ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်သေးကြောင်း တိုင်းရင်းသားအဖွဲ့တွေ ပြော
2025.01.10

စစ်ခေါင်းဆောင်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ အပြန်အလှန် တရားဝင် ကြေညာထားကြပေမဲ့ ထိရောက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မလာသေးလို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားရင် ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ နိုဝင်ဝင်ဘာ တရုတ်နိုင်ငံ ကူမင်းမြို့ ခရီးစဥ်မှာ စပြီးပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သူ့ရဲ့မိန့်ခွန်းတွေ၊ သဝဏ်လွှာတွေမှာလည်း မကြာခဏဆိုသလို ငြိမ်းချမ်းရေးဆွေးဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။
“တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သိသာထင်ရှားတဲ့ရလဒ် ထွက်မလာခဲ့ပါဘူး”
အဲဒီနောက် မြောက်ပိုင်းညီနောင် သုံးဖွဲ့ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တရုတ်ရဲ့ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ရပ်မယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့သလို ကိုးကန့်တပ်မတော် (MNDAA) ကလည်း အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း MNDAA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ၂၀၂၄ ဒီဇင်ဘာ ၁၅ နဲ့ ၁၆ ရက်နေ့တွေက တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သိသာထင်ရှားတဲ့ရလဒ် ထွက်မလာခဲ့ပါဘူး။
အဲဒီအပြင် အာရက္ခတပ်တော် (AA) ကလည်း အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
TNLA အဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ကူမင်းမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ ဇန်နဝါရီလဆန်းပိုင်းအထိ ဆွေးနွေးပွဲ မရှိသေးဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
“ဒီတွေ့ဆုံဆွေးနွေးမှုကလည်း နှစ်ဖက်က သဘောထားတွေ ထုတ်ပြန်ပေမဲ့ လက်တွေ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးကတော့ မရှိသေးပါဘူး”
ဘာကြောင့် တွေ့ဆုံဆွေးနွေးဖို့ ခက်နေတယ်ဆိုတာကို ပြောလို့မရပေမဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခင် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း လွေးယေဦးက ပြောပါတယ်။
အပစ်အခတ် ရပ်စဲဖို့အတွက် စစ်ကောင်စီအနေနဲ့ လေကြောင်းကနေ ဗုံးကြဲတာ မလုပ်ဖို့နဲ့ မတရားအသင်းအဖြစ် ကြေညာထားတာကို ပယ်ဖယ်ဖျက်ပေးဖို့ TNLA ဘက်က ကြိုတင်တောင်းဆိုထားပါတယ်။
စစ်ခေါင်းဆောင်ဘက်ကတော့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် လက်နက်ကိုင်လမ်းစဥ်ကိုစွန့်ဖို့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ထပ်မံ ထည့်သွင်းပြောကြားထားပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ စစ်ကောင်စီအပေါ် တိုင်းရင်းသားတွေဘက်က အယုံအကြည်မရှိကြပါဘူး”
လက်နက်ကိုင် တောင်းဆိုနေတာတွေကို လိုက်လျောဖြေရှင်းပေးမှာ မဟုတ်တဲ့အကြောင်း၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ သဘောထား ကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်နေပေမဲ့ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ဟာ ကတိကဝတ်တွေကို မလိုက်နာဘဲ ချိုးဖောက်နေတာ တွေ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ဒီလိုပြောဆိုချက်တွေဟာ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“လက်နက်စွန့်ပြီး ပါတီထောင်ဖို့ဆိုတဲ့ အဲဒီလိုနည်းနဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စစ်တပ်က လက်နက်နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ရုပ်သိမ်းထားတဲ့ အနေအထားအောက်မှာ ကျွန်တော်တို့က လက်နက်စွန့်ပြီးတော့ လမ်းကြောင်းထဲ ဝင်ရမယ် ဆိုတဲ့ဟာမျိုးကတော့ လက်နက်ကိုင် အင်အားစုတွေဘက်က ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ တစ်လျှောက်လုံး ဒီအတိုင်းပဲ ရပ်တည်ခဲ့တာပဲ”
