်းပြီး ပစ်ခတ်နေတာမျိုး မဟုတ်ဘူး၊ ဒါပေမဲ့ ပြည်သူလူထုအထိခိုက်နည်းအောင် ကျွန်တော်တို့က ဒီလိုကြေညာချက်ထုတ်ရတာပဲ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ထပ်လုပ်မဲ့ မစ်ရှင်တွေမှာလည်း ပြည်သူလူထု လုံးဝမထိခိုက်စေချင်ဘူး။ ဝန်ထမ်းမိသားစုတွေပါ ရှောင်ရှားနိုင်ရင်တော့ အကောင်းဆုံးပဲလေ”

အခုလို Federal wings ဒရုန်းတပ်ဖွဲ့က စစ်တပ်နေရာတွေကို ထပ်ပြီး တိုက်ခိုက်မယ်လို့ သတင်းထုတ်ပြန်ထားပြီးနောက်ပိုင်း မြဝတီမြို့ တွင်းမှာ ၁၀ နာရီနောက်ပိုင်း သွားလာနေတာတွေ့ရင် ပစ်ခတ်ဖမ်းဆီးဖို့ စစ်တပ်က အမိန့်ပေးထားပါတယ်။ ဒါကြောင့် ရပ်ကွက်သူ ရပ်ကွက်သားတွေ အပြင်ထွက်သွားလာရင် သတိထားကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သတိပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရဲစခန်းအတွင်းနေထိုင်သူ ရဲဝန်ထမ်းတချို့ ပြောင်းရွှေ့နေကြတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“ အခုဒီ ရဲစခန်းကနေ ပြောင်းကြတဲ့လူတွေကျတော့ အသိရှိတဲ့လူတွေလောက်ပဲ ပြောင်းကြတာ။ သူတို့အမျိုးတွေ၊ အသိတွေ အဲ့လိုအိမ်တွေမှာ သွားနေကြတာ။ အခုကျန်ခဲ့တဲ့ ရဲစခန်းဝင်းမှာ နေနေတဲ့လူတွေကျတော့ တခြားမြို့နယ်က လာတဲ့လူတွေလေ။ ဒီမှာ နေစရာနေရာလည်း မရှိဘူး၊ မလုံခြုံဘဲ နေနေရတာပဲ၊ သူတို့ တစ်ခြားသွားစရာနေရာမှ မရှိတာ၊ လက်အောက်ငယ်သားကျတော့၊ အဲ့ဒါကြောင့်မို့ ဒီစခန်းထဲမှာပဲ နေနေကြတာပေါ့"

KNLA ပူးပေါင်းတပ်တွေ မြဝတီခရိုင်ရဲရုံးကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လက်ခတ်တောင်နေရာကို စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းအပြင် ဖျက်အားပြင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် တောင်ပေါ်က သာသနိကအဆောက်အအုံတွေ၊ စေတီနဲ့ရုပ်ပွားတော်တွေ ပျက်စီးကုန်တယ်လို့ KNLA ပူးပေါင်းတပ်ရဲ့ ကျားသစ်နက်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်၊

“စစ်ကောင်စီက လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်ပေါ့နော်။ လက်နက်ကြီးတွေ၊ ဟောက်ဝစ်ဇာ ရှော့တိုက် အမျိုးစားတွေနဲ့လည်း တောက်လျှောက်ပစ်နေတာတွေ ရှိတယ်။ အဲ့ဒါမှာမှ သူတို့က ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ ဘုရားပုထိုးတွေဆိုတာကတော့ သူတို့ကိုယ်တိုင် ခုတုံးလုပ် တည်ဆောက်ပြီးတော့ သူတို့ဘန်ကာအဖြစ်နဲ့ စေတီပုထိုးတွေကို တည်ဆောက်ထားတာတွေ ရှိတယ်။ ပြီးတော့ ဖျက်ဆီးတော့လဲ သူတို့ပဲ ပြန်ဖျက်ဆီးတာပဲပေါ့နော်။ အခုစေတီပုထိုးတွေဆိုလည်း အခုပျက်စီးတဲ့ ဥစ္စာတွေကို အရေအတွက်အရပြောရမယ်ဆိုရင် ရေတောင်မရေတွက်နိုင်တော့ဘူးပေါ့နော်။”

