"ဝ" ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မလား

၂၀၂၀ ရွေးကောက်ပွဲမှာ " ဝ " ပြည်နယ်ထဲက မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနဲ့ နားဖန်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်က "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ သွားရောက်ခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

UWSP က ရွေးကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားပေးခဲ့တယ်လို့ UWSP ရဲ့ လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက RFA ကို ပြောပါတယ်။

"ခြောက်မြို့နယ်မှာ နှစ်မြို့နယ်က အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်တဲ့ လေးမြို့နယ်က ကျွန်တော်တို့ UWSA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်။ အဲဒါကြောင့်မို့လိုပါ။ အဲဒီမှာတွေကျင်းပနိုင်ဖို့ ကျွန်တော်တို့ ဌာနချုပ်ကလည်းပဲ အဲဒီဟာတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားကို ပေးခဲ့တယ်လို့ ကျွန်တော်အဲလိုပဲ နားလည်ရ ပါတယ်။"

ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။

ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို RFA က ဒီနေ့ဆက်သွယ်ရာမှာ တစ်စုံတစ်ရာပြောကြားဖို့ မရှိဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ဆောင်ရွက်နေတယ်လို့ ပြောထားဖူးပါတယ်။ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာကျင်းပဖို့ရှိတယ်လို့ အများအပြားက ယူဆထားကြပါတယ်။

ဝဒေသမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင် ဝတိုင်းရင်းသားပါတီအပြင် ရှမ်းပြည်နယ်အတွင်းက တခြား ပါတီတွေနဲ့ ပြည်မပါတီတွေ လွတ်လွတ်လပ်လပ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရ မရဆိုတာကတော့ UWSP ဗဟိုဌာနချုပ်ရဲ့ သဘောထားပေါ် မူတည်နေပါတယ်။

UWSP က ခေါင်းဆောင်ပိုင်းတွေအနေနဲ့ တပါတီတည်းက ကြီးစိုးတဲ့စနစ်ကိုမလုပ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ဘယ်တိုင်းရင်းသားပါတီကိုမဆိုလက်ခံပြီး တံခါးဖွင့်ဝါဒကို ကျင့်သုံးဖို့လိုတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

UWSP ရဲ့ ထိန်းချုပ်မှုအောက်က နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆွေးနွေးကြတာကို ဝမ်းသာတယ်လို့ " ဝ " ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီနပ် ကပြော ပါတယ်။

"လေးမြို့နယ်မှာ ရွေးကောက်ပွဲ ထပ်ပြီးတော့ ကျင်းပနိုင်မယ်ဆိုရင်တော့ ကျွန်တော် ဝမ်းမြောက်ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားနည်းနေတယ်လေ။ အခုဒီမှာ မလုပ်တဲ့ဒေသကြတော့ သူ့အသံကိုလည်း ကျွန်တော်တို့ သွားနားထောင်လို့ မရဘူးလေ။"

ဦးညီနပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ " ဝ " အမျိုးသားစည်းလုံးညီညွတ်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူပါ။ အခုတော့ ပါတီကထွက်ပြီး တသီးပုဂ္ဂလအဖြစ် ရပ်တည်နေပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရှိမယ်ဆိုရင် ပြည်သူတွေရဲ့ လိုလားချက်တွေကို လွှတ်တော်ကတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြနိုင်ခွင့်ရှိလို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရတာကြောင့် လွှတ်တော်ကိုယ်စားလှယ် ရှိတဲ့နေရာနဲ့ မရှိတဲ့နေရာက ကွာခြားချက်တွေရှိတယ်လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်က စတင်လုပ်ဆောင်လာတဲ့ ဒီ လေးမြို့နယ်ထဲမှာ လက်ရှိအချိန် ထိတော့ UWSP သာရှိတာပါ။

၂၀၂၀ ရွေးကောက်ပွဲအမှီ ဝအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ဝ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းပြီး ဝအမျိုးသားပါတီ ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေတာတော့ ရှိပါတယ်။

UWSA က လုံခြုံရေးပေးမယ်ဆိုတဲ့ ကတိကဝတ်ရမှ အဲဒီနယ်မြေမှာ ရွေးကောက်ပွဲကကျင်းပဖြစ်မှာလို့ လွှတ်တော်လုပ်ငန်းစဉ်တွေကို စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် က ဦးအေးကျော် ကပြောပါတယ်။

"အဲဒီနေရာတွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းက လုံခြုံရေးယူပေးမှပေါ့နော်။ အဲဒါကလည်း ဝတွေပေါ်မှာလည်း မူတည်တာပေါ့။ သူတို့ဒေသမှာ ရွေးကောက်ပွဲ လုပ်စေချင်တယ်ဆိုရင် ကျွန်တော်တို့ လုံခြုံရေးယူပါတယ်ဆိုရင် ဖြစ်တာပေါ့နော်။ သူတို့က လုံခြုံရေးမယူပေးရင် ရွေးကောက်ပွဲ မလုပ် စေချင်ရင်တော့ ၂၀၂၀ မှာလည်း ဖြစ်မှာမဟုတ်ဘူး။ နောက်လည်း ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။"

၂၇ ရက်နေ့က ပန်ခမ်းမြို့က နှစ်ဖက်တွေ့ဆုံပွဲကို UWSP ဘက်က ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျံ ၊ ဒုစစ်သေနာပတိချုပ် ဦးကျောက်ကျုံးတန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ၊ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း တို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒု ဥက္ကဌ က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဝ ဒေသကို လာရောက်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ကြောင်း ဝပြည်နယ်သတင်း UWST က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြို့နယ် ခြောက်ခုရှိပါတယ်။ အဲဒီထဲက ပြည်ထောင်စုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မက်မန်းနဲ့ ဟိုပန်မြို့နယ်တွေမှာတော့ ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပခဲ့ပါတယ်။

အရင်ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင်လည်း ဝ ပါတီတွေ သာ ယှဉ်ပြိုင်နိုင်ခွင့်ရှိလိမ့်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။