ဒရုန်းတိုက်ခိုက်မှုတွေ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုဖြစ်လာ
2024.01.03

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တော်လှန်မှုတွေဟာ တစ်စတစ်စ ပိုများခဲ့ရာကနေ နည်းပညာအသုံးပြု တိုက်ခိုက်မှုတွေဟာ အရေးပါလာတာဖြစ်ပါတယ်။
ဒီအထဲမှာ မောင်းသူမဲ့လေယာဉ်ခေါ် ဒရုန်းတွေအသုံးပြု တိုက်ခိုက်တာတွေဟာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေအထိ ခြိမ်းခြောက်နိုင်လာပါတယ်။
ဒရုန်းကို ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်တဲ့အထိ ဖော်ဆောင်နေတယ်လို့ Mandalay PDF အဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုစိုးသူရဇော် က ပြောပါတယ်။
"လက်နက်ခဲယမ်းထုတ်နိုင်ဖို့ လက်နက်ကြီးထုတ်နိုင်ဖို့ လေယာဉ်ဆိုတာ ဝေးလာဝေး၊ ထုတ်နိုင်ဖို့ ကျွန်တော်တို့မှာ ပိုက်ဆံလည်းမရှိဘူး၊ ကျွန်တော်တို့ နည်းပညာလည်း မရှိဘူး၊ ဘယ်နိုင်ငံတကာရဲ့ အကူအညီမှလည်း မရဘူး၊ အဲတော့ ကျွန်တော်တို့သည် ကျွန်တော်တို့မှာရှိတဲ့ နည်းပညာအပေါ်မှာ အခြေခံပြီးတော့ ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ကြိုးစားကြခြင်းဖြစ်တယ်၊ အဲလို ကြိုးစားကြတဲ့အခါမှာ ဒရုန်းကိုအသုံးပြုပြီးတော့မှ ဗျူဟာမြောက် စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်"
ဒီလိုနည်းပညာအသုံးပြုပြီး တိုက်ခိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တာဝန်ခံ ကိုမုန်တိုင်းက ပြောပါတယ်။
"ငါတို့က ဉာဏ်ပညာကိုအခြေခံတဲ့ တော်လှန်ရေးတစ်ခုတော့ ဆင်နွှဲရမယ်၊ အဲတော့ လက်နက်ကိုင်တော်လှန်ရေးလို့ဆိုပေမဲ့ ကျွန်တော်တို့က ဉာဏ်ပညာကိုအခြေခံတဲ့ တော်လှန်ရေးကိုပဲလုပ်ပါတယ်၊ လုပ်တော့ ဒရုန်းဆိုတဲ့ဟာမျိုးကအစ ဒရုန်းမှမဟုတ်ဘူး အခြားနည်းပညာကို အသုံးပြုပြီးတော့ ရန်သူကို ဘယ်လိုချေမှုန်းလို့ရမလဲဆိုတဲ့ဟာမျိုး ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေတာ ရှိပါတယ်။"
အခုဆိုရင် မီတာလေးထောင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဒီလိုတိုက်ခိုက်နိုင်တာကြောင့် စစ်ကောင်စီဘက်မှာ ဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်မှုရှိတယ်လို့ Mandalay PDF အဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုစိုးသူရဇော်က ပြောပါတယ်။
"ဒရုန်းတပ်ဖွဲ့ ပျံသန်းလာပြီ ဒရုန်းက စစ်ဆင်ရေးဝင်ပြီ၊ ဒရုန်းနဲ့ ဗုံးကြဲပြီဆိုရင် ရန်သူဘက်ကနေပြီးတော့မှ ဖွဲ့စည်းပုံပျက်တဲ့အထိ သူတို့အနေနဲ့ ဒုက္ခရောက်တယ်၊ တကယ်စစ်မြေပြင်မှာလည်း ဒရုန်းစစ်ဆင်ရေးကြောင့်မို့လို့ ဒရုန်းဗုံးသီးတွေကြောင့်မို့လို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကြောင့်မိုလို့ ရန်သူဘက်က ထိခိုက်ကျဆုံးမှုတွေ အမြောက်အများရှိတယ်ဆိုတဲ့ကိစ္စကို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ သူတို့ရဲ့ထွက်ဆိုချက်တွေအရ သိရပါတယ်၊"
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့အတူ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေပြီး ဒရုန်းရာဂဏန်းလောက် အသုံးပြုပြီး တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေရှိတယ်လို့ ဆိုပါတယ်။