myawaddy.jpg
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မြဝတီမြို့နယ် လက်ခတ်တောင်ပေါ်မှ အဆောက်အအုံတစ်ခုအား ၂ဝ၂၃ ခုနှစ် ဩဂုတ်လနှောင်းပိုင်းကတွေ့ရစဉ်။ (Photo:Citizen Journalist)

လက်ခတ်တောင် ဘုရားကုန်းပေါ်မှာ စစ်တပ်က ဘုရားစေတီပုထိုးတွေကို အကာအကွယ်ယူပြီး ခံတပ်ပုံစံ တည်ဆောက်ထားသလို ယတြာသဘောဆောင်တဲ့ ရုပ်တုတွေတည်ဆောက်ထားတာတွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယအတွင်း၀န် ဦးမောင်မောင်ဆွေ က ‌‌ပြောပါတယ်‌။

“ဘုရားကုန်းမှာ ရုပ်ထုအမျိုးမျိုးတွေနဲ့ ယတြာချေထားတာတွေ၊ စေတီပုထိုးကို ခံတပ်ပုံစံတည်ထားတာတွေ၊ ပြီးတော့ ဗုဒ္ဓဆင်းတုတော်တွေကို ပုံစံအမျိုးမျိုးနဲ့ အဂါရဝဖြစ်အောင်လုပ်ထားတာတွေကလေ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်ရှက်စရာကောင်းတဲ့လုပ်ရပ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ ဘာသာ သာသနာကို သူတို့ ယတြာချေဖို့၊ သူတို့ အကျိုးစီးပွားအတွက်ကို အသုံးချဖို့ ဗုဒ္ဓဘာသာဝင်တွေကို လိမ်လည်လှည့်ဖျားပြီးတော့ သူတို့ပဲ သာသနာပြုမင်းသယောင် ထင်အောင်လို့ဆိုပြီးတော့ လိမ်လည်ပြီးတော့ အသုံးချနေတာတွေကို ကျွန်တော်တို့ ဝမ်းနည်းစွာ တွေ့ရှိရတယ်။အဲ့ဒီလို လုပ်တယ်ဆိုတာကလည်း ဒီလက်ခတ်တောင်မှာတွေ့တဲ့ ဆင်းတုတော်တွေ၊ ရုပ်ထုတွေကနေ သက်သေပြနေတယ်"

မြ၀တီမြို့ နယ်အတွင်း KNLA ပူးပေါင်းတပ်တွေက စစ်တပ်နဲ့ ဌာနဆိုင်ရာနေရာတွေ တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းဆက်သွယ်မေးမြန်းတာမှာ ဖုန်းပြန်လည်မဖြေဆိုပါဘူး။

myawaddy-hospital.jpg
မြဝတီခရိုင်ရဲစခန်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူများအား ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံ၌ ဆေးကုသနေသည်ကို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

လက်ရှိ ကရင်ပြည်နယ် KNU တပ်မဟာ၆ နယ်မြေ အတွင်း စက်တင်ဘာလ ၁ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်အထိ မြ၀တီ၊ ဝေါလေ၊ ဥကရိထ၊ ထီးကလယ်ပယ်၊ သင်္ကန်းညီနောင်၊ ကော့ကရိတ်၊ တောင်ကြာအင်း၊ လှိုင်ကွယ် ဒေသတွေက စစ်တပ်စခန်းနဲ့ စစ်တပ်စစ်ကြောင်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျား တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်စစ်ကြောင်းတွေက ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။