MNDAA နဲ့ TNLA ဘက်က အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ ထုတ်ပြန်ပြီးနောက်ပိုင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ သိမ်းထားတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နှစ်လနီးပါးရပ်တာ တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က MNDAA သိမ်းပိုက်ထားတဲ့ သိန္နီမြို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို ဇန်နဝါရီ ၈ ရက်နေ့မှာ ဗုံးကြဲခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကိုတော့ နေ့စဥ်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။
ဆက်နွှယ်သောသတင်းများ
တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲကြိုဆိုနေကြောင်း စစ်ခေါင်းဆောင်ပြော
အပစ်ရပ်ဖို့ တရုတ်နဲ့ ဆွေးနွေးမှုတွေရှိပေမဲ့ ကချင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
၂၀၂၅ မှာ မြန်မာ့အရေး အပြောင်းအလဲဖြစ်ဖို့ တော်လှန်ရေးအင်အားစုတွေ မျှော်လင့်နေ
ဒီလိုလုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ စစ်ကောင်စီအပေါ် တိုင်းရင်းသားတွေဘက်က အယုံအကြည်မရှိတာလို့ CDM အရာရှိ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
“အပစ်ရပ်ပြီးရင် စစ်ကောင်စီဘက်က စစ်ပြင်ဆင်မှုတွေ တပ်အရွှေ့အပြောင်းမှုတွေပေါ့နော်။ ဒါမျိုးတွေကိုခိုးပြီး လုပ်တတ်တဲ့အကျင့် ရှိတာကို တိုင်းရင်းသား တပ်ဖွဲ့တွေဘက်က သိတယ်ဗျ။ တိုင်းရင်းသားတွေဘက်ကတော့ ရိုးသားပါတယ်။ ကျွန်တော်လည်း စစ်တပ်ထဲမှာ အပစ်ရပ်တို့ တွေ့ဆုံဆွေးနွေးမှုတို့ဆိုရင် တပ်အရွှေ့အပြောင်းတွေပြီးရင် ရိက္ခာပုံတာတွေ လက်နက်ခဲယမ်းစုပုံတာတွေကို အများကြီး ခံစားလာရတဲ့ အနေအထားမျိုးဆိုတော့ ဒါနှစ်ဖက်တင်းမာလာတဲ့ အနေအထားမျိုးလို့ ပြောရမှာပါဗျ”
စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အထဲမှာ NUG နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တာကိုတော့ မတွေ့ရပါဘူး။ ဒါကြောင့် ဒီတွေ့ဆုံဆွေးနွေးရေးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ပြောခွင့်ရသူ ရဲဘော် နီနီကျော်က ပြောပါတယ်။
“ဒီတိုင်းရင်းသားဒေသ အဖွဲ့အစည်းတွေကိုပဲသူက ခေါ်တယ်။ PDF တို့ ကျန်တဲ့အဖွဲ့အစည်းတွေပေါ့နော်။ ချန်ထားတယ်ဆိုတာက သူ့မရိုးသားမှုကို ပြတာပဲပေါ့နော်။ AA နဲ့တိုက်တာလည်း ခွက်ခွက်လန်အောင် ရှုံးတယ်ပေါ့နော်။ ကျန်တဲ့ဒေသတွေလည်း သူတို့ လက်လွှတ်လိုက်ရတယ်။ တိုင်းရင်းသားဒေသတွေမှာ အခြေအနေ မကောင်းတော့ သူတို့ အဲဒီဘက်တွေကို အပစ်ခတ်ရပ်မယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီးတော့ ပြည်မဘက်က အဖွဲ့တွေကို ဝင်မကူအောင် ကန့်မှာပေါ့နော်။ ကန့်ပြီးတော့ ပြည်မကို အုပ်ချုပ်နိုင်အောင်လို့ သွေးခွဲပြီးတော့ ငြိမ်းချမ်းရေးစကား ခေါ်တာပေါ့နော်။ သူသာ တိုင်းပြည်အပေါ် စေတနာရှိတယ်ဆိုရင် အကုန်ခေါ်ရမှာပေါ့နော်”
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မလာသေးတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
၂၀၂၃ အောက်တိုဘာမှာစတင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ကြားဝင်မှုကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဟိုင်ဂင် သဘောတူညီချက်အရ ပထမပိုင်း အပစ်ရပ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က မြောက်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေတွေကို မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့ဘက်က ထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလမှာ ပြုလုပ်တဲ့ ငါးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲလည်း ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဇွန်လကုန်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းပြန်စခဲ့ပြီး လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့သလို မိုးကုတ်၊ နောင်ချို၊ သီပေါ အပါအဝင် မြို့ငါးမြို့ကို TNLA က သိမ်းပိုက်ခဲ့ပါတယ်။