ဒီလို ဒရုန်းအသုံးပြုတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်မှာ အထိနာပြီး ဒီတိုက်ခိုက်မှုတွေမှာ ပြည်ပက ဒရုန်းပညာရှင်တွေလည်း ပါဝင်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့စစ်ကောင်စီ အစည်းအဝေးမှာ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပဒရုန်းပညာရှင်တွေနဲ့ ပတ်သက်လို့ တိတိကျကျ ထည့်မပြောသွားပါဘူး။
ကိုစိုးသူရဇော်ကတော့ ဘယ်နိုင်ငံရဲ့အကူအညီမှ မရခဲ့ဘူးလို့ ပြောပါတယ်။
"ဒရုန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ ဘယ်နိုင်ငံခြားပညာရှင်ရဲ့အကူအညီမှ မရရှိခဲ့ပါဘူး၊ အားလုံးဟာ ကျွန်တော်တို့ Generation Z လူငယ်တွေရဲ့ တီထွင်ကြံဆမှုတွေနဲ့ပဲ ဒီ ဒရုန်းနည်းပညာတွေဟာ တိုးတက်အောင်မြင်လာတာဖြစ်ပါတယ်၊"
တိုက်ပွဲတွေမှာ နောက်ကနေ ဒရုန်းနဲ့တိုက်ခိုက်တယ်ဆိုပေမဲ့ အချိန်မရွေး စစ်ကောင်စီဘက်က ရောက်လာနိုင်တာ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နိုင်တာကြောင့်လည်း ဒရုန်းတပ်ဖွဲ့ဝင်တွေမှာ အန္တရာယ်ရှိပါတယ်။
မန္တလေး ပြည်သူ့ကာကွယ်တပ်ဖွဲ့ (MDY-PDF) ဟာ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်နေသလို နည်းပညာပိုင်းဆိုင်ရာ မျှဝေပေးတာ၊ သင်တန်းပေးတာတွေကို ၂၀၂၂ ခုနှစ်ကနေ အခုအချိန်ထိ လုပ်နေပါတယ်။
အခုအချိန်ဟာ နည်းပညာနဲ့ တိုက်ခိုက်ရတဲ့ ခေတ်ရောက်နေပြီလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
"အရင်ကတော့ သမရိုးကျ တိုက်ပွဲဝင်တာပေါ့၊ သူရဲ့ခေတ်အရ ဖြစ်လာတဲ့ဟာလို့ ပြောလို့ရတာပေါ့၊ အရင်တုန်းက ကျွန်တော်တို့ဘက်ဆိုရင် တော်လှန်ရေး စတဲ့အချိန်တုန်းက လက်လုပ်သေနတ်ကစခဲ့ရတာပေါ့ တဖြည်းဖြည်းနဲ့ကျမှ တစ်လုံးထိုး မောင်းပြန်ရိုင်ဖယ်အဆင့်တို့ဘာတို့ ပြန်ဖြစ်လာတာပေါ့ အခုလည်း ဒရုန်းခေတ်ရောက်သွားပြီလို့ ပြောလို့ရတာပေါ့၊ ဒါကတော့ ခေတ်နဲ့အညီ စနစ်နဲ့အညီ သွားရတဲ့အပိုင်းတွေရှိတယ်၊ ဒီနည်းပညာနဲ့ တိုက်ခိုက်ရတဲ့ ခေတ်ရောက်ပြီလို့ ပြောလို့ရတာပေါ့"
စစ်ကောင်စီကို မြန်မာပြည်တောင်ပိုင်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဒရုန်းတပ်တွေကလည်း စစ်ကောင်စီတပ်စခန်းတွေ၊ ရုံးတွေကို တိုက်ခိုက်နေသလို့ အခြားဒေသတွေမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီကို ဒရုန်းအသုံးပြု တိုက်ခိုက်နေပါတယ်။
လက်နက်ကိုင်ခုခံတော်လှန်နေသူတွေဘက်က မောင်းသူမဲ့ယာဉ် ဒရုန်းအသုံးပြု တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်တွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရုတ်နိုင်ငံမှာ ကျင်းပတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံမှာ ပြောဆိုခဲ့ဖူးပါတယ်။ ဒရုန်းတွေကို ထိန်းချုပ်ဖို့ ဒေသတွင်းဖြစ်စေ၊ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဖြစ်စေ မဖြစ်မနေ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုနေပြီလို့လည်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အခုချိန်မှာ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေဟာ စစ်ကောင်စီအတွက် ထိုးနှက်ချက်ဖြစ်နေသလို စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေအသုံးပြုပြီး တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ ရေးသားဖော်ပြနေကြပါတယ